
ဖြည်းဖြည်းမှန်မှန် နိုင်ပွဲဆက်နေတာက Arsenal ဖြစ်၏။ ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားသွားသည့် EPL Round 37 ပွဲစဉ်မှာ Burnley အသင်းကို ၁-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပထမပိုင်း ၃၇ မိနစ်မှာ Havertz က သွင်းယူပေးသွားခဲ့ခြင်း ဖြစ်၏။ ယခု နိုင်ပွဲကြောင့် ၃၇ ပွဲ ကစားပြီး ၈၂ မှတ် ရရှိထား၏။ အဆင့် ၂ က City ကို ၁ ပွဲအသာဖြင့် ၅ မှတ် ဖြတ်ထား၏။ City က ၃၆ ပွဲ ကစားပြီး ၇၇ မှတ် ရရှိထား၏။
နက်ဖြန် မနက် ၁ နာရီမှာ Bournemouth vs Man City တို့ ကစားမည် ဖြစ်၏။ အဆိုပါ ပွဲစဉ် သရေရလဒ် ထွက်ပေါ် ခဲ့မယ်ဆိုရင် Arsenal တို့ ချန်ပီယံ ဖြစ်ပြီ။ City အနေဖြင့် မဖြစ်မနေကို အနိုင်ကစားဖို့ လိုမည် ဖြစ်၏။ လောလောဆယ် ၁၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ရရှိထားသည့် အိမ်ရှင်အသင်းကို City တို့ အနိုင်ကစားနိုင်ပါ့မလားက စိုးရိမ်စရာပင်။ ဒီပွဲသာ မနိုင်ရင် ချန်ပီယံ မျှော်လင့်ချက် ပြီးဆုံးသွားမှာမို့ City တို့ အစွမ်းကုန် ကြိုးစားဖို့ လိုမည် ဖြစ်၏။
Bournemouth အနေဖြင့် အဆိုပါ ၁၆ ပွဲထဲမှာ Liverpool နဲ့ ၃-၂၊ Man United နဲ့ ၂-၂၊ Arsenal ကို ၁-၂ ဖြင့် နိုင်၊ သရေ၊ နိုင် ကစားထားနိုင်ခဲ့၏။ အသင်းကြီးတွေကို ကောင်းကောင်းကြီး ဒုက္ခ ပေးထားနိုင်သည်ဟု ပြောလို့ရ၏။ လက်ရှိမှာ ၃၆ ပွဲ ကစားထားပြီး ၅၅ မှတ်ဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်နေ၏။ လာမယ့် ရာသီ Europa League ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားပြီ ဖြစ်၏။ ယခု ပွဲစဉ်ကိုသာ အနိုင်ကစားထားနိုင်မယ် ဆိုရင် Liverpool ၏ UCL ဝင်ခွင့်ကို ချိန်းခြောက်နိုင်မှာမို့ Bournemouth တို့ ရေကုန် ရေခန်း ကစားသွားဖို့ ရှိနေ၏။

Bournemouth vs Man City ပွဲလိုပဲ စိတ်လှုပ်ရှားဖို့ ကောင်းသည့် နောက်ထပ် ပွဲစဉ် ၁ ပွဲ ရှိနေခဲ့၏။ Chelsea vs Tottenham ပွဲစဉ် ဖြစ်၏။ Chelsea အတွက် လက်ကျန် ပွဲစဉ်တွေက ဘာမှ ထူးခြားမှု မရှိတော့ပေမဲ့ Tottenham အတွက်ကတော့ ပွဲစဉ်တိုင်းက ဗိုလ်လုပွဲတွေအလား ကစားသွားရဖို့ ရှိနေ၏။ ယခုပွဲစဉ်ကို သရေကစားနိုင်ရုံဖြင့် EPL မှာ တင်ကျန်ခွင့်ရမည် ဖြစ်၏။ ရှုံးလို့တော့ မရပေ။
Chelsea အနေဖြင့် အမှတ် မလိုဘူး ဆိုပေမဲ့ EPL မှာ ရှုံးပွဲဆက်နေမှုကို ရုတ်တရက်ကြီး ချေဖျက် ပြချင်လာရင်တော့ မပြောတတ်ပေ။ ပြီးခဲ့သော စနေနေ့ FA Cup ဗိုလ်လုပွဲမှာလည်း City ကို ရှုံးနိမ့်သွားခဲ့ရသေးသည် မဟုတ်လား။ မထူးတော့ပါဘူးလေ လန်ဒန်သား အချင်းချင်းပဲဟု တွေးပြီး သရေပဲ ကစားခဲ့မယ်ဆိုရင် နောက် လန်ဒန် တသင်း ဖြစ်သည့် West Ham တို့ တန်းဆင်းရမည် ဖြစ်၏။ နက်ဖြန်ပွဲစဉ်တွေက ချန်ပီယံနှင့် တန်းဆင်းရမယ့်အသင်းတွေ အဖြေထွက်ပေါ်လာနိုင်၏။ ထိုသို့ မဟုတ်ခဲ့ရင်တော့ နောက်ဆုံးပွဲစဉ်တွေအထိ အဆုံးအဖြတ် ရယူသွားဖို့ ရှိနေ၏။
(photos from Premier League Page)