
ဒီနေ့ မနက် ၁ နာရီခွဲမှာ EPL Round 36 ပွဲစဉ် ၁ ပွဲ ဖြစ်သည့် Tottenham vs Leeds တို့၏ ပွဲစဉ် ကစားသွားခဲ့၏။ တန်းဆင်းဇုန် ဖိအားကြောင့် Tottenham တို့ ပွဲ စကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားခဲ့၏။ ပထမပိုင်းမှာ ဘယ်အသင်းမှ ဂိုးမသွင်း နိုင်ဘဲ ဂိုးမရှိ သရေဖြင့် ပြီးသွားခဲ့၏။ ဒုတိယပိုင်း မိနစ် ၅၀ မှာမှ Tottenham တို့ ဦးဆောင်ဂိုး ရခဲ့၏။ Tottenham ၏ ဦးဆောင်ဂိုးကို ၇၄ မိနစ်မှာ ပင်နယ်တီမှ တဆင့် Leeds တို့ ချေပသွားခဲ့၏။ ပွဲချိန်ပြည့်သည်အထိ ဘယ်သူမှ ဂိုး ထပ်မသွင်းနိုင်သဖြင့် ၁-၁ သရေကျသွားခဲ့လေ၏။
West Ham ၏ ရှုံးနိမ့်မှု အပေါ် Tottenham တို့ အခွင့်အရေး မယူနိုင်ခဲ့ပေ။ သရေထက် အနိုင်ရလဒ်သာ ရယူနိုင်ခဲ့မယ် ဆိုရင် West Ham ကို အမှတ်ဖြတ်ထားနိုင်မည် ဖြစ်၏။ လက်ကျန် ၂ ပွဲ အခြေအနေကို စောင့်ကြည့်သွားရတော့မည် ဖြစ်၏။ Tottenham က ၃၈ မှတ်၊ West Ham က ၃၆ မှတ် ဖြစ်၏။ ၂ မှတ်သာ ကွာသည်မို့ ၂ သင်းလုံး အမှားခံလို့ မရပေ။

ချန်ပီယံ တိုက်ပွဲက ပြင်းထန်သလို တန်းမဆင်းရရေး ယှဉ်ပြိုင်မှုကလည်း အရှိန်အဟုန်နဲ့ပင်။ နောက်ဆုံး ပွဲစဉ်တွေအထိ ဆွဲခေါ်သွားဖို့ ရှိနေ၏။ Tottenham အနေဖြင့် လက်ကျန် ပွဲစဉ်တွေမှာ Chelsea နဲ့ အဝေးကွင်း၊ Everton နဲ့ အိမ်ကွင်းတို့မှာ ကစားသွားရဖို့ ရှိနေ၏။ West Ham အနေဖြင့်လည်း New Castle နဲ့ အဝေးကွင်း၊ Leeds နဲ့ အိမ်ကွင်းတို့မှာ ကစားသွားရဖို့ ရှိနေ၏။
လက်ကျန် ပွဲစဉ်တွေက ၂ သင်းလုံးအတွက် မလွယ်ကူလှပေ။ အမှတ်မလိုသည့် အသင်းတွေနဲ့ ဆိုပေမဲ့ ဘယ်အသင်းကမှ လျော့ကန်သွားမယ့် အနေအထားမရှိပေ။ EPL မှာ ဘယ်သူ ကျန်ပြီး EFL ကို ဘယ်သူ ဆင်းသွားရမလဲက ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းလှ၏။ ဘယ်အသင်းပဲ ဆင်းဆင်း လန်ဒန် ဂုဏ်ဆောင် အသင်းတွေမို့ နှမြောဖို့တော့ ကောင်း၏။ ဒီဘက်နှစ် အပိုင်းအခြားတွေထဲ Tottenham ဆို 2024/25 မှာ Europa League, West Ham ဆို 2022/23 မှာ Conference League ချန်ပီယံတွေ ဖြစ်ထားခဲ့၏။
ဘာပဲပြောပြော ဒီ ၂ သင်းထဲက ၁ သင်းကတော့ တန်းဆင်းရပေတော့မည်။ Nottm Forest အနေဖြင့် West Ham နဲ့ ၇ မှတ်ကွာ အနေအထားမို့ တန်းဆင်းဇုန် တိုက်ပွဲမှာ မပါတော့ပေ။ Nottm Forest တို့က ရာသီ မသိမ်းခင် အစောပိုင်း ပွဲစဉ်တွေမှာ ကတည်းက ရသင့်ရထိုက်သည့် အမှတ်တွေကို ရယူထားနိုင်သဖြင့် ပူပန်နေစရာ မလိုတော့ပေ။ ချန်ပီယံ ဘယ်သူလဲ အဖြေမထွက်သေးသလို တန်းဆင်းရမှာ ဘယ်သူလဲကလည်း အဖြေ ထွက်မလာသေးပေ။
_(photos from Premier League Page)