
မမျှော်လင့်သောသူတစ်ယောက်
ဥပုသ်နေ့ရောက်လာသည်။ ကျွန်တော်က မနက်ခင်းကတည်းက စောစောထပြီး ယနေ့အစည်းအဝေးတွင် ပြောရမည့်စကား၊ လုပ်ရမည့် လုပ်ငန်းစဉ်များကို ရေးဆွဲနေမိသည်။ ထို့နောက် ကျောင်းကို စောစောထွက်ခဲ့ပြီး ရုံးခန်းထဲတွင် ကျောင်း၏ အနေအထား၊ ဝန်ထမ်းများအကြောင်း၊ ကျောင်းသမိုင်း၊ စာရင်းအင်းများကို ကြိုပြီး လေ့လာနေမိသည်။ ဘုန်းကြီးကျောင်း အစည်းအဝေးက နေ့လယ် ၁ နာရီမှဖြစ်သည်။ နေ့လယ် ၁၁ နာရီခန့် တွင် ထမင်းစားရန် ပဲ့ထောင်ဂိတ်ကို ဆင်းလာမိသည်။
“ဆရာကြီး”
ခြံထဲက ကောင်မလေးတစ်ယောက်ပြေးထွက်လာပြီး ကျွန်တော့်ရှေ့ ပိတ်ရပ်လိုက်သည်။
“သမီး ဘာလဲ။ ဘာကိစ္စလဲ။ ကျောင်းသူလား”
“သမီးက တွဲဖက်တက်မှာဆရာကြီးရဲ့။ မမက ဆရာကြီးကို အိမ်ထဲကြွပါဦးတဲ့”
ကျွန်တော့်ကို ထွက်ခေါ်သောအိမ်မှာ အိမ်ဆိုင်ကြီးတစ်ဆိုင်ဖြစ်သည်။ ပစ္စည်းတွေ တိုးလိုးတွဲလောင်း ချိတ်ထား သည်။ ကျွန်တော်ကလည်း ဘာမှန်းညာမှန်းမသိ ကလေးနောက်က လိုက်ခဲ့သည်။
“ဆရာ … ကြွပါရှင် … အိမ်ဦးခန်းကို ကြွပါ”
“ရပါတယ်ဗျာ … ဘာကိစ္စပါလိမ့် … ကျွန်တော် ဒီခုံမှာပဲထိုင်ပါ့မယ်။ ပြောပါ”
“အို မဟုတ်တာ လာပါဆရာရဲ့”
အမျိုးသမီးက အသက် ၃၀ ကျော်လောက်တော့ရှိမည်။ အသားကဖြူဖြူ၊ ဆံပင်ကရှည်ရှည်ကို ဆံထုံးကြီးထုံး ထားသည်။ ရှေးဆန်ဆန်အလှတစ်မျိုးဖြစ်ပြီး ဤသို့သော ရွာတွင် ရှိမည်ဟု မထင်မှတ်ရသည့် လှပသော အလှပိုင်ရှင်တစ်ဦးဟု ဆိုရမည်။

“အဟမ်း … ဆရာကြည့်လှချည်လား … လူကို အနေခက်အောင်”
“သြော် … အင်း … ဟိုဒင်းလေ … ဆောရီးဗျာ”
“ဟင်း … ဟင်း … ညီမလေးကပြောတယ် … ကျောင်းမှာ တွဲဖက်သင်မယ့်ဆရာကြီးရောက်လာပြီဆိုလို့ နှုတ်ခမ်းမွှေးကြီးနဲ့ အသက်ကြီးကြီးထင်နေတာ … ခုတော့”
“ခုတော့ … ထင်ထားတာထက်တောင် အသက်ကြီးနေတဲ့ အဘိုးကြီးတစ်ယောက်ကို တွေ့နေရတယ်ပေါ့”
“ဆရာကတော့လေ … ပြောတော့မယ်”
“အကြောင်းကိစ္စများရှိသလားဗျာ။ ကျွန်တော် ပဲ့ထောင်ဂိတ်မှာ ထမင်းသွားစားမလို့ပါ”
“ဆရာ … ဒီနေ့ ကွယ်လွန်သွားတဲ့ ဖေဖေ့ကို ရည်စူးပြီးတော့ အရုဏ်ဆွမ်းကပ်တယ်ရှင့်။ အဲဒါ ဆရာ့ကို တွေ့တာနဲ့ ညီမလေးကို အခေါ်ခိုင်းလိုက်တာ။ ထမင်းကို ဒီမှာပဲ ဘုဉ်းပေး … အိုရှင် ယောင်ကုန်ပါပြီ … စားသွားပါရှင့်”
“ဟာ … အားနာလိုက်တာ … ဘာဟင်းလဲဗျ … မြန်မြန်သာချပေးတော့ ဆာနေပြီ”
“ဆရာကလေ အရမ်းပွင့်လင်းတာပဲ … ခင်ဖို့ကောင်းလိုက်တာ”
“ဒါက အစပဲ ရှိသေးတာ … မရင်းနှီးသေးလို့နော်”
“ညီမလေးရေ … မြန်မြန်လုပ် … ဆရာ့ကို ထမင်းပြင်ကျွေးရအောင်”
“မမပဲ ခူးကျွေးလိုက်လေ … ဒီမှာ ညီမလေး ဈေးရောင်းနေရတယ်”
ထမင်းဝိုင်းကို ပြင်ပေးနေသည့် သူ့ကိုခိုးကြည့်နေမိသည်။ ယဉ်ကျေးသိမ်မွေ့စွာ သွားလာလှုပ်ရှားနေတာလေးကို ခိုးကြည့်နေမိခြင်းဖြစ်သည်။
“ဆရာ … ဒီမှာ လက်ဆေးပါရှင်”
ကျွန်တော်ကလက်ဆေးလိုက်ပြီး
“ဟင်းတွေက စုံနေတာပါပဲလား။ ဘုန်းကြီးပွဲကျနေတာပဲ”
“ဘယ်သူ့မှ ဖိတ်တာမဟုတ်ဘူးဆရာ။ ဆရာ့ကို ဖိတ်ချင်တာ။ အရင်ဆရာကြီးလိုထင်ပြီးတော့ မဖိတ်ရဲဘူး”
“အင်း … ကျွန်တော်က အရက်မသောက်တတ်ပါဘူး”
“စားပါဆရာရဲ့ … အားရပါးရထည့်စားစမ်းပါ။ ဒီမှာ ကြက်အသည်းအမြစ်လေး”
ကျွန်တော်က ထမင်းစားနေရင်းက
“ဈေးဆိုင်ကြီးက အကြီးကြီးပဲနော်”
“ဟုတ်တယ်ရှင့် … ကျွန်မတို့မှာ ဝါးခုတ်သားတွေကလည်းများတော့ သူတို့ကုန်ယူနိုင်အောင် အစုံတင်ထား ရတယ်”

“သြော် … အိမ်ထောင်ဦးစီး အမျိုးသားက ဘယ်သွားလဲ”
“အို … ဆရာကလည်း ကျွန်မက အိမ်ထောင်မရှိပါဘူးရှင့်”
“ဟာဗျာ ဆောရီး … ကျွန်တော်က လုပ်ငန်းကြီးဆိုတော့ မထင်ဘူးလေ”
“ဖေဖေက မနှစ်ကဆုံးသွားတယ်ဆရာ။ မေမေကလည်း ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ ကျွန်မနဲ့ ညီမလေးပဲ စီးပွားရေးကို ရုန်းကန်နေရတာ။ ညီမလေးက မနှစ်ကမှ ရှစ်တန်းအောင်ထားတာလေ။ အဲဒါ ကျောင်းဆက်တက်ဖို့ မြို့ကို ပို့ရမှာလည်း ခက်နေတယ်။ ခွဲသွားလို့လည်းမဖြစ်။ ကျွန်မတစ်ယောက်တည်းလေ။ သူ့ကို ပညာလည်း ဆက်သင်ပေးချင်နေတာ။ ခုတော့ ဆရာတို့က တွဲဖက်ဖွင့်မယ်ဆိုလို့ အရမ်းကို ပျော်သွားတာ”
“အေးလေ … နေ့ခင်းကျရင် အစည်းအဝေးတော့ လာတက်ဦးနော်”
“တက်မှာပေါ့ဆရာရဲ့”
ကျွန်တော်က ထမင်းစားပြီးသွားသဖြင့် လက်ဆေးခွက်ကို လှမ်းအယူတွင် သူကလည်း လက်ဆေးခွက်ကို လှမ်း အပေး လက်ချင်းကိုင်မိသွားသည်။
“အို … ဆောရီးနော်”
“ရပါတယ်ဆရာရဲ့”
သူ၏ ဖြူဖွေးသော မျက်နှာတစ်ခုလုံး ရဲသွားသည်ကို ကျွန်တော် သတိထားလိုက်မိသည်။ လက်ဆေးပြီးနောက်
“ကျွန်တော့်နာမည် တင်မောင်ဝင်းပါ … ဒီက”
“ဖြူဖြူမြင့်ပါ … တစ်ရွာလုံးကတော့ မဖြူလို့ပဲခေါ်တယ်”
“ကျွန်တော်လည်း မဖြူပေါ့နော်”
“ဆရာ … မုန့်တွေစားပါဦး။ ဒါနဲ့ ဆရာရော … အမျိုးသမီးကို တစ်ခါတည်း ဘာကြောင့် ခေါ်မလာတာလဲ”
“ခေါ်လာမလို့ပဲဗျ … ဒါပေမဲ့ သူက …”
“ဝန်ထမ်းလားဆရာ”
“မဟုတ်ဘူးဗျ … ကျွန်တော်က ခေါ်လာချင်တာ … ဒါပေမဲ့ မရှိသေးလို့ လိုက်ရှာနေရတာ”
“ဟာ … ဆရာကလည်း အကောင်းမှတ်လို့ နားထောင်နေတာ။ ဆရာ့ကို တည်တည်ကြီးနဲ့ မနောက်တတ်ဘူး ထင်နေတာ”
“လူတစ်ယောက်ကို ပေါင်းကြည့်မှ သိမှာပေါ့ဗျာ”
“အို ဆရာကလည်း”
“ဒီလိုပါ … လူတစ်ယောက်ကို အကြောင်းမသိဘဲနဲ့ မဆုံးဖြတ်နဲ့လို့ ပြောချင်တာပါ”
“ဆရာ့ကိုတော့ အရမ်းခင်သွားပြီ သိလား။ နောက်လည်း ထမင်းလာစားရမယ်နော်”
“တကူးတကတော့ လာမစားပါရစေနဲ့ဗျာ။ ဘယ်သင့်ပါ့မလဲ။ ကျွန်တော်သွားမယ်။ နေ့လယ် ဘုန်းကြီး ကျောင်းမှာတွေ့မယ်”
“လာမှာဆရာ … စိတ်ချ”
ကျွန်တော် ကျောင်းကို ပြန်ရောက်တော့ ရုံးခန်းရှေ့တွင် ကိုတိုးရောက်နေသည်။ ထမင်းချိုင့်ကို ကိုင်ထားပြီး ရုံးခန်းရှေ့က ဝရန်တာပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။
“ကိုတိုးရယ် ပြုတ်ကျပါ့မယ်”
“ကျောင်းအုပ်ကြီးက ဘယ်ကို ကြွမြန်းတော်မူနေမှန်း မသိတော့ စောင့်နေရတာပေါ့”
“ကျွန်တော် ထမင်းသွားစားတာဗျ”
ကျွန်တော်က ရုံးခန်းတံခါးကို ဖွင့်လိုက်ပြီး ပြတင်းပေါက်တွေပါ လိုက်ဖွင့်လိုက်သည်။
“ဟာကွာ … ငါက မင်းစားရအောင်ဆိုပြီး အစောကြီးထချက် ထားတာကွ”
“အေးဗျာ ကျွန်တော်လည်း ဆာတာနဲ့ ပဲ့ထောင်ဂိတ်ကို ထမင်းသွားစားတာ … ပြောရဦးမယ် သိလား … ထမင်း အလကား စားခဲ့ရတယ်”
“ဘာလဲကွ … ဘယ်က ဒကာနဲ့ တွေ့ခဲ့လို့လဲ”
“ကိုတိုး … ကောင်မလေး ချောချောတစ်ယောက်က ထမင်းခေါ်ကျွေးလိုက်တာဗျ”
“ဘယ်သူလဲ … ဘယ်က ကောင်မလဲ”
“ဟိုး … ရွာလယ်ပိုင်းလောက်က ကုန်စုံဆိုင်ကြီးလေ သိတယ်မဟုတ်လား … မဖြူတဲ့ဗျ။ သူ့ဆိုင်ရှေ့ကအဖြတ် အတင်းခေါ်ပြီး ထမင်းကျွေးလိုက်တာ။ ပြောရဦးမယ် သိလား။ ကိုတိုး … မဖြူက တကယ်ချောတာနော်”
“မင်း စားပြီးပြီ မဟုတ်လား”
“အေးလေ စားပြီးလို့ ဗိုက်ကိုတင်းနေတာပဲ”
“မင်း သောက်ခွက်ကြီးကပါ ပြုံးဖြီးဖြီးဖြစ်နေတာကြည့်ပြီး မင်းဘာဖြစ်နေတယ်ဆိုတာ ငါခန့်မှန်းလို့ ရတာပေါ့။ အေးလေ … မင်းစားပြီးပြီဆိုတော့ မင်းအတွက် ယူလာတာတွေ ခွေးကျွေးလိုက်ဖို့ပဲ ရှိတော့တာပဲ”
“မလုပ်နဲ့လေ ကိုတိုး … ညစာ စားရတာပေါ့”
ကိုတိုးက ချိုင့်ကိုဆွဲသွားပြီး ကျောင်းအောက်ကို ဆင်းသွားကာ ခွေးတစ်အုပ်ကိုခေါ်ပြီး ထမင်းကျွေးနေသည်။
“ကိုတိုး … ခင်ဗျားကလေ သိပ်ခက်တာပဲ … စိတ်နောက်ကိုယ်ပါ မြန်လိုက်တာ”
“ငါ့မှာတော့ မနက်ကတည်းက ချက်လိုက်ရတာ … မင်းကို စားစေချင်လို့။ ဝက်သားတောင် ဟိုဘက်ကမ်းကူးပြီး သွားဝယ်ရတာ။ သူကတော့ အကြည်ဆိုက်ပြီး ပြန်လာ။ အလကားကောင်”
“အလို … ကိုတိုး ခင်ဗျား ကျွန်တော့်ကို စိတ်ဆိုးနေတာလား”
“မင်းကို ငါက ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ … မင်းက ဘာကောင်မို့လို့လဲ”
“ဒီမှာ ဒေါ်တိုးတိုး … ခုချိန်ဟာ ကျောင်းရုံးခန်းထဲမှာ။ ခင်ဗျား ကျုပ်ခိုင်းတာကိုလုပ်ပါ။ တာဝန်ခံ ကျောင်းအုပ် တစ်ယောက်အနေနဲ့ ပြောမယ်။ ထိုင်ပါ။ စာရင်းတွေ လုပ်ရအောင်”
“ဟေ့ကောင် … လူပါးမဝနဲ့ … ချီးမို့လို့ ငါ့ကို ဒေါ်တိုးတိုးလို့ ခေါ်ရတာလား”
“ခင်ဗျား မကြိုက်ဘူးပေါ့”
“ငါ့ကို မိန်းမတစ်ယောက်လို ဘယ်တော့မှ မဆက်ဆံနဲ့သိလား … မင်းကို အပြတ်ပြောထားတာ”
“ဆောရီး … ဘဲရီးဆောရီး … သူငယ်ချင်း ကိုတိုး … ခင်ဗျားကို တောင်းပန်တယ်။ ကျွန်တော့်ကို ကူညီပါ”
“ကဲ ပြော ဘာလုပ်ပေးရမလဲ”
“ခင်ဗျား … ဒီကျောင်းက ဆရာ၊ ဆရာမတွေ အားလုံးကို အစည်းအဝေးဖိတ်ပြီးပြီလား”
“ဖိတ်ပြီးပြီ။ ဒါပေမဲ့ မမျှော်လင့်နဲ့။ တစ်ယောက်မှ လာမှာ မဟုတ်ဘူး”
“ခင်ဗျားဟာလေ … အဆိုးကို ကြိုတွက်ထားတာပဲ”
“ဟေ့ကောင် … ငါက ဒီကျောင်းမှာ အံတိုနေပြီကွ။ ဒီက ကောင်တွေ၊ ကောင်မတွေအကြောင်း မင်းထက် သိတယ်။ မင်းကို တာဝန်ခံကျောင်းအုပ် သောက်ဂရုစိုက်စရာ မလိုဘူးဆိုပြီးတော့ကို သောက်ရွဲ့တွေ တိုက်ဦးမှာ”
“ကျွန်တော်ကတော့ မစိုးရိမ်ဘူးသိလား။ ကိုတိုးက အနားမှာရှိနေတာ”
“ဟေ့ကောင် … မင်း ငါ့အနားမလာနဲ့”
“ဘာဖြစ်လို့လဲဗျ”
“မနေ့က မင်းက ဖက်လိုက်တော့ ငါ့စိတ်ထဲ တစ်မျိုးကြီးပဲကွ”
“ဟုတ်လား … ကျွန်တော်က ရိုးရိုးသားသား ဖက်တာပါနော်”
“မင်းပြောပုံက ရှီးတဲ့မှ ငါကပဲ ဆန်းနေသလို”
“ကျွန်တော် ဘာမှ မပြောဘူးနော်။ ခင်ဗျားပြောနေတာ။ ဒါနဲ့ ကိုတိုး …”
“ဘာလဲကွ”
“မဖြူလေးက ချောလိုက်တာဗျာ။ သူ့အကြောင်းလေး သိပါရစေ”
“ဟေ့ကောင် … ရှီးမှ မပြောဘူး … သွားတော့မယ်။ ဘုန်းကြီးကျောင်းကို လိုက်ခဲ့”
ကျွန်တော်ကပြုံးလိုက်မိသည်။
#တင်ညွန့်
photo credit;google image
