အမေ့အလွမ်းပြေ

in HIVE-MYANMAR4 years ago

img_0.45334185955756995.jpg

ဒီနေ့ ထူးထူးခြားခြား အမေ့ကို သတိရနေမိသည်။ အမေဆုံးတာ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၃) ရက်နေ့ဆိုလျှင် (၅) နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။ အမေဆုံးကာစတုန်းက ကိုယ့်မှာ မနေတတ်၊ မထိုင်တတ်။ ရုံးကပြန်လာရင် အမေထိုင်နေကျ အကြော်တဲလေးကို အမြဲကြည့်မိသည်။ နောက် မရှိမှန်းသိပေမယ့် ဝရန်တာကို လှမ်းကြည့်မိသည်။ အမေက ထိုနေရာလေးတွေမှာ အမြဲနေတတ်သည်။

အမေ့အကျင့်က နေ့လည်ခင်း(၂)နာရီလောက်ဆိုရင် သူ့လက်စွဲတော် အိတ်ကလေးကိုကိုင်ပြီး အိမ်လယ်တတ်သည်။ အိမ်လည်သည်ဆိုတာ စကားအဖြစ်ပြောတာ။ တကယ်တော့ တိုက်တန်းအောက်တွင် ကြာဇံကြော်၊ အာပူလျှာပူရောင်းသော အမေ့ဘော်ဒါ၏ ဆိုင်ခန်းလေးမှာ ထိုင်ခြင်းဖြစ်သည်။ အမေ့ဘော်ဒါဆို၍ အမေနှင့် သက်တူရွယ်တူမမှတ်လေနှင့်။ တချို့ဆိုကျမ ကျောင်းနေဖက်ဖြစ်သည်။ ကျမနှင့်သာမခေါ်တာ အမေနှင့်ကျ သူငယ်ချင်းတွေ။

အမေ့အပေါင်းအသင်းများက အမေ လာနေကျအချိန် မလာလျှင် တိုက်အောက်ကနေလှမ်းခေါ်တတ်ကြသည်။ အမေကလည်း နေ့တိုင်းသွားသည်။ ထိုနေရာမှာ စတည်းချပြီး သူ့ဘော်ဒါအပေါင်း အသင်းများကို မုန့်ဝယ်ကျွေးတတ်သည်။ အမေသဘောကျလျှင် ထိုသူစားရပြီသာမှတ်။ အမေမျက်နှာကြော မတည့်လို့ကတော့ မျက်နှာမထောက် ပြောတတ်သည်။

ထိုသို့ပြောလိုက်လို့ အမေ့အား စိတ်ဆိုးမည်မထင်လိုက်လေနှင့်။ အမေ့သဘောကို ကျမတို့ထက် ပိုပြီး စောကြောမိကြသည်။ အမေက ရှင်းရှင်းဘွင်းဘွင်းသမား ဖြစ်သည်။ ထို့ကြောင့် အမေ့အပေါင်း အသင်းတွေက
အမေ့ကိုချစ်ကြသည်။

အမေ့လက်စွဲတော် အိတ်ကလေးထဲတွင်ပါဝင်သည့် ပစ္စည်းများ အကြောင်းကို ပြောပါအုံးမည်။ အိတ်ကလေးထဲတွင် ငွေကြေး အနည်းငယ်၊ ပြီးတော့ ကွမ်းယာပစ္စည်းများပေါင်းထည့်ထားသည့် ကျွတ်ကျွတ်အိတ်၊ နောက်ဆေးလိပ်၊ ဂက်စ်မီးခြစ်၊ လက်ကိုင်ပုဝါ နှင့် ကွမ်းထွေးရန် ကျွတ်ကျွတ်အိတ်တစ်လုံးတို့ကို အမြဲထည့်ထားတတ် သည်။

အမေက ကွမ်းယာကို အိမ်မှာပဲယာစားသည်။ သွားက မဝါးနိုင်တော့ သောကြောင့် ကွမ်းသီအကြေများကို ဝယ်ထားသည်။ ကွမ်းသီး အကြေ တစ်ထောင်ဖိုးဆို စားပေရော့။ ထိုကွမ်းသီးအကြေများကို ကျမက ဒိုင်ခံပြုတ်ပေးရသည်။ ထိုပြုတ်ပြီးသား ကွမ်းသီး ကြေများကို ကျမမနက်တိုင်း ရေနွေးဖြူဖြင့် စိမ်ပေးခြင်းဖြင့် ရေသစ် အဟောင်းလဲပေးရသည်။

အမေကွမ်းယာစားပုံက ဆိုင်ကွမ်းဆိုနှစ်ယာလောက်မှဖြစ်မည်။ တခါဝါးထား မြုံ့နေပေရော့ပဲ။ ကွမ်းရွက်နှစ်ထပ်ကို ထုံးဗူးလေး ထဲက ထုံးယူပြီးယာ၊ နောက် ကွမ်းသီးကြေလေးထည့် ရှားသီးတုံးကို လက်နဲ့ အမှုန်လေး များရအောင် ဖဲ့ပြီး ဆေးရွက်ကြီးအနည်းငယ် ထည့်ပြီး စားတတ်သည်။

ပြီးတော့ အမေက ဆေးလိပ်လည်းကြိုက်သည်။ ကျမတို့ငယ်ငယ်က ဆိုလျှင် အမေဆေးလိပ်လိပ်သည့် ဆေးတောင်းကြီးရှိသည်။ ဆေးလိပ်ထဲထည့်ရန် အဆာတွေကတော့ သိပ်မသိ။ ဆေးရွက်ကြီး အရိုးတွေပါတာတော့ မှတ်မိသည်။ ဆေးလိပ်ဖက်အဖြစ် ပြောင်းဖူး ဖက်တွေကိုတော့ ရွာကအဒေါ်လာရင် ယူယူလာတာလည်း မှတ်မိ သည်။ အစီခံကတော့ ကျမတို့ ကျောင်းစာအုပ်အကုန်တွေကို ကပ်ကြေးလေးနဲ့ ညီညီညာညာကိုက်ပြီး ကြိုးလေးနဲ့ ချည်ထား သည်။

ပြောင်းဖူးဖက်ဆေးလိပ်က အတုတ်ကြီးဖြစ်သည်။ ထိုဆေးလိပ်ကြီး ကို ဓာတ်မီးခြစ်ဖြင့် ညှိပြီး တဖွာချင်းရှူပြီး ဇိမ်ယူတတ်သည်။ ကျမ ဆို ငယ်တုန်းက အမေ့ရဲ့ဓာတ်မီးခြစ်ဖုံးကို ဖွင့်ပြီး ဓာတ်ဆီနံ့ရှုတတ် သဖြင့် အမေရိုက်တာ ခဏခဏခံရဖူးသည်။ သို့ပေမယ့် ဓာတ်ဆီနံ့ ကို အရမ်းကြိုက်သဖြင့် အမေလစ်တိုင်း ထိုမီးခြစ်ဖုံးကို ဖွင့်ဖွင့်ရှူ တတ်သည်။ နောက်တော့ ဆေးလိပ်ရတာ ကရိကထများပြီး နဂါဆေးလိပ်ကို အစည်းလိုက်သာ ဝယ်သောက်တော့သည်။

ထိုသို့ ဆေးလိပ်တွေ၊ ကွမ်းယာတွေ ငယ်ငယ်ကတည်းက နှစ်ခြိုက်စွာ သုံးစွဲခဲ့လို့ အမေရောဂါရခြင်းဖြစ်သည်။ အမေကရှေး လူကြီးပီပီ ဆေးရုံဆေးခန်းတွေကို မသွားချင်တာရယ်၊ သူ့အတွက်နဲ့ ကရိကထများကြမှာရယ်ကြောင့် နေလို့ရသမျှ နေနေခြင်းဖြစ်သည်။

ကျမက ဇွတ်ဆေးကုမှသာ ဆေးအရှိန်ဖြင့် ရောဂါတွေက တစ်မျိုးပြီးတစ်မျိုးတိုးလာပြီး ကုမနိုင်ဖြစ်လာခြင်းဖြစ်သည်။ အမေဆုံးခါနီးတော့မှ အမေ့တွင် ကင်ဆာဖြစ်နေမှန်းသိရသည်။ အခုဆို အမေ မရှိသည်မှာ ငါးနှစ်နီးပါးရှိတော့မည်။ အမေ့ကိုလွမ်းသည်။

@nweoomon
29-1-2022

Sort:  

အမေကောင်းတဲ့ ဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်

ပေးတဲ့ဆုနဲ့ပြည့်ပါစေ

အင်း နင်က ရေးတတ်တော့ ငါတောင် ဒေါ်ကြီးကို သတိရ လွမ်းထာလေ။
!PIZZA
!LOL

Why don't eggs tell jokes?
They'd crack each other up.

Credit: gillianpearce
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)

ဟုတ်တယ်။ ငါလဲလွမ်းလို့

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(1/5) tipped @nweoomon (x1)

You can now send $PIZZA tips in Discord via tip.cc!

ကောင်းမွန်ရာဘုံဘဝမှာ ဖြစ်တည်နေမယ်လို့ ယုံကြည်မိပါတယ်

ဖြစ်ပါစေရှင်

အသေအချာအသေးစိတ်ရေးလျင်တော့ ဆရာမ ခင်ခင်ထူး စာကို မှီပါသည်။ တနေ့စာ Post အတွက် မစဉ်းစားပဲ.. အကျယ်ချဲ့လျင် ချဲ့သလောက် ရနိုင်သည့် ဆောင်းပါး ဖြစ်ပါသည်။ အမေ့ အကြောင်း ရေးစမ်းပါလေ့... ကိုယ်နှင့် တသက်လုံး နေလာတာရယ်...

ဟုတ်ကဲ့ပါ။ ကျေးဇူးတင်အားရှိရပါတယ်။ ကြိုးစားပြီးရေးပါ့မယ်ရှင်