Alarm

in HIVE-MYANMARlast year

တကျော့ပြန် တိုက်ကွမ်ဒိုက သိပ်ပြီး လာခြင်း မကောင်းဘူး ထင်ပါရဲ့။ ဘာမှ မဆိုင်ဘူး ဆိုပေမယ့် ဆက်စပ်မှုတော့ ရှိသည်ဟု ဆိုရမည်။ တိုက်ကွမ်ဒို ပြန်စ ကစား ဖြစ်ရာကနေ ခုလိုတွေ ဖြစ်ကုန် သွားသည်ကိုး။ နေထိုင် မကောင်း မဖြစ်တာကလည်း အတော်လေး ကြာခဲ့ပြီ။ တော်တော်ကြီးကို ကြာခဲ့ပြီ။

အသက်အရွယ်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အကြောင်းကိုလည်း ပိုပြီး တွေးမိ၊ စဥ်းစား မိနေခဲ့၏။ ငယ်တုန်းရွယ်တုန်းကတော့ ဘာလာလာ ဆိုပြီး အားလုံး နီးပါးကို လုပ်နိုင်ပေမယ့် ခုချိန်မှာတော့ ကန့်သတ်ချက်လေးတွေ ရှိလာခဲ့၏။ Futsal ကလည်း ယခင်လို တနာရီပဲ မဟုတ်ဘဲ တနာရီခွဲ ကန်တာဆိုတော့ ပိုပြီး အားထုတ်ရ၊ အားကုန်၏။ ၃ သင်း ပတ်လည် ရှုံးထွက်ဆိုတော့ မထွက်ချင်တော့ ကိုယ့် ရှိသမျှ အားကုန် ထုတ်ကန်ကြ၏။ ပြီး Futsal မှာက ခိုလို့ မရပေ။ ခဏလေးတောင် နားချိန် မရှိပေ။ တယောက် ခိုလိုက်တာနဲ့ တန်း သိသာ၏။

လက်ရှိမှာ တိုက်ကွမ်ဒို နဲ့ Futsal ဘယ်တခုကို ပိုကစားချင်လည်း မေးက Futsal ဟုသာ ဖြေရပေလိမ့်မည်။ တိုက်ကွမ်ဒိုကိုက နှစ််ချီပြီး ဆော့ကစား ဖြစ်ခဲ့၏။ ပြောရရင် ဆယ်စုနှစ် တခုစာ မကပေ။ ၆ တန်း နှစ်လောက်က စလို့ တက္ကသိုလ် မပြီးခင်ထိကို ကစား ဖြစ်ခဲ့၏။ တိုင်းနဲ့ ပြည်နယ် ပြိုင်ပွဲ နှစ်ကြိမ် ပြိုင်ဖူးပေမယ့် ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်းတော့ မရှိခဲ့ပေ။ ကျနော်က အားကစားမှာ ထူးချွန်သူတော့ မဟုတ်ခဲ့ဘူး ထင်ပါ၏။ အတိုင်းအတာ တခုထိတော့ ရောက်ခဲ့သည်ဟု ဆိုရမည် ထင်ပါ၏။

ယခု Futsal ကလည်း အပျော်သာ ဖြစ်၏။ အသက် ၃၀ လောက်မှ Futsal ကို စကစား ဖြစ်တာ ဆိုတော့ ပြိုင်ပွဲ ဝင်ဖို့ ဘာညာက မဖြစ်နိုင်တော့ပေ။ လုပ်ကြည့် ကြိုးစားကြည့်ရင် ဖြစ်နိုင်ပေမယ့် သိပ်တော့ မလွယ်လှပေ။ ကျနော်တို့ ကစားပုံက ပြိုင်ပွဲတွေမှာ ဆိုရင် သိပ်ပြီး အဆင်ပြေ မယ် မထင်။ ပြီး အားလုံးက ၃၀ တန်းတွေချည်းဆိုတော့ လူငယ်တွေနဲ့ သူတင် ကိုယ်တင် ပြိုင်ပွဲဝင် ကစားနိုင် ဖို့က ကန့်သတ်ချက်လေးတွေ ရှိနေနိုင်၏။ ဘာပဲ ပြောပြော ပြိုင်ပွဲ တခုလောက်လေး ဖြစ်ဖြစ်တော့ ဝင်ရောက် ယှဥ်ပြိုင် ကစား ကြည့်ချင်ပါသေး၏။

နက်ဖြန် ဗုဒ္ဓဟူးနေ့က Futsal ကန်ရက် ဖြစ်၏။ ဒီနေ့ အထိတော့ လူက သိပ် မလန်းသေးပေ။ မနက်ပိုင်းက တိုက်ကွမ်ဒိုလည်း မသွားနိုင်ပေ။ ဆေးအရှိန်ကြောင့်ထင်၏။ လူက အိပ်ချည်း အိပ်ချင်နေ၏။ အမေကတော့ မသက်သာရင် ဆေးခန်းသွားဟု ပြောနေ၏။ ကျနော်က ဆေးခန်းသွားပြီး ဆေးထိုးခံရမှာ ကြောက်သူ မလား။ ကိုယ့်ကို ဂရုစိုက်ပြီး အားမွေးမှ ရမည်၊ သို့မှာသာ နက်ဖြန် Futsal ကန်နိုင်ပေလိမ့်မည်။