Home Stay(Chapter 270)

in HIVE-MYANMAR3 years ago

FB_IMG_1599214068459.jpg

မနေ့က အပြင် သွားဖြစ်၏။ သူငယ်ချင်း တယောက် အိမ်ရွှေ့တာ သွားကူ ပေးဖြစ်၏။ အိမ်ရွှေ့တာ ဆိုပေမယ့် တလုံးလုံး တအိမ်လုံး မဟုတ် ဘုရားစင်ကိုသာ အရင်ရွှေ့ခြင်း ဖြစ်၏။ သူ့ ဘုရားစင်က အတော်လည်း ကြီး၏။ အလေးချိန်လည်းပါ၏။ စျေးကလည်း မနည်းပေ။ ယခု ပေါက်စျေးနှင့်ဆို အတော် စျေးကြီးမည့်ပုံ။ ဘုရားစင် တခုကို လူ (၆) ယောက်အားနှင့် ရွှေ့ရ၊ သယ်ရသည်ဆိုတော့ စဥ်းစားသာကြည့်ပေါ့။ ဒါတောင် ဖြုတ်လို့ရသည့် ကျောင်းဆောင် နှင့် အခြား အရာများကို ဖြုတ်ပြီးမှ သယ်ကြခြင်း ဖြစ်၏။

ဘုရားစင် ရွှေ့ပြီးမှ အနားယူသည့် အနေနှင့် တော်ပေါ်သွားကြခြင်း ဖြစ်။ တောင်ကြီးမြို့ အရှေ့ဖက်ရှိ တောင်တန်းကြီး ဖြစ်၏။ ယခင်ကလည်း တောင်ပေါ်မှာ အတော်အသင့် စည်ကား လူများသည် ဆိုပေမယ့် ယခုလို covid ကာလမှာတော့ လူပိုများ၏။ လူတွေနှင့် ဝေးရာ နေရာကို ရှာသူတွေများလို့ လူတွေ များသွားခြင်း ဖြစ်မည်။ ထို့ပြင် မနေ့က လကွယ်နေ့လည်း ဖြစ်ချေ၏။ လူများသည် ဆိုပေမယ့် လည်ပတ်သူထက် လေ့ကျင့်ခန်း လုပ်သူတွေ ပိုများ၏။ လမ်းလျှောက်သူ ပြေးသူ စက်ဘီးစီးသူ အစရှိသဖြင့် ကိုယ်လက် လေ့ကျင့်ခန်း လုပ်သူ များ၏။

IMG_20210112_155655.jpg

လည်ပတ်သူတွေလည်း အထိုက်အလျောက် ရှိ၏။ လူတွေ လာတော့ ဆိုင်တွေ ရောက်လာတော့၏။ တောင်ပေါ်ဆိုပေမယ့် တောကြီးမှ မဟုတ်ဘဲ၊ လူတွေက သွားသွားလာလာနှင့်ကိုး။ လမ်းလည်း ကောင်း၏။ စိတ်အပန်းဖြေချင်လို့ရယ် ဖြစ်ဖြစ်၊ ကျန်းမာရေး အတွက် ကိုယ်လက် လေ့ကျင့်ချင်လို့ရယ် ဖြစ်ဖြစ် တကယ်ကို ကောင်းမွန်သည့် နေရာလေး ဖြစ်၏။

အများစုကတော့ ကားတွေနှင့်လာသူ များ၏။ နို့ လေ့ကျင့်ခန်း လုက်တာဆို။ မှန်ပါ၏ တောင်အောက်ခြေလောက်မှာ ကားတွေကို ရပ်ခဲ့ ထားခဲ့ပြီးမှ တောင်ပေါ်တက် လေ့ကျင့်ခန်း လုပ်ကြခြင်း ဖြစ်၏။ လေ့ကျင့်ခန်း လုပ်ပြီး ရပ်ထားသည့် ကားဆီလာ ပြီး ပြန်ပေါ့။ ထိုသို့ ဖြစ်၏။ ကျနော်တို့လို လည်ပတ်သူတွေကတော့ စျေးဆိုင်လေးတွေနှင့် မလှမ်းမကမ်းမှာ နေရာချ ပြီး ပါလာသည့် သောက်စရာများကို သောက်ပေါ့။ အမြည်းအတွက်ကတော့ လမ်းဘေး စျေးဆိုင်လေးတွေကနေ ဝယ်စားပေါ့။ တကယ့်ကို အဆင်ပြေ၏။

မနေ့က ရန်ကုန်က သူငယ်ချင်း တယောက် ဝယ်ပေးလိုက်သည့် ဘီယာကို မြည်းစမ်း ကြ၏။ တံဆိပ်သစ် ဖြစ်၏။ သောက်လို့ ကောင်း၏။ တံဆိပ်သစ် ဆိုပေမယ့် သူ့ အရသာက အတော်လေး အဆင်ပြေ၏။ ထန်းလျက်၊ ဂျုံတို့နှင့် ချက်ထားသည့် ဘီယာ ဖြစ်၏။ ဘီယာ နာမည်က peacock ဖြစ်၏။ ထန်းလျက် ဘီယာက Alcohol percent ပိုများ၏။ ထန်းလျက် က Alc 7%, ဂျုံဘီယာ (မုယော) က Alc 5% ဖြစ်၏။ နှစ်မျိုးလုံး သောက်ကောင်း၏။ နောက်ရက်မှ အဆိုပါ ဘီယာနှင့် ပတ်သက်ပြီး ထပ်ရေးပါဦးမည်။ ခုတော့ ကျန်သည့် ဘီယာဗူးများကို ဆက်သောက် လိုက်ပါဦးမည်။

Don Jaun