ဖျားပြီလား

in HIVE-MYANMARlast year

ဒီနေ့ မနက် တိုက်ကွမ်ဒို သွား မကစားနိုင်ပေ။ အမေ့ကိုတော့ ညကတည်းက မှာထား၏။ မနက်ကို နှိုးပေးကြည့်ဖို့နဲ့ သွားနိုင်ရင် သွားလို့ ရအောင်ပေါ့။ ဒါပေမယ့် အမေက သူ့သား အကြောင်း သူ သိ၏။ မသွားနိုင်လောက်ဘူးဆိုတာ ကြိုသိသည့် အလား မနက်ခင်း ၇ နာရီ အစား မနက် ၉ နာရီခွဲမှ နှိုးတော့၏။ တိုက်ကွမ်ဒို မသွားလိုက်ရပေမယ့် အိပ်ရေးတော့ ဝသွားခဲ့၏။

သက်တော့ မသက်သာသေးပေ။ မနေ့ကထက်လည်း မဆိုးသွားသလို ပိုပြီးတော့လည်း ကောင်းမလာခဲ့ပေ။ ပိုနေမြဲ ကျားနေမြဲ ဒုံရင်းက ဒုံရင်းပင်။ ဒါပေမယ့် မနေ့က ထက်တော့ နေရ ထိုင်ရတာ လေးလေးကြီး ဖြစ်နေ၏။ ထိုတချက်ကတော့ အတော်လေး ဆိုး၏။ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ အိပ်ပဲ အိပ်ချင်နေ၏။ ဆေး အရှိန်ကြောင့်ရယ်ပဲလားတော့ မသိ။ ဒါတောင် မစ်ဆာဂရစ် မသောက်ဘဲ ပါရာစီတမော့နဲ့ စီထွင်းသာ တွဲသောက်ထား၏။ မစ်ဆာဂရစ်သာ သောက်ထားရင် ဒီထက် ပိုဆိုးမည် ထင်၏။

ကျောင်းသား ဘဝမှာကော ဆယ်တန်း ကျူရှင် ဆရာ ဘဝမှာကော တခါတလေ နေမကောင်း ဖြစ်သည့် အခါမျိုးမှာ မစ်ဆာဂရစ် သောက်ဖူး၏။ သောက်လိုက်တိုင်း လေးလေးကြီးနဲ့ မှိုင်းမှိုင်းကြီး ဖြစ်လေ့ ရှိ၏။ အိပ်ပဲ အိပ်ချင် လှဲပဲ လှဲနေချင်ခဲ့၏။ မလုပ်ချင် မကိုင်ချင်နဲ့ အတော် နေရခက်လှ၏။ ခုလည်း ထို အတိုင်း ခံစားနေရ၏။ နက်ဖြန် မနက်တောင် သွား ကစား နိုင်ပါ့မလား မသိ။

ပြီးခဲ့သော တပတ်က တိုက်ကွမ်ဒို သွား ကစားတုန်းက အကြောင်း ပြန်တွေး သတိရမိ၏။ သူငယ်ချင်းက သူ့သားကို လာပို့၏။ သူကိုယ်တိုင်လည်း ကစား၏။ ယခင် တချိန်တုန်းက ကျနော်တို့နှင့် အတူတူ ကစားခဲ့ဖူးသူပင် ဖြစ်၏။ ခုက သူ့သားကို ပို့ပေးရင်းနဲ့ သူပါ ပြန် ကစားနေခြင်း ဖြစ်၏။

ပြန်ကစားပြီး နောက်တရက်မှာ တိုက်ကွမ်ဒို အားကစားခန်းမ ရှိရာ ၃ လွှာကို လှေကား လက်ရန်း ကိုင်ပြီး တက်ရသည် ဆို၏။ ကျနော် စပြီး ပြန်ကစား ဖြစ်သည့် ရက်မှာတော့ သူ မကစားနိုင်ပေ။ ဖျားနေသည်ဟု ဆို၏။ သူ့သားကို လိုက်ပို့ရသောကြောင့်သာ သင်တန်းသို့ ရောက်လာရ၏။ သူ့သား ကလည်း ပို့ပေး ပို့ပေး ဆိုပြီး လာနှိုးနေသဖြင့် နေမကောင်းသော်လည်း ထွက်လာရခြင်း ဖြစ်သည်ဟု ဆို၏။ မိဘ ဆိုတော့ လည်း ဒီလိုပါပဲ လေ။

ရေချိုးမှားသွားလို့ ခုလို ဖြစ်သွားတာဟု သူက ပြော၏။ ကျနော်ကတောင် သူ့ကို စနောက် လိုက်သေး၏။ မင်းက ပျော့ရန်ကောပေါ့။ ပြီး ဂရုစိုက်ဖို့ပါ တပါတည်း မှာလိုက်သေး၏။ ခုတော့ ကျနော် သူ့ နေရာ ရောက်ပြီ။ တခု ရှိတာက ကျနော်က ယခင်လို Futsal ပဲ သီးသန့် ကန်နေတာ မဟုတ်ဘဲ တိုက်ကွမ်ဒို ထပ် အဝင်မှာ ခုလို ဖြစ်သွားခြင်း ဖြစ်၏။ ဆယ်ကျော်သက် နှစ်ဆယ် အရွယ်မှ မဟုတ်တော့ဘဲ ကိုယ့်ကို သုံးဆယ်တန်း ဆိုတာ မေ့သွားခဲ့၏။ ခန္ဓာကိုယ်က ရုတ်တရက် ပြောင်းလဲ သွားမှုကို လက်မခံ၊ အသားမကျ သေးသည့် ပုံပင်။ တဖြည်းဖြည်းချင်းတော့ လုပ်ယူ၊ လေ့ကျင့်ယူရပေလိမ့်ဦးမည်။ ခုတော့ နားနေပြီပေါ့။

Sort:  

အဲလယ် .... တိုက်ကွမ်ဒို ကလပ်မှာ ငုယင် လေးတွေ လာမကစားလို့ပါကွာ။ ငုယင်လေးတွေကိုသာ သင်တန်း သွားပေးဖြစ်ရင် ဖျားပြီး ထိုးလဲ ပလေ့စေ... အရောက်သွားမှာ 😃😀. !PIZZA !LUV

ဗီယက်နမ်ပဲ သွားတော့မယ် ဗျာ။

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(5/10) tipped @donjaun (x1)

You can now send $PIZZA tips in Discord via tip.cc!