Up to Table

in HIVE-MYANMAR17 hours ago

ဒီအသင်းက တကယ့် ဟာသပါဆို။ နိုင်မယ်ထင်ရင် ရှုံး၊ ရှုံးမယ် ထင်တော့ နိုင်။ Everton နဲ့ ပွဲ နိုင်မယ် ထင်ထားတော့ ရှုံးတယ်။ ရှုံးတာမှ ဆယ်ယောက်ထဲနဲ့ အသင်းကို မိနစ် 70 ကျော် ကစားပြီး ရှုံးတာ။ ဒီတပတ် Crystal Palace ဆိုတော့ အများကြီး မမှန်းထားရဲဘူးရယ်။ လောင်းကြေးတောင် Crystal Palace ဘက်က ပေးတယ် ဆိုပဲ။ United တို့ ဘယ်လောက်တောင် အိမ်နိမ့်စံ ဖြစ်နေသလဲဆိုရင်။

ဦးဆောင်ဂိုးက Crystal Palace အရင်သွင်းတာပါ။ ပင်နယ်တီကို နှစ်ခါ ပြန်ကန်ပြီး ဂိုး အရင် ရသွားတာ။ ဒုတိယပိုင်းမှာမှ United က ချေပဂိုး၊ အနိုင်ဂိုးတွေ သွင်းယူပြီး နိုင်သွားပါလေရော။ ပြောပါတယ် နိုင်မယ်ထင်ရင် ရှုံး၊ ရှုံးမယ်ထင်တော့ နိုင်ပါဆို။ အနာပေးလိုက် ဆေးပေးလိုက်နဲ့ အတော် စိတ်ဒုက္ခ ပေးတဲ့ အသင်း။

ရှုံးပွဲတွေ ဆက်နေတဲ့ Liverpool လည်း ဒီတပတ်မှာတော့ နိုင်ပွဲ ပြန်တွေ့ခဲ့ပါတယ်။ West Ham ကို အဝေးကွင်းမှာ 0-2 နဲ့ အနိုင်ရပြီး အမှတ်ပေး ဇယား ထိပ်ပိုင်းနား ပြန်လည်လို့ တက်လှမ်း လာခဲ့ပါတယ်။

Super Sunday ရဲ့ အဓိက ပွဲစဉ် ဖြစ်တဲ့ Chelsea vs Arsenal တို့ရဲ့ London Derby ကတော့ တဖက် တဂိုးစီ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ 38 မိနစ်မှာ Chelsea ကစားသမား Caicedo တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံရပါတယ်။ တယောက်လျော့သွားပေမယ့် ဦးဆောင်ဂိုးကတော့ Chelsea က အရင် ရသွားတာပါ။ 48 မိနစ်မှာ Chelsea တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

တယောက်အသာနဲ့ကို Arsenal တို့ နောက်ကနေ လိုက်ကစားနေရပါတယ်။ 59 မိနစ်မှာတော့ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ အနိုင်ဂိုး ဆိုပြီး ထပ်မံ မသွင်းယူနိုင်တာကြောင့် သရေ တမှတ်သာ ရခဲ့ပါတယ်။ Round 13 အပြီးမှာ Arsenal က အမှတ် 30 နဲ့ အဆင့် 1, Man City က 25 မှတ်နဲ့ အဆင့် 2, Chelsea က 24 မှတ်နဲ့ အဆင့် 3, Aston Villa က 24 မှတ်နဲ့ အဆင့် 4 နေရာမှာ ရပ်တည်နေပါတယ်။

(photos from Premier League Page)