လွမ်းတယ်ဗျာ။ မိုးတွေရွာတော့လည်း လွမ်း။
ကလေးတွေ ပျော်ပွဲစားပါဗျို့ လို့အော်တော့လည်း လွမ်း။
တန်ဆောင်တိုင်ည သူခိုးကြီးည မှာ ပိုက်ဆံကျဲပါဗျို့
လို့ အော်တာလည်း လွမ်း။ ယုတ်စွအဆုံး
ကလေးတသိုက် ပံ့သကူ ဖွက်တဲ့ ပစ္စည်းတွေ
လိုက်ရှာတာ။ သူရို့လက်ထဲမှာ အားသွင်းမီးလုံး
တွေကိုင်ပြီး လမ်းဘေးဝဲ/ယာကို ပံ့သကူ
ပစ္စည်း လိုက်ရှာတာလည်း ကြည့်ပြီးသကာလ လွမ်း။
လွမ်းလို့ ကို မဆုံးတော့ပြီး။ စတဲ့စာသားပါ သီချင်း
ကို အနိုင် ဆိုလေသလား။ မင်းအောင် ဆိုလေသလား။

စသဖြင့် ဖော်ပြပါ အလွမ်းများနဲ့ ကိုယ့်ဟာကို
ဟုတ်လှပြီထင်နေတာ။ မနေ့ညက ဆရာလယ်တွင်းသား
စောချစ်၏ သိမ်ငယ်စိတ် အကြောင်းပြောထားသော
စာပေဟောပြောပွဲကို နားထောင်သောအခါမှ
လွမ်းတယ်ဆိုတာ သိမ်ငယ်စိတ်ရဲ့ အဖော်ဖြစ်သဟဲ့။
သိလိုက်ရသောအခါ။ မလွမ်းပဲလည်း မနေနိုင်
ဘူးဗျာ။ ဆိုတော့ ဆရာစောချစ်ပြောထားသဖြင့်
မဟားဒယားကြီးတော့ မလွမ်းတော့ဘူးလို့
ကိုယ့်ဟာကို အောင်းမေ့တာပါပဲ။

အလွမ်းဆိုသည်က ခံရခက်ပေသိ ခံစား၍တော့
လွတ်ကောင်းဗျ။ အချိန်နဲ့ အခါနဲ့ လွမ်းတတ်အောင်
တော့ လေ့ကျင့်ရမပေါ့။ နေရာတကာ လွမ်းနေပြန်
ရင်ဖြင့် သိပ်တော့ အဆင်မပြေလှဘူးပေါ့။
အလွမ်းဆိုသည်က သူ့နေရာနဲ့ သူ လွမ်းမှ လွမ်းလို့
ကောင်းတာကလား။ နေရတကာ လွမ်းနေတော့
ဆရာစောချစ်ပြောတဲ့ သိမ်ငယ်စိတ်က ဝင်လာ
ပေမည်။ သိမ်ငယ်စိတ်ကို ဖျောက်ဖို့ အလွမ်းတွေကို
ဖောက်ထွက်စို့ လို့ ဆိုရမလို။

ဟိုယခင်ကတော့ ဆရာလယ်တွင်းသားစောချစ်၏
ထိုဟောပြောပွဲအသံကို နားထောင်ခဲ့သည်။
သို့ပေသိ အစ အဆုံး နားမထောင်ခဲ့ရပေ။
လက်ပံပင်ကြီးများနဲ့ စက်ဘီးအိုလေးအကြောင်းသာ
အမှတ်တရ သတိထားခဲ့သည်။ ယခုအခါ နားထောင်
မိသည့်အခါမှတော့ အစမှ အဆုံး သေချာစွာ
မှတ်သားနားထောင်မိသည်။ လမ်းလွဲနေသော
လူငယ်တဉီးကို စာအုပ်၊ စာပေက လမ်းပြခေါ်ဆောင်
သွားသည်။ လူငယ်တဦးမကပေ ဆရာပြောစကားအရ
လူငယ်နှစ်ဦးကို ဆရာပီမိုးနင်း၏ စာအုပ်များ
က လမ်းမှန်ပေါ်သို့ရောက်အောင်၊ အောင်မြင်သူ
များဖြစ်အောင် လမ်းပြခေါ်ဆောင်သွားသည်။

ကိုယ်တွေကတော့ အသက်ငါးဆယ်ကျော်ပြီ
အခုထိ လမ်းပျောက်နေဆဲ။ လမ်းပျောက်ပေသိ
လမ်းမှားတော့ မရောက်ပေဘူး။ ပျောက်သော
လမ်းမှာ စမ်းတဝါးဝါးပေါ့။ ဒီစာသားကလည်း
ဝတ္ထုအမည်ဖြစ်ပေသည်။ ဆရာမတဦးရဲ့ ဝတ္ထု
အမည်ထင်တာပါပဲ။ ကိုယ်တွေကတော့ ငယ်စဉ်
က စာအုပ်များဖတ်ခဲ့ပါရဲ့။ သို့ပေသိ ဗဟုသုတ
ဖြစ်စေမည့် စာပေများဖတ်အားနည်းခဲ့
လေသလား မသိပေ။ ကိုယ်တွေ ဖတ်သည့်
စာများက အချစ်၊ အလွမ်း၊ စွန့်စားခန်းနှင့် ဟာသ
များဖတ်သည်က များလေသည်။ အင်း ဒါသည်
ပင်လည်း ဆရာ မင်းလူ၏ ဝတ္ထုအမည်ပင်
ဖြစ်ပေတော့သည်။ ကိုယ်တွေလည်း သီချင်းစာသား၊
ဝတ္ထုအမည်များဖြင့် ပိုစ့်တခု ဖန်တီးခဲ့ပြန်ပါလေသည်။
@htwegyi
November 5, 2025