ဗီယက်နမ်သွား တောလား - အပိုင်း ( ၇ ) ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ ယခင်ဆောင်းပါးတွင် ကျွန်တော့ အနေဖြင့် ခရီးသွားလျင် ဓါတ်ပုံ ရိုက်ရန်ထက် အေးအေးဆေးဆေး လည်ပါတ်စားသောက်ရန် သာပိုစိတ်ဝင်စားသည့် အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်၏။ မပြီးပြတ်သေးသော ဗီယက်နမ် ခရီးစဉ် အကြောင်း ဆက်ပါအုံးမည်။မဟေသီကတော့ ထိုသို့မဟုတ်။ အစားအသောက်အား လုံးဝစိတ်မဝင်စားပါ။ ဝယ်မကျွေးဟု ပြောလျင်လည်း ဂရုမစိုက်။

အသားစားသူလည်း မဟုတ်ရကာ သူ့အတွက်တော့ အစားအသောက် မှာ ယမ်ယမ် ခေါက်ဆွဲ ခြောက်တထုပ်ရလျင် အဆင်ပြေ၏။ ဗိုက်ဆာလာလျင် စားစရာ အဆင်သင့်ရှိရန်သာလို၏။ အာလူကြော်လည်း ဖြစ်၏။ ပေါင်မုန့် နှင့်လည်း ဖြစ်သည်သာ။ကျွန်တော့အနေဖြင့် ရောက်တုန်းရောက်ခိုက် ကောင်းပေ့ဟူသော အစားအစာများအား ဝယ်ကျွေးလို၏။ သို့သော် သူနှင့် စားသောက်ဆိုင်သွားလျင် ချဉ်ချဉ် ငံငံ စပ်စပ် စားချင်တယ်ဟုသာ ပြော၏။

ဟမ်ဘာဂါအား ချဉ်ငံစပ် အော်ဒါ မည်သို့မှာရမည်ကို ကျွန်တော်လည်းမသိ။ မဟေသီအနေဖြင့်ကတော့ သူမရောက်ဘူးသော နေရာများ ရောက်လျင် ဓါတ်ပုံရိုက်မည်။ နောက်တနေရာသွားမည်။ ရောက်ခဲ့ပြီးသည့်နေရာအား စိတ်မဝင်စားတော့။ ကျွန်တော့ ညီမလေး ၊ သူ၏ သူငယ်ချင်း တသိုက်နှင့်သွားလျင် တော့ ရောက်ချင်သည့်နေရာရောက် အစားအသောက် အရေးကြီးသည်။

အစားသရဲများ ဖြစ်ကြကာ ရောက်လေရာ မတူညီသော အစားစုံများ စားနိုင်ကြ၏။ ဗီယက်နမ် ဟိုချီမင်း မြို့သို့လည်ပါတ်စဉ်က စားသောက်ဆိုင်တွင် စားလိုက်သောက်လိုက်ကြသည်မှာ ဘီယာအား ဘေးတွင် ရေခဲပုံးဖြင့် အလုံး ၃၀ ခန့် ရေခဲစိမ်ထားပြီးလျင် တယောက်တပေါက် မှာ စားကြစမ်း ဆိုသည်မှာ ငါးကင်လည်း ပါ၏။ ဖားကင်းလည် ပါ၏၊ ငုံးကင် ၊ ငုံး ကြော် ၊ နောက်ရေဘဝဲ ၊ ဝက်နံရိုးကြော် ဝက်သားလုံးကြော် တို့မှာ သာမန်သာ ဖြစ်၏။

ရေကန်ထဲတွင် ထည့်ထားသော ငါးများ ဂဏန်း များ လက်ညှိုးထိုး ကြော်ချက်ခိုင်းသည်က ရှိသေး၏။ နောက်ဆုံး ရေကြက် မစားဘူးသေးဘူး ဟုဆိုကာ ရေကြက်ကြော်မှာစားကြ၏။တကြိမ်တည်းဖြင့် တခါတည်းမှတ်သွား၏။ နောက်တခါ သူရို့နှင့် ခရီးမထွက်တော့။
ဆိုခဲ့သည့်အတိုင်း ကျွန်တော်၏ မဟေသီမှာ အပေါ်ထပ်တက်သွားပြီးနောက် များမကြာခင် ကျွန်တော့အား ဓါတ်ပုံရိုက်ပေးပါမည့်အကြောင်းလာခေါ်လေတော့၏။ ရှုခင်းများ အရမ်း လှကြောင်း ၊ လက်မလွတ်တမ်း ဓါတ်ပုံရိုက်ထားသင့်ကြောင့် ၊ နောက်နှောင် စာရေးလျင် ဓါတ်ပုံများ ကြည့်ကာ ဇာတ်လမ်းဇာတ်ကွက် ထွင်နိုင်ကြောင်းလည်း ဆွယ်တရားဟောသေး၏။ မယ်မင်းကြီးမ မှန်ပါပေ၏။

ယခု ဤဆောင်းပါးလည်း သူရိုက်ထားသော ဓါတ်ပုံများကြည့်ကာ ခရီးစဉ်များအား ပြန်တွေးတောကာ ရေးနေရခြင်း ဖြစ်၏။ ဤသို့ဖြင့် အပေါ်ထပ်လေသာဆောင်တွင် ရှုခင်းကြည့်ရင်း ဓါတ်ပုံများ ရိုက်ရင်းဖြင့် ဟာလောင်ဘေး ကမ်းခြေတနေရာသို့ရောက်လေတော့၏။ ကမ်းခြေမဟုတ်ပါ။ ရေပေါ်တွင် ဘောများဖြင့် ပြုလုပ်ထားသော ကမ်းခြေအတုဖြစ်၏။

စကားပြန်က သင်္ဘောစီးရသည်မှာ ကြာလာ၍ အညှောင်း ပြေ လှေများ ပြောင်းစီးရန် စီးစဉ်ပေးခြင်းဟုသိရ၏။ လှေစီးရာတွင် ၂ မျိုး ၂ စားရှိ၏။ လှေလှော်သမား ပါသောလှေတွင် တက်စီးမည်လား မိမိကိုယ်တိုင် လှေလှော်၍ လျှောက်စီးမည်လားဟူ၍ ဖြစ်၏။ အခြားသူများကတော့ လှေလှော်သမားပါသော လှေတက်စီးကြသော်လည်း ကျွန်တော်ကတော့ ကိုယ်တိုင်လှေလှော်၍ စီးမည့်အကြောင်း စကားပြန်အား အသိပေး၏။

စကားပြန်ကလည်း လှေလှော်တတ်လျင် ပြသနာမရှိသော်လည်း ရေမကူးတတ် သူ လှေ မလှော်တတ်သူ ဖြစ်က လှေမှောက်တတ်ကြောင်း သတိပေး၏။ အသက်ကယ် အင်္ကျီများ ဝတ်ထား၍ ကိစ္စမရှိသော်လည်း အဝတ်အစားများ ရေစိုသွားလျင် အအေးပါတ်မည် စိုးရသည်ဟုသတိပေး၏။

ကျွန်တော့အတွက်တော့ ဧရာဝတီ မြစ်အတွင်း သစ်လုံးထွင်းလှေများဖြင့် လည်ပင်းဖက်ကြီးလာသူ ဖြစ်သည့်အလျောက် ဤကဲ့သို့ ၂ ယောက်စီးရသော ကနူး ဟုခေါ်သည့် ဖိုင်ဗာ လှေများလောက်တော့ စာမဖွဲ့ပါ။ မဟေသီမှာ ရေမကူးတတ်သူ ဖြစ်သောကြောင့် ဖြစ်ပါမည်လောဟု မေးကြည့်သောအခါ " အစ်ကိုနဲ့ သွားရမယ်ဆိုလျင် ဘယ်နေရာ ရောက်ရောက် ဘယ်သွားသွားလိုက်မယ် " ဟူလို။ ချစ်စရာ ကောင်းလိုက်ပါဘိ

ဤသို့ဖြင့် ကနူးလှေတပျော်ကြီးစီးကြသောဟူ၏။ လှေလှော်သမား ဖြင့် စီးလျင် သူပို့ချင်သည့်နေရာ ပို့ပေးမည် ဖြစ်သော်လည်း မိမိကိုယ်တိုင် လှေလှော်ရလျင် မိမိသွားချင်သည့် နေရာ အကုန်ရောက်ရ၏။ တောင်နံရံများအား အနီးကပ်ကြည့်နိုင်၏။ဤတောင်နံရံတို့မှာ မြန်မာပြည်ရှိ ဧရာဝတီ မြစ် ဒုတိယ မြစ်ကျဉ်း တွင် တွေ့ရသော တောင်နံရံများ နှင့် အတော်လေးဆင်တူ၏။

မဟေသီအား ရှေ့မှ ထိုင်ခိုင်းကာ ဓါတ်ပုံ ၊ ဗီဒီယို စိတ်ကြိုက် ရိုက်စေ၏။ဤဟာလောင်ဘေး ကျောက်တောင်များမှာ ပင်လယ်ရေနက် မှ ထိုးထွက်လာကြသောကြောင့် ပင်လယ်ရေမှာကြည်လင်၏။ အကယ်၍ ရေတိမ်ကမ်းခြေ များ သောင်ပြင်များ ရှိလျင် ဖူးခက် ကမ်းခြေကဲ့သို့ ကျောက်တောင် ကျောက်ဆောင်များ ကြားတွင် snuggling ဟုခေါ်သော ရေငုပ်ရင်း လှပသော ငါးများကို ကြည့်ရှုနိုင်မည် ဖြစ်၏။ ကျွနုပ်တို့လည်း ၄၅ မိနစ်ခန့်လှေလှော်ရင်း လျှောက်ကြည့် ပြီးနောက် သင်္ဘောသို့ ပြန်လာခဲ့၏။

Henry Aung ( Kachin )

H1.jpeg

Sort:  

ကြည်နူးစရာ အချိန်လေးတွေပ။

ဓာတ်ပုံလေးတွေ ရိုက်ယူထားတော့ အထောက်အထားနဲ့ အမှတ်တရ ဖော်ပြလို့ ရမှာပေါ့ဗျာ