ဗီယက်နမ်သွား တောလား - အပိုင်း ( ၉ ) ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော ဗီယက်နမ်းခရီးစဉ်အား ဆက်ပါရစေ။ယခင်ဆောင်းပါးတွင် ဟာလောင်ဘေးမှ အပြန် စကားပြန်နှင့် အာလူးဖုတ်ခဲ့ သည့် အကြောင်းများ ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ထို့နောက်ကျွန်တော် အလွန်သိချင်နေသော အကြောင်းအရာတခုအား မေးကြည့်မိ၏။

ထိုအရာကာ ခရီးသွားများဖြင့် စည်ကားရာ အရပ်တွင် အဘယ့်ကြောင့် တောင်းစားသူများ မရှိရသနည်းဟူ၍ ဖြစ်၏။ ထို့အပြင် ကျွနုပ်တို့ဟာလောင်ဘေး သို့သွားရာ အဝေးပြေး လမ်းတလျှောက်လည်ကွင်းပြင်ကျယ်များ တွေ့ရသော်လည်း ကျူးကျော်ရပ်ကွက်များ မတွေ့ရသဖြင့် ဗီယက်နမ်တွင်ကျူးကျော်သို့ မရှိသလောဟု မေးမိ၏။

စကားပြန်၏ အဖြေမှာ ဗီယက်နမ်တွင် သူတောင်းစား များ ရှိကြောင်းနှင့် လူစည်ကားရာ အရပ်များတွင် သူတောင်းစား များအား မတွေ့ရခြင်းမှာ အာဏာပိုင်တို့က ခရီသွားလုပ်ငန်း ပုံရိပ်ထိခိုက်မည် စိုးသောကြောင့် တင်းတင်းကျပ်ကျပ်တား မြစ်ထားကြောင်း ပြောပြ၏။ ထို့အတူ ကျူးကျော်များအား လည်း မြို့ပြနှင့် ဝေးရာ တောင်တန်းဒေသသို့ ပို့ထားကြောင်းသိရ၏။

ကျွန်တော့အနေဖြင့် ဗီယက်နမ် အစိုးရတို့ သူတောင်းစား နှင့် ကျူးကျော်တို့အား မည်သို့ ထိန်းချုပ်ထားသည့် အကြောင်း အသေးစိတ်မေးလိုသော်လည်း သူ့အနေဖြင့် ဖြေကြားလိုဟန်မရှိရကာ စကားလမ်းကြောင်း လွဲသွားလေတော့၏။ ခရီးသွားလုပ်ငန်းတွင်း အထက်တွင် ကျွန်တော်ဖေါ်ပြခဲ့သော နိုင်ငံ့ ပုံရိပ်မှာ အလွန်အရေးကြီး၏။

လွတ်လွတ်လပ်လပ် ခရီးသွားလို၍ လျှောက်သွားစဉ် နောက်မှ တစာစာ လိုက်တောင်းနေသော သူတောင်းစားများ ၊ စားသောက်ဆိုင် လက်ဖက်ရည် ဆိုင်ထိုင်၍ အစားအသောက်စားနေစဉ် အလှူခံသူများ ၊ ထီလက်မှတ်ရောင်းသူများ ၊ စသည်စသည်တို့မှာ ခရီးသွားလုပ်ငန်း တို့၏ အဓိက အနှောက်အယက်များ ဖြစ်ကြပါသည်။

ဤအကြောင်းအရာတို့မှာ ကျွန်တော်၏ ဟာလောင်ဘေး ခရီးစဉ်နှင့်သက်ဆိုင်ခြင်းမရှိသော်လည်း ဗဟုသုတရရန်အလို့ငှာ ဖေါ်ပြပေးရခြင်းသာဖြစ်၏။ ကျွန်တော့ အနေဖြင့်လည်း ဟနွိုင်းမြို့တွင် လည်ပါတ်ချိန် အနည်းငယ်သာရခဲ့သည်ဖြစ်ရာ နေရာစုံသို့ ရောက်ခဲ့သည်မဟုတ်ပါ။ ထို့ကြောင့် တမြို့လုံး တောင်းစားသူတယောက်မှ မရှိဟု မဆိုဝံ့ပါ။

သို့သော် အထက်တွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း ခရီးသွားများ စည်ကားရာ အထင်ကရနေရာများတော့ ဖြင့် တောင်းစားသူများ မရှိသည်ကတော့သေချာပါသည်။ ထို့နောက်မိမိတို့လည်း ရောက်တက်ရာရာများ ပြောဆိုကြကာ စကားလက်စသတ်လိုက်၏။ အကြောင်းမှာ တနေကုန် ပင်ပန်းခဲ့သမျှ ုကြိပို့ယာဉ်၏ အေးမြသော air con က မျက်လုံးမျက်ခွံများအား လေးလံလာစေ၏။

ထို့နောက်မိမိလည်း အိပ်ပျော်ခြင်းသို့ ရောက်လေတော့၏။ မည်မျှအိပ်ပျော်သွားသည်မသိ စကားပြန်၏ " အပေါ့အပါးသွား ၊ လက်ဖက်ရည် ကော်ဖီလည်း သောက်နိုင်ပါပြီ" ဟူသောအသံကြားမှနိုးလာ၏။ ထိုယာဉ်ရပ်နားစခန်းတွင် နာရီဝက်ခန့် အချိန်ရ၍ မိမိတို့လည်း လက်ဆောင်ပစ္စည်းများ ရောင်းသော ဆိုင်ခန်းများ လိုက်ကြည့်ကြ၏။ အသုံးအဆောင်အမျိုး မျိုး ၊ ရိုးရာ ဝတ်စုံ အမျိုးမျိုး ၊ လက်မှုပစ္စည်းများ ၊ စသည်စသည်ဖြင့်စုံလင်လှ၏။

အစားအသောက် များ အသီးအနှံများလည်း ရောင်းချပေးနေသည်ဖြစ်ရာ အထူးသဖြင့် ဗီယက်နမ်၏ နာမည်ကြီးလှသော နဂါးမောက်သီးမှာ စားချင်စရာကောင်းလှ၏။ ကျွနုပ်တို့လည်း အမှတ်တရလက်ဆောင်ပစ္စည်း အနည်းငယ် ဝယ်ယူခဲ့ပြီးနောက် ကြိုပို့ယာဉ်ရှိရာသို့ ပြန်လာခဲ့၏။ ထိုနေ့ကတော့ ည ၇ နာရီကျော်မှ Hotel သို့ပြန်ရောက်ခဲ့၏။

ဟိုတယ်မှ အတန်ငယ်ဝေးသော ခေါက်ဆွဲဆိုင်သို့ လမ်းလျှောက်သွား၍ ညစာအဖြစ် ခေါက်ဆွဲစားကြ၏။ ခေါက်ဆွဲစားပြီ၍ ပိုက်ဆံရှင်းကာနီးမှ ပြသနာတက်လေပြီ။ အိတ်ထဲတွင် ပိုက်ဆံအိတ်ပါမလာခဲ့။ အစတွင် ခါးပိုက်နိုက်ခံရပြီဟု ထင်မိသေး၏။ သို့သော် ဟိုတယ်ခန်းမှ အထွက်တွင် အိပ်ယာဘေးရှိ စားပွဲပေါ်၌ ပိုက်ဆံအိတ်တင်ထားခဲ့သည်ကိုသတိရမိ၏။

ဆိုင်ရှင် အန်တီကြီးအား လက်ဟန်ခြေဟန်ဖြင့် ပိုက်ဆံအိတ်မေ့ခဲ့ကြောင်း ၊ ဟိုတယ် ပြန်၍ ပိုက်ဆံအိတ်သွားယူမည့် အကြောင်းနှင့် မဟေသီအား ဆိုင်တွင် စောင့်ထားစေ၍ ဟော်တယ်သို့ အမြန်ပြန်ရ၏။ မဟေသီကာ မျက်နှာငယ်လေးနှင့် ခေါက်ဆွဲဆိုင်တွင် ကျန်နေခဲ့ရ၏။

Henry Aung ( Kachin )

H1.jpeg

Sort:  

ပိုက်ဆံအိပ်မေ့ကျန်ပြီး စားပြီးသောက်ပြီးမှ သိရတဲ့ ဖီလင်
ကြုံဖူးသူတွေပဲ သိမယ်ဗျာ😁။
အချိန်ရရင် ကို့ဟင်အတွေ့ကြုံတွေအားလုံး တဝကြီးဖတ်ပစ်ဦးမယ်ဗျာ။

အဲ့ ဒီအခန်း ဇာတ်ရှိန်မြင့်တယ် ကိုဟင့်မဟေသီ
မျက်နှာငယ်လေးနဲ့ဆိုတဲ့အခန်း 😁