Cryptocurrency ကျပ်မပြည့်သူများ ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ မိတ်ဆွေအနေဖြင့် ခေါင်းစဉ်ဖတ်လိုက်သည်နှင့် တမျိုးကြီးပါလားဟု တွေးနေပါလိမ့်မည်။ စာစုအား ဆုံးအောင်ဖတ်ပါ။ အဖြေပေါ်လာပါလိမ့်မည်။ ကျွန်တော်တို့ Steemit တွင်ကျင်လည်စဉ်က နိုင်ငံတကာ ၏ အကူအညီကြောင့် MSC ဆောင်းပါးများ Vote အတန် အသင့်ရခဲ့ကြပါသည်။

ခေတ်ကောင်းစဉ်ကတော့ ဆောင်းပါးတခုလျင် $4 / $5 ရခဲ့ကြသည်သာ။ သို့သော်လည်း ထိုကာလသည် တနှစ်ခန့်သာ အချိန်ကြာညောင်းခဲ့ပါသည်။ Steemit platform ပြိုလဲလာခြင်းနှင့်အတူ နိုင်ငံတကာမှ အကူအညီ ပေးနှုန်းများ တဖြည်းဖြည်း လျော့ကျလာသော အခါ ကျွန်တော်တို့ MSC လည်း ရေနည်းငါး ဘဝသို့ ရောက်ရှိသွားရပါတော့သည်။

အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့် ထိုသို့ ဖြစ်မည့် ကာလအား ကြိုတင် သိမြင်နေသော ကြောင့် ရရှိသော အချိန် အတွင်း SP စုကြပါရန် အသည်းအသန် စည်းရုံးခဲ့ရပါသည်။ သို့သော် ကျွန်တော်တို့ အကူအညီရရှိသော အချိန် အခါသည် တိုတောင်းလွန်းလှပါသည်။ အဖွဲ့ ဝင်အများစု SP 1000 မကျော်ခင်လေးမှာတင် အကူအညီမဲ့သွားသော ကြောင့် ယခုကဲ့သို့ မိမိကိုယ်ကို ရပ်တည်နိုင်ရန် ခဲယျဉ်းသွားရခြင်း ဖြစ်ပါသည်။

ရှိစေတော့ အရာရာ အကျိုး နှင့် အကြောင်း ရှိသည် ဖြစ်၍ MSC လည်း သူ့ အကြောင်းတရားနှင့်သူ MHC ဖြစ်လာရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာ Community အနေဖြင့် (၁) လုံလောက်သော လူအင်အား မရှိခြင်း ( ရှိပြန်လည်း အချင်း ချင်း အထောက်အကူပြုရန် SP လုံလောက်မှု မရှိခြင်း (၂) cryptocurrency အပေါ်စိတ်ဝင်စားမှု မရှိခြင်း ( cryptocurrency သဘောတရား ) စသည်တို့ ကြောင့် ကျွန်တော်တို့ community ရပ်တည်နိုင်ရန် ခက်ခဲသွားရခြင်း ဖြစ်ပါသည်။

အခြားသူများအားလည်း အပြစ်မဆိုသာပါ။ ဝင်ငွေရနိုင်သည်ဟူ၍ ဝင်ရောက်လာကြသည်။ ဝင်ငွေများ မိမိထင်သလောက်မရလာသော အခါ ထွက်ခွာသွားကြသည်မှာ သဘာဝကျပါသည်။ သို့သော် ကိုဒွန် ၊ ကိုဟိန်း ၊ ဦးထွေး နှင့် အမျိုးသမီးများထဲကဆိုလျင် ယွန်းသီရိ တို့လောက်ဇွဲကြီးကြသူများကို တော့ မှတ်ကျောက်တင်ပါသည်။

ယခုကျွန်တော်တို့ Hive platform ပေါ်သို့ ရောက်လာသည့်တိုင်အောင် တပြားရရ နှစ်ပြားရရ မိမိရနိုင်သမျှသော cryptocurrency အား အရယူနေကြသည်မှာ တော်ရုံ ဇွဲလုံးလဖြင့် မဖြစ်နိုင်ပါ။ ယခင်က 2$ / 3$ ရခဲ့ကြသည်။ ယခု တကျပ်မပြည့်သော ပြာဂဏန်းဖြင့်လည်း ရသလောက်ရှာဖွေနေကြပါသည်။

ကျွန်တော်တို့ Post များ 1$ အပြည့်မရသည် မှာ အတော်ကြာ ပြီ ဖြစ်သော ကြောင့် cryptocurrency ကျပ်မပြည့် သူများဟု သုံးနှုန်းလိုက်ရခြင်း ဖြစ်ပါသည်။ ဤ နေရာတွင် ကျွန်တော်နားလည်သော Will power ဆိုသည် စိတ်သတ္တိအား အနည်းငယ်ဖေါ်ပြလိုပါသည်။

စိတ်ပညာရှင်တို့ ဖေါ်ပြချက်အရ တစုံတယောက်တွင် တခုခုအား စိတ်အား ထက်သန်သော စိတ်လည်း ရှိသည် ၊ ထို တခုခုအား မဖြစ်ဖြစ်အောင် မရရ အောင် လုပ်မည်ဟူသော ခိုင်မာသော ဆုံးဖြတ်ချက်ရှိသည် ၊ ထိုသို့ အောင်မြင် စေရန် ၊ လုပ်နိုင်စေရန် ၊ သိနိုင်စေရန် မပြတ်စည်းပူးသော လုံလဝရိယလည်း ရှိသည်ဆိုလျင် ထိုသူသည် တန်းခိုးရှိသည်နှင့် တူသည်ဟု ဆိုကြပါသည်။

ထိုသူတို့မှာ ဤကမ္ဘာအား ပြောင်းလည်းပေးသူများ ဖြစ်ကြသည်ဟု ဆိုပါသည်။ ဤကဲ့သို့သော Cryptocurrency ရနိုင်သည့် စာရေးခြင်း အမှုပြုနေကြသူများအား ထိုမျှလောက် အမွှမ်းတင်ရပါမည်လောဟု အပြစ်မဆိုစေချင်ပါ။ ထိုသူများအား တန်ခိုး ရှိသူများဟု ဆိုလိုခြင်း မဟုတ်ပါ။

ကျွန်တော့ ဆိုလိုရင်း မှာ ကံမပါသော်လည်း ဝရိယ အကျိုးခံစားရနိုင်သည်ကို ဖေါ်ပြလိုရင်း ဖြစ်ပါသည်။ ဝရိယအကျိုး ရလည်း ရခဲ့ကြပြီး ဖြစ်ပါသည်။ နည်းသည်နှင့် များသည်သာ ကွာပါလိမ့်မည်။ ယခင်က ကျွန်တော်တို့ Steemit တွင်စာရေးရင်း Hunt token ကို ရခဲ့ကြသည်။

ယခု Hive platform ပေါ်တွင် စာရေးရင်း Leo နှင့် PAL ကို ရနေကြသည်။ တကယ်ဆိုရလျင် လက်ရှိ PAL ဈေးမှာ Hunt token ဈေးနှင့် အတူတူသာ ဖြစ်ပါသည်။ ကျွန်တော်တို့ ခေတ်ကောင်းစဉ်ကတော့ cryptocurrency ဖြင့် ထမင်းစားနိုင်ရုံသာမက အလှူအတန်းများပင်ပြုခဲ့ကြပါသည်။

ထို့နောက် Cryptocurrency ဖြင့် ထမင်းမစားနိုင်တောင် သရေစာ ၊ မုန့်ဟင်းခါး ၊ လဖက်ရည် သောက်နိုင်ခဲ့ကြပါသည်။ ယခု အခြေအနေတွင် cryptocurrency ဖြင့် မုန့်ဟင်းခါး မစားနိုင်တောင် ပါရာစီတော်မော တလုံးလောက်တော့ ဝယ်သောက်နိုင်ပါသေးသည်။

ဆရာဦးအောင်သင်း ၏ စကား အငှားသုံးရလျင် လူတို့သည် ချမ်းသာခြင်းအား သင်္ခါရဟု သဘောထားကြပါသည်။ မဟုတ်ပါ ။ ဆင်းရဲခြင်း သည်လည်း သင်္ခါရဖြစ်ပါသည်။ လူသည် ချမ်းသာ အောင် ကြိုးစားနိုင်လျင် ၊ ဆင်းရဲခြင်းမှ လွတ်ကင်းအောင်လည်း ကြိုးစားနိုင်ရပါမည်။ အဘယ့်ကြောင့် ဆို သော် " လူ " ဖြစ်နေသော ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ကျပ်မပြည့်သော Cryptocurrency ရှာဖွေနေကြသူများအား စိတ်မပျက်ကြပါရန် နှင့် လူသား ဖြစ်သောကြောင့် လုံလဝရိယဖြင့် တချိန်ကျလျင် မိမိတို့ မျှော်လင့်ထားသော အခြေအနေဖြစ်အောင် စွမ်းဆောင် နိုင်ကြပါလိမ့်ဖြစ်ကြောင်း သတိပေးလိုပါသည်။ ကံမပါလျင်တောင် ဝရိယ အကျိုးခံစားရပါလိမ့်မည်။ မိမိ လျှောက်နေသောလမ်း ရပ်မသွားစေရန်သာ အရေးကြီးပါသည်။

Henry Aung ( Kachin )

25/11/2020 - Wednesday- 09:05 Hrs

Sort:  

မည်သူမဆို ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ကိုယ်ထူကိုယ်ထ
ပိုစ့်ရေးမှ ဗုတ်ရကြမှာ အားပေးသော ကိုဟင် ကျေးဇူးပါ။

ပညာ မပြည့်ဝ‌လေတော့ ဝီရိယ ပိုအားထည့် ရပါတယ်ဗျာ။
မူးပဲ အစက ထူးကဲဘဝ ရောက်အောင် ဆိုတဲ့ အိပ်မက်လေး မက်နေဆဲပါပဲ။

တစ်ပုဒ်နဲ့ ကျပ်မပြည့်တော့ နှစ်ပုဒ်
နှစ်ပုဒ်နဲ့ ကျပ်မပြည့်တော့ သုံးပုဒ် ပေါ့ဗျာ။
တစ်နေ့တစ်လံ လျှောက် တစ်ချိန်မှာ ရောက်မယ်။
အလကားနေ အလကား မဖြစ်ရအောင် အနာဂတ် အတွက်
မျှော်မှန်းရင်း ကြိုးစားကြတာပေါ့ဗျာ။

မြန်မာတွေ ကျိတ်ကျိတ်တိုး စည်းကားမဲ့ ရွှေခေတ်ကို တစ်နေ့တော့ရောက်လာဦးမှာ။