ကျွန်တော် မလေးရှားသွားခဲ့စဉ်က ( အပိုင်း - ၂ ) (Henry Aung)

in HIVE-MYANMAR2 years ago (edited)

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မလေးရှား ခရီးစဉ်အကြောင်း ဆက်ကြပါအုံးစို့။ ယမန်နေ့က post တွင် မိတ်ဆွေများက မလေးရှား တွင်ရိုက်ထားသော ဓါတ်ပုံများ ကြည့်လိုသည်ဟု ကော်မန့်များ ပေးထားကြပါသည်။

အမှန် ဆိုရလျင် ကျွန်တော် မလေးရှား သို့ ကဒီး ကဒီး သွားသော်လည်း ဓါတ်ပုံ တပုံမျှ မရိုက်ခဲ့ပါ။ ပထမအချက် ကျွန်တော့ အနေဖြင့် အခြားသူများကဲ့သို့ ဓါတ်ပုံရိုက် မှတ်တမ်း တင်ခြင်း ဝါသနာ မပါသလို ထူးထူးဆန်းဆန်း အစားအသောက်များ မစားခင် ဓါတ်ပုံ အလျင်ရိုက်၍ Facebook တင်တတ်သော အကျင့်လည်း မရှိပါ။

ဒုတိယအချက် အနေဖြင့် Mr.Chan နှင့် မလေးရှားတွင် လျှောက်လည် ရချိန်များမှာ အများအား ဖြင့် ညအချိန်များသာ ဖြစ်ရာ ထူးထူးခြားခြား ဓါတ်ပုံ မှတ်တမ်း တင်စရာ မတွေ့ခဲ့ရပါ။ အများအားဖြင့် မူးနေ ( ကောင်း နေသော အချိန် ) သောကြောင့် ဓါတ်ပုံ ရိုက်ရန် သတိမရနိုင်အားပါ။

တတိယ ကျွန်တော်တို့ သွားသော နေရာများမှာ တရားမဝင် လောင်းကစားရုံများ ၊ ဘားများ ၊ ကလပ် များသာ ဖြစ်ရာ ဓါတ်ပုံ ရိုက်ခွင့် မရှိပါ။ ကျွန်တော့ ဆောင်းပါးများ ဖတ်ကြည့် လျင် မိတ်ဆွေတို့ သဘော ပေါက်လာပါလိမ့်မည်။ အများအားဖြင့် Mr. Chan ဖြင့် မလေးရှားတွင် ရှိနေချိန်များမှာ ညအချိန်သာ များပါသည်။

Mr.Chan ကတော့ ရောက်သည်နှင့် မာဂျောင် ကစားရန်သာ စိတ်စော နေသူ ဖြစ်ပါသည်။ တခါတလေ တော့လည်း သူရောက်နေကြောင်း သူ့သူငယ်ချင်း များအား ဖုန်းဆက်ခေါ်လိုက်လျင် သူ့သူငယ်ချင်း တပြုံတမကြီး ရောက်လာလေ့ရှိပါသည်။

Mr.Chan ၏ ထူးခြားချက်မှာ သူကိုယ်တိုင် အသက် ၅၀ ကျော် အရွယ် ဖြစ်သော်လည်း သူပေါင်းသော သူငယ်ချင်းများမှာ အသက် ၂၀ / ၃၀ အရွယ် လူငယ် များဖြင့်သာ ပေါင်းသင်းပါသည်။ နှောင် တွင် Mr.Chan အကြောင်း အကျယ်ချဲ့၍ ရေးပြပါမည်။ ဤသို့ ဖြင့် Mr.Chan မာဂျောင် ကစား၍ လပ်ကီးမကောင်းလျင် အခြား တနေရာရှိ လောင်းကစားရုံသို့ ပြောင်းသွားချင်လည်း သွားလိုက်သည်သာ။

ဤသို့ဖြင့် နံနက် ၁ နာရီ ထိုးလောက်တွင် အပြင်ထွက်၍ ညလည်စာ ထွက်စားကြပြန်ပါသည်။ ဝက်သားပေါင်း / ခေါက်ဆွဲ / ဆိတ်ရိုး စွပ်ပြုတ် နှင့် ပလာတာ စသည်ဖြင့် ။ ဤနည်း ဖြင့် ညလုံးပေါက် ဖွင့်သော ဆိုင်များတွင် တခုမဟုတ် တခုစားကာ နိုက်ကလပ်သို့ ပြန်သွား ကာ ကကြ ဒွန့်ကြ ။

နံနက် ၄ နာရီထိုးတွင် အိမ်ပြန်ကြပါတော့သည်။ အိမ်မပြန်ခင် နံနက်စာ စားရန် လဖက်ရည် ဆိုင်ထိုင်ကြပြန်ပါသည်။ Tea Tareh ဟုခေါ်သော ကုလားများ ဖျော်သည့် လဖက်ရည် မှာ အတော်လေး သောက်လို့ ကောင်းပါသည်။

ဤသို့ လက်ဖက်ရည် သောက်ပြီး Mr.Chan ၏ အိမ်သို့ ပြန်ရောက်လျင် ၄:၃၀ ခန့်ရှိပြီး ဖြစ်ကာ ကျွန်တော်က ရေမိုးချိုး အိပ်ယာပေါ် လဲလိုက်သည်နှင့် ခပ်လှမ်းလှမ်း ရှိ ဗလီ မှ " အာ.....လာ .... " ဟူသော အသံရှည်ဖြင့် မွတ်စလင်တို့၏ နံနက် ဝတ်ပြုသံကို ကြားရလေ့ရှိပါသည်။

ထို အသံကြားပြီ ဆိုလျင် နံနက် ၅ နာရီ ထိုးပြီ ဖြစ်ပါသည်။ Mr.Chan ကတော့ ထိုအချိန်ထိ မအိပ်သေးပါ ဧည့်ခန်းတွင် ဆေးလိပ်သောက်ရင်း သတင်းစာ ဖတ်နေလေ့ရှိပါသည်။ ကျွန်တော်က အိမ်အောက်ထပ်တွင် အိပ်ကာ သူကတော့ နံနက် ၇ နာရီခန့်မှ အပေါ်ထပ်သို့ တက်ကာ အိပ်ယာ ဝင်သွားလေ့ ရှိပါသည်။

အိပ်ယာဝင်ချိန်တွင် မည်သို့ နှုတ်ဆက်ရမည်ပင်မသိ Good night လည်း မဟုတ် Good Morning လည်း မဟုတ် အတော်ပင် ဂွကျလှပါသည်။ ကျွန်တော့ အနေဖြင့် အစပိုင်းတွင် အတော်လေး ဒုက္ခရောက်ရပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်က နံနက် ၁၁ နာရီလောက်ဆိုလျင် နိုးနေပြီ ဖြစ်ပါသည်။ ဗိုက်ကလည်း ဆာနေပြီ ဖြစ်သလို Mr.Chan အိမ်တွင်လည်း စားစရာ ဘာမျှမရှိပါ။

ထိုအချိန်က Mr.Chan အနေဖြင့် သူ့မိန်းမဖြင့် ကွာရှင်းပြီးစဖြစ်ရာ ဤ Kajang ဟူသော သူဌေးရပ်ကွက် အတွင်းရှိ သူ၏ နေအိမ်တွင် သူတယောက်တည်းသာ နေနေချိန် ဖြစ်ပါသည်။ သူကလည်း စနေ / တနင်္ဂနွေ နေ့လောက်သာ အိမ်မှာ ရှိသူ ဆိုတော့ စားစရာ ဘာမျှ မဝယ်ထားပါ။ ရေခဲသေတ္တာ ဟောင်းလောင်း မီးဖိုဆောင် ဟောင်းလောင်းနှင့် ဖြစ်ပါသည်။

ဆိုတော့ ဗိုက်ဆာသည့် ဒဏ် မခံနိုင်၍ Mr.Chan ၏ ကားထုတ်ကာ ကျွန်တော်စားစရာ ထွက်ဝယ်ရပါသည်။ သောက်ကျိုးနည်း သူဌေး ရပ်ကွက် ၊ ၄၅ မိနစ်ခန့် ကားပတ်မောင်းသည့်တိုင် စားစရာ ရောင်းသည့် ဆိုင်တဆိုင်မျှ မတွေ့ပါ။နောက်ဆုံး မတတ်သာ၍ ဟိုင်းဝေးလမ်းပေါ်တက်ကာ ဆီဆိုင် လိုက်ရှာရပါတော့သည်။

ဆီဆိုင်တွေ့မှ 7/11 ဆိုင်တွင် ပေါင်မုန့်များ ၊ ခေါက် ဆွဲခြောက်ထုပ်များ ဝယ်၍ ပြန်လာခဲ့ရပါသည်။ နောက်မှ Mr.Chan အား မေးကြည့်ပါသည်။ အဘယ့်ကြောင့် သူတို့ ရပ်ကွက်တွင် တွင် ဈေးဆိုင်များ မရှိသည့် အကြောင်း ။

သူပြန်ရှင်းပြသည်မှာ သူဌေးရပ်ကွက် ဖြစ်၍ အိမ်တိုင်းတွင် အနည်းဆုံး ကား သုံးလေး စီး ရှိကြကြောင်း ၊ ဗိုက်ဆာ၍ စားချင်သည့် အချိန်တွင် ကားဖြင့် ထွက်ကာ ကြိုက်သည့် နေရာတွင် ဝယ်စား နိုင်ကြောင်း ၊ ဤ ရပ်ကွက်ကဲ့သို့သော သူဌေးများသာ နေသည့်နေရာ တွင် မည်သည့်သူဌေးကမှ အလုပ်ရှုပ်ခံ ဈေးဆိုင်မဖွင့်ကြောင်း စသည်ဖြင့် ရှင်းပြပါသည်။

အမှန်တော့ လည်းဟုတ်ပါသည်။ သူရို့ ရပ်ကွက်မှ ၁၅ မိနစ်ခန့် ကားမောင်းသွားလျင် စားသောက် ဆိုင်တန်းသို့ ရောက်နိုင်ပါသည်။ ကျွန်တော်မသွားတတ်၍သာ ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း Mr.Chan ကတော့ ညနေ ၂ နာရီခွဲ ခန့်မှ နိုးလာလေ့ ရှိပါသည်။ ထို့နောက်ရေမိုးချိုး ပြီးလျင် နတ်ဘုရားအား ပူဇော်ပါသည်။ များသော အားဖြင့် တရုတ်အိမ်များ တွင် နတ်ကွန်း ၂ ခုရှိပါသည်။ တခုက အိမ်ထဲတွင် ဖြစ်၍ ကွမ်ရင် မယ်တော် ဖြစ်ပါသည်။

တခုက အိမ်အပြင်ဘက်တွင် ရှိကာ အိမ်စောင့်နတ်ဟုထင်ပါသည်။ ထိုနတ်ရုပ်မှာ ပြည်သူ့တရားရှင် ပေါင်ချိန် နှင့် ခပ်ဆင်ဆင်ဖြစ်ပါသည်။ နဖူးတွင်လည်း လခြမ်းပါသလို ဘယ်လက်တွင် လှံတချောင်း ကိုင်ထားပါသည်။

များသော အားဖြင့် တရုတ်လူမျိုးများသည် အိပ်ရာထပြီးနောက် နံနက်စောစာ တွင် ဤ အိမ်တွင်း နတ်အား ဆီမီး / မုန့်ဖြူ / နီ အမွေးတိုင် စသည်တို့ဖြင့် ပူဇော်ကြမြဲ ဖြစ်ပါသည်။ သို့ သော် Mr.Chan အိမ်ရှိ နတ်ကတော့ ချွင်းချက် ဖြစ်ဟန်တူပါသည်။

အဘယ့်ကြောင့်ဆိုသော် ညနေ ၃ နာရီထိုးမှ အပူဇော်ခံရသော ကြောင့် ဖြစ်ပါသည်။ ညနေ ၄ နာရီတွင် အပြင်ထွက် ခေါက်ဆွဲ / သို့မဟုတ် အခြားသော အဆာပြေ အစား အစာ သွားစားကြပါသည်။ သူ့အတွက်တော့ Breakfast ဟု ခေါ်ရမည်လား EveningFast ဟု ခေါ်ရမည်လားမသိပါ။ ထို့နောက်တော့ သူ့သူငယ်ချင်းများထံသွားလည်ပါသည်။

သူ့သူငယ်ချင်းများကလည်း အများအားဖြင့် အနှိပ်ခန်း လောင်းကစား ခန်များ ဖွင့်ထားကြသူများသာ ဖြစ်ရာ ထိုနေရာ ရောက်သည်နှင့် သံသရာ စက်ဝိုင်းက ပြန်လည်လာပါတော့သည်။ ည ၉ နာရီတွင် ညစာ သွားစား မည် / မာဂျောင် ကစားမည် / နံနက် ၁ နာရီတွင် ညလည်စာ စားမည် ထို့နောက် ဘား သို့မဟုတ် ကလပ်သွားကြမည် ၃ နာရီထိုးလျင် လက်ဖက်ရည် သောက်၍ အိမ်ပြန်မည် ။ ထို့နောက် ကျွန်တော့အတွက်တော့ နံနက် ၅ နာရီထိုးလျင် အိပ်ရာဝင်မည်။

တခါတော့ သူ့သူငယ်ချင်းများနှင့် (စုစုပေါင်း ၇ ယောက်ခန့် ) ဘိလိယက် ကစားကြပါသည်။ ကျွန်တော်ကတော့ ဘိလိယက် ကစားတတ်သူမဟုတ်ကာ သူတိူ့ကစားသည်အား ရပ်ကြည့် / စကားစမြည်းပြော / ဘီယာ သောက် စသည်ဖြင့်သာ။ ထို ဘိလိယက်ဝိုင်းမှာ အတော်ကြေးကြီးပုံရပါသည်။

သူရို့ထဲမှ ဟူစိန် ဟူသော အရပ်နွယ်ဖွား မလေးရှား နိုင်ငံသားက အတော်များများ နိုင်လိုက်ပါသည်။ ဟူစိန်မှာ အသားဖြူဖြူ / အရပ်မြင့်မြင့်နှင့် အတော်လေး ခန့်သော အာရပ်အမျိုးသား ဖြစ်ပါသည်။ ပျော်ပျော်နေတတ်၍ အသက် ၃၀ ကျော် ကျွန်တော်နှင့် ရွယ်တူ ဖြစ်ပါသည်။

သို့သော်လည်း ထိုအချိန်က ဟူစိန်သည် ကွာလာလမ်ပူ၌ ကောဇောဆိုင် အကြီးကြီး ပိုင်ဆိုင်ထားသူ တယောက် ဖြစ်ပါသည်။ မည်သို့ မည်ပုံ Mr.Chan ကဲ့သို့သော တရုတ်များနှင့် မိတ်ဆွေလာဖြစ်နေသည်မသိ။

ထိုနေ့ညကတော့ ဟူစိန် က သူပိုက်ဆံတော်တော်များများ နိုင်လိုက်၍ " ဒီညတော့ ပျော်စရာတွေ ဖန်တီးရအောင် " ဟူ၍ ကျွန်တော်နှင့် Mr.Chan အပါအဝင် စုစုပေါင်း ၉ ယောက် ကလပ်သို့ သွားကြပါလေတော့သည်။

ဤ ကလပ်သည် စက်မှုဇုံ ( ကျွန်တော့ အထင်သာ ) ထဲတွင် ဖွင့်ထား၍ သိီးသန့်ခန်း ပေါင်းများစွာရှိပါသည်။ ကျွန်တော်တို့လည် ထိုသီးသန့်ခန်းတခုထဲတွင် နေရာယူကြပါသည်။ ၂ ယောက်တွဲ လေးယောက်တွဲ ထိုင်သော ဆိုဖာ ခုံရှည်များ ချထားပေးသလို အခန်းအတွင်းရှိ ရေခဲသေတ္တာထဲမှ အမျိုးအစားမတူသော ဘီယာ ကြိုက်သလောက်ယူ သောက်နိုင်ပါသည်။

ထို့အပြင် ရှီရှာအိုး ၃ အိုးလည်း ချထားပေးပါသည်။ ရှိီရှာ ဆိုသည်မှာ မိတ်ဆွေတို့ ရုပ်ရှင်များ ထဲတွင် တွေ့ဘူးပါလိမ့်မည် လည်ပင်းရှည်ရှည် အိုးမှ ပိုက်ပျော့လေးဖြင့် အငွေ့များ ရှူရှိုက်ရသော အိုးဖြစ်ပါသည်။

ကျွန်တော်နှင့် Mr.Chan ကတော့ ပန်းသီးရနံ့ပါသော ရှီရှာ ကောက်ရှိုက်လိုက် ဘီယာ ကစ်လိုက်နှင့် အဆင်ပြေနေပါသည်။ အခန်းထဲတွင်လည်း ဆောင်းဘောက်ကြီးများ ၅ လုံးခန့် ရှိရာ မြူးကြွသော တက်ခနို တီးလုံးများက လူကို အတော်လေး တက်ကြွစေပါသည်။

ကျန်သည် ၇ ယောက်ကတော့ စားပွဲတွင် ဘီယာဂျား ခပ်ကြီးကြီး တလုံးထဲသို့ Chevas တလုံး လောင်းထည့်ပါသည်။ ထို့နောက် ဘီယာ ပုလင်းများ လောင်းထည့်ပါသည်။ ထို့နောက် ပန်းရောင် ဆေးပြား ၁၅ လုံးခန့်အား စားပွဲတွင် ဖန်ခွက်ဖြင့် ကြိတ်ကာ ထိုပန်းရောင် အမှုန့်များအား ဘီယာ ဂျားထည့်သို့ထည့်ကာ ယာက်မဖြင့် မွေလိုက်ပါသည်။ ပျော်ရွှင်စရာ ပွဲကာ စပါလေပြီ။

Mr.Chan ကတော့ ကျွန်တော့အား ထို ဘီယာ သွားမသောက်ရန် တားပါသည်။ အခန့်မသင့်၍ စင်္ကပူ အပြန်တွင် လဝက ၌ ဆီးစစ်ခံရလျင် ဒုက္ခရောက်လိမ့်မည်ဟု သတိပေးပါသည်။ အစပိုင်းကတော့ ထို ၇ ယောက်မှာ မြူးမြူကြွကြွ မြူးဇစ်များ အောက်တွင် တွန့်လိမ် ကောက်ကွေး ကနေကြပါသည်။

သို့သော် တယောက်လျင် ဘီယာ ၃ ခွက်ခန့် ဝင်ပြီး နောက် ၁၅ မိနစ်ခန့်ကြာသော အခါ အားလုံး ငြိမ်ကျ သွားပါသည်။ ဆိုဖာ ထိုင်ခုံပေါ်တွင် လက်ပိုက် ထိုင်နေကြရင်း ခေါင်း အဆက်မပြတ် ညိတ် နေကြပါသည်။ခဏအကြာတွင် ဟူစိန်က ထလာကာ အမ်ပလီဖာယာ ရှိ မြူဇစ်ဘားအား ဘားဆုံးတင်လိုက်ပါတော့သည်။

ကလပ် မြူးဇစ်ဟုခေါ်သော တက်ခနို မြူးဇစ်သံမှာ နားပင်းလုမတတ် တဒုန်းဒုန်း တဒိုင်းဒိုင်း ဖြင့် ကျယ်လောင်နေပါတော့သည်။ နောက်ဆုံး နားမခံသာ တော့၍ တစ်ရှူးစအား လိပ်ကာ တံတွေးစွတ်ပြီး နားပေါက်ဝတွင် ဆို့ထား ရပါတော့သည်။

ဟူစိန် အပါအဝင် ဟို ၇ ယောက်ကတော့ ကျယ်လောင်သော ဂီတ သံနှင့်အတူ ခေါင်းညိတ် နေဆဲ ။ သူရို့အား ကြည့်ကာ ကျွန်တော်တောင် ဇက်ညောင်းလာပါတော့သည်။

ထို့နောက် နောက်ထပ်နာရီဝက်ခန့်အကြာတွင် ကလပ်မှ လူတယောက်က မြေအင်တုံးထဲတွင် မီးကျီခဲ နီနီရဲရဲ များထည့်၍ ယူလာပါတော့သည်။ ထို့နောက် ထိုအင်တုံအား အခန်းထောင့်တွင် ထားကာ ကျန်းကျောင်း အိတ်ကဲ့သို့သော အထုပ်ကြီးထဲမှ အရွက် ခြောက်များအား ထိုအင်တုံပေါ်သို့ မှောက်သွန်လိုက်ပါသည်။

တခန်းလုံး မီးခိုးများ မွန်ထူသွားကာ ကျွန်တော်နှင့် Mr.Chan မှာ မျက်စိစပ် ချောင်းတဟွတ်ဟွတ်ဆိုး ဖြစ်ကုန်ပါတော့သည်။ ဟို ၇ ယောက်ကတော့ အရှိန်မပျက်ပါ ခေါင်းညိတ်နေဆဲ ။ ထိုအချိန်ကျမှ Mr.Chan က Henry လစ်ကြစို့ ဟူ၍ ထိုအခန်းထဲမှ ခေါ်ထုတ်သွားပါတော့သည်။

အမှန် တော့ ထို မီးခိုးမှိုင်းမှာ ဆေးခြောက် မှိုင်းပင် ဖြစ်ပါသည်။ ကျွန်တော်သိသော ဆေးခြောက်ဆိုသည်မှာ ဆေးလိပ်တွင် ထည့်သောက်ရသည်ဟူ၍သာ ဖြစ်၍ သူရို့နှင့် တွေ့မှ ဆေးခြောက်အား မှိုင်းတိုက်ကာ ရှူရှိုက်ကြသည့် အဖြစ်။

သူတို့ အတွက်ကတော့ အရက် ဘီယာ ဆေးပြား ဆေးခြောက် ၅ ပင်ခြောက်ပင် လိမ်ကာ မူးယစ်ခြင်း၏ အရသာအား ခံစားကြပါသည်။ Mr.Chan ပြောပြသည်မှာ ထိုသူတို့သည် နောက်တနေ့ နံနက် ၈ နာရီလောက်အထိ ထိုအခန်းထဲတွင် ခေါင်းညိတ်နေကြလိမ့်မည်ဟု ဆိုပါသည်။ သူတို့၏ ပျော်စရာကလည်း သောက်ကျိုးနည်း ကြောက်စရာကောင်းသော ပျော်စရာပင် ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

11/11/2021 - Thursday - 17;45 Pm

Sort:  

ခေါင်းငြိမ့်နိုင်လွန်းသူကြီးများပါပေ့။
သူရို့အစား ကျနော်တောင် ဇာတ်ညောင်းလာသလိုလို။ 😄😂

ခုလို ဗဟုသုတ ရစရာများ မျှဝေပေးလို့ ကျေးဇူးပါ ဆာဟင် !PIZZA

ခေါင်းညိတ် ဆေးပြားလို့ခေါ်တယ်။ ကိုယ်လည်း မစမ်းဘူးတော့ ဘယ်လို feel ရှိတယ်ဆိုတာ မသိဘူး။ !PIZZA

အသိတယောက် ပြောဖူးတဲ့ အဲ့ဆေးက တီးလုံးသံ ကြားတာနဲ့ ကို auto ငြိမ့်နေတာတဲ့
!PIZZA

ကျွန်တော်လည်း ကြားဘူးတယ်။ ဒါပေသိ လက်တွေ့ မြင်ရတော့ ကြောက်စရာ .... နောက်တနေ့ကတော့ နာလိုက်မဲ့ ဇက်ကြောတွေ.... !PIZZA

ဖတ်လို့ ကောင်းမှကောင်း
!PIZZA

ဆက်လက်ဖေါ်ပြပေးပါမည်။ !PIZZA

တစ်ခါ တစ်ခေါက်တော့ အလည်ရောက်ချင်ပါသော်လည်း ဘောမစိတော့ မရောက်နိုင်သေး ဘောစိသူများသာ ကဲလိုက ကဲ ဆွဲလိုက ဆွဲနိုင်ပါပေ၏ 😀

နောက် Hive ဈေးကောင်းလာရင် စုပြီးသွားလည်ကြတာပေါ့။ !PIZZA

နိုင်ငံခြား ဇာတ်ကားကြည့်နေရသလိုပါလား။ ဘောစိတွေများ လုပ်ချင်ရာလုပ်နေကြတော့တာနော်။ !PIZZA

သူတို့ အတွက် တခြားပျော်စရာ နည်းတွေက ပျင်းစရာ ကောင်းနေတာကိုးလို့။ !PIZZA

အလိုလေးဗျာ သူတို့ကဲချက်က ကမ်းကုန်ပါရောလား ၅ပင်၆ပင်လိမ်ပီး ရှော့မဖြစ်ကြဘူးလားဗျာ။

ပိုက်ဆံ ချမ်းသာကြသူများ ဆိုတော့ နောက်တနေ့ အလုပ်လုပ်စရာ မလိုကြသူတွေကိုး... ဆေးဝါးကောင်း မှီဝဲ အစားကောင်း တွေစား ဆိုတော့ !PIZZA

အဲ့လိုတွေရုပ်ရှင်ထဲမှာပဲမြင်ဖူးတာ။ စိတ်ဝင်စားစရာကောင်းသော အတွေ့အကြုံတွေပါ။

ဒါက ကလပ်ထဲမှာပဲ ရှိသေးတယ်... လမ်းဘေးမှာ နားကျပ်တပ် သီချင်းနားထောင်ပြီး ခေါင်းညိတ်နေသူတွေလည်း တွေ့ခဲ့ရတယ်။ !PIZZA

ပိုက်ဆံပေါတဲ့သူတွေ ထင်တိုင်းလုပ်ကြတာပါကလား။
ရုပ်ရှင်တွေထဲကလို အပြင်မှာလည်းရှိတာပ။
!PIZZA

တရားမဝင် ဖွင့်ထားတဲ့ ကလပ်တွေထဲမှာ သေနတ်တွေ စားပွဲပေါ်တင်ထားပြီး သောက်စားနေတဲ့ အကြောင်းတွေ မပါသေးဘူး။ !PIZZA

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped donjaun (x1)
naythan tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped myanmarkoko (x1)
kachinhenry tipped ansoe (x1)
kachinhenry tipped nyinyiwin (x1)
myanmarkoko tipped kachinhenry (x1)
nyinyiwin tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped naythan (x1)
kachinhenry tipped uthantzin (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
@kachinhenry(9/20) tipped @htwegyi (x1)

Join us in Discord!