ကျွန်တော်မှာလည်း စုံရက် မရက် ပိုစ့်တင်မည်ဟု
မှတ်ထားသမျှ ကိစ္စလေးတွေ ပေါ်လာသဖြင့်
မရက်တင်မည့်ပို့စ်ကို စုံရက်မှာ တင်ရသည်။
ယခုလည်း မနေ့က ပိုစ့်တင်ရမည်ကို ယနေ့မှာ
တင်ရသည်။ လူကမှ ငပျင်းပါဆို ပိုစ့်တင်ဖို့
အရေး ဟီးလေးခိုနေသည်။
မနေ့က ပိုစ့်တင်ရက်မှာ မျက်စိဆေးခန်း သွားပြသည်။
မျက်စိက အနည်းကိုက်ချင်သလိုလို ဖြစ်သည်။
ညာမျက်လုံးမှာလည်း အမဲစက်လေးများနှင့်
အမျှင်တန်းလေးများ ပြေးလွှားဆော့ကစားနေသည်။
မျက်စိဆရာဝန်နှင့် မပြရသည်မှာလည်း နှစ်ကြာပေ
သည်။ ထိုသို့သော အကြောင်းများကြောင့်
ကောက်ခါ ငင်ကာ မျက်စိဆေးခန်း သွားပြရသည်။

မိတ်ဆွေတဦး၏ လမ်းညွှန်းမှုဖြင့် မျက်စိဆေးခန်းကြီး
သို့ ရောက်ရှိခဲ့ပေသည်။ ဆေးခန်းကြီးဟု ဆိုသော်ငြား
မျက်စိဆေးရုံးကြီးဟုပြောသော်ရပေသည်။ အထူးကု
ကြီးများက အဆင်သင့်ရောက်ရှိနေသည်။ ကိုယ်တွေ
သိသော မျက်စိဆရာဝန်ကြီးများက ရက်ချိန်ယူကာ
တိုကင်ယူထားရသည်။ ယခု မျက်စိဆေးရုံသည်က
ကိုယ်ပြချင်သော ဆရာဝန်၏ အမည်ကိုပြောကာ
တန်းပြီး ပြသနိုင်သည်။
မျက်စိဆေးရုံကြီး၏ အဲယားကွန်များကြောင့် ကိုယ်တွေမှာ
ချမ်းပင် ချမ်းမိသည်။ မျက်စိစမ်းသပ်သည့်
အက္ခရာများက ကိုယ်တွေ ယခင်က ဖတ်ရသော
ဂ င ပ ၁ ထိုအက္ခရာများမဟုတ်ပေ။ တီဗီမျက်နှာပြင်
မှာရှိသော ဂဏန်းများကိုဖတ်ရှုရသည်။ ထိုဂဏန်းများကို
အကြီးအသေး ပြောင်းလဲ၍ ဖတ်ခိုင်းသည်။
မျက်စိပြသောအခါ မျက်စိကို မျက်စဉ်းခပ်၍
ဆယ့်ငါးမိနစ်အကြာနေခိုင်းသည်။ ထိုမျက်စဉ်းက
ဘာလဲတော့မသိပေ။ မျက်စဉ်း ခပ်စဥ် မျက်စိစပ်
သည်။ ဆယ့်ငါးမိနစ်ကြာပြီး မျက်စိက အနည်း
ဝေဝါးသွားသည်။ ထိုအခါမှ မျက်လုံးကို ထပ်မံ
စစ်ဆေးပေးသည်။ မျက်စိကို သေချာစစ်ဆေးပေးပြီး
ဆရာဝန်မကြီးက သေချာရှင်းလင်းပြောပြသည်။
မျက်စိရှေ့မှာ တွေ့ရသော အမဲစက်လေးများက
အသက်အရွယ်ရလာသောအခါ အချို့သော
လူများတွင် ဖြစ်တတ်သည်။ သူမတွင်လည်း
ထိုသို့ဖြစ်သည်ဟု ပြောသည်။ သေချာ ဂရုစိုက်ပြီး
လိုက်၍ ကြည့်မနေရန်ပြောသည်။ အချိန်တန်ပါရင်
ပျောက်သွားတတ်သည်ဟုပြောသည်။ အတွင်းတိမ်
ရှိသည်ဟု ပြောသည်။ ခြောက်လကြာပါလျှင်
တခါလာ၍ ပြသရန်ပြောသည်။ မျက်စိ အားဆေး
နှင့် မျက်စဉ်းပေးလိုက်သည်။ မျက်စဉ်းက
ဈေးကြီးပေးသည် လေးသောင်းကျပ်ကျော်
ပေးရသည်။
ဝန်ဆောင်မှုကောင်းသလို ငွေပေးရသည်ကလည်း
ကောင်းလှပေသည်။ အင်း သူဟာနဲ့ သူတော့
ဟုတ်နေတာပ။ ငွေးကြေးတတ်နိုင်သူအများအဖို့
အဆင်ပြေပေသည်။ အခြားသော မျက်စိဆေးခန်း
များထက်သော ဝန်ဆောင်မှုရော၊ ကုသမှုရော
ပိုမိုကောင်းမွန်သည်။ ကိုယ်တွေ မျက်စိကလည်း
ငွေလေးကုန်တော့ သက်သာချင်သလိုလို
ဘာလိုလိုနဲ့ တကတည်း မပြောချင် မရေးချင်
ပါဘူး။
@htwegyi
June 6, 2026
စက္ခုပသာဒ ရှုတိုင်းလှနိုင်ပါစေ။
!PIZZA
!HUG
ကျေးဇူးပါဗျာ။
$PIZZA slices delivered:
@golden.future(1/10) tipped @htwegyi
Send $PIZZA tips in Discord via tip.cc!