ထပ်ကိန်းငင် ဝေဒနာ

in #artzone6 years ago

image
စိတ်၏ တုန်လှုပ်သံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ ကိုယ်ခန္ဓာ သည်လည်း တည်ရာ မရချင်။ ပဲ့တင်ထပ်ဆဲ သမားတော်ကြီး၏ စကားတို့ကား နားထဲမှ မောင်းနှင်ထုတ်၍ မရ။ အခန်းနံပါတ် … သို့ လှမ်းရန် ခြေလှမ်းတို့မှာလည်း ထူးခတ် ခံထားရသည်သို့ ဧည့်များ နားနေရန် ခင်းထားသော ပလတ်စတစ် ခုံပြားများတွင် ထိုင်ချလိုက်ရင်း မိန်းမော နေမိသည်။

ညိုလဲ့ … ညိုလဲ့။

ဟုတ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါ့မလား။ ခေါင်းကို အကြိမ်ကြိမ် ခါယမ်း နေမိသည်။ ညိုလဲ့ … ညိုလဲ့နဲ့ ဒီရောဂါ။ မဖြစ်နိုင်လောက် ပါဘူး။ တစ်ခုခုမှား၊ အင်း … အားမဲ့သော အငြင်းဝါကျတို့ သည်လည်း သက်တမ်းမရှည်။ အထူးကုကြီး တွေပဲလေ။ မသေချာဘဲနဲ့တော့ ဟူး … ဘုရား … ဘုရား။ ဒါဆို … ဒါဆို သူ … သူတို့ကို ဘယ်လို ... ပြောရပါ့။

ရန်ကုန် မြို့တော်ကြီးနှင့် မလှမ်းမကမ်း တွံတေး မြို့နယ်တွင်းက ရွာလေးတစ်ရွာ။ တောကြီးတန်းမှ စီးဆင်းလာသော မိုးရေနှင့် ရန်ကုန်မြစ်ဘက်မှ တက်လာတတ်သော ဒီရေတို့ အကြားဝယ် တည်နေသောကြောင့် စိုက်ရေးပျိုးရေး ခက်ခဲလှသည့် ရေနက်ကွင်း ရွာကလေး။ မိုးရေနှင့် ဆားငန်ရည်တို့ တစ်လှည့်စီ ကလူနှိပ်စက်မှုကို အံတုရင်း လုပ်ကိုင်စားရသော ထိုရွာလေးတွင် ညိုလဲ့ ဘဝ စခဲ့လေသည်။ အင်း ... ကိုယ်တိုင်လည်း ဒီလိုပဲ စခဲ့ရတာပါပဲလေ။ အစ်ကို ခမျာသာ ကျောင်းဆက် မတက်နိုင်ဘဲ ဪ … ခု သူ့သမီးလေး ကျတော့လည်း ...။

မူလတန်း အောင်ပြီး ကတည်းက ရွာရှိ ရှေးရှေ့က အစ်မများလို ပင်လယ်ထဲ ဆင်းခဲ့ရသူ။ လယ်နားချိန်များတွင် ရွာချောင်းရိုးလေး တစ်လျှောက်ဝယ် ငါးရှာ၊ ဖားရှာရင်း အပျိုဖော် ဝင်ခဲ့ရသည်လေ။ လယ်သူရင်းငှား မိသားစုက ပေါက်ဖွားသည့် သားသမီး ငါးယောက်တွင် ညိုလဲ့က အကြီးဆုံး။

ဆယ့်ကိုးနှစ် ပြည့်သည့်နှစ် မှာတော့ ညိုလဲ့ဘဝ တစ်ဆစ် ပြောင်းခဲ့သည်။ ရွာ့ဝန်းကျင်ရှိ ရေနက်ကွင်း လယ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာက ငါးပုစွန် မွေးမြူရေး စခန်းများ အဖြစ် ပြောင်းလဲ လိုက်သောအခါ ထိုပြောင်းလဲမှုနှင့် အတူ ညိုလဲ့ဘဝကို ပြောင်းလဲစေသည့် အကြောင်းလည်း ပါလာခဲ့လေသည်။ ယန္တရားအဖွဲ့မှ မြေတူးစက်မောင်း သမားလေး ဖိုးသော်။

မိုးဆုတ်စ နေ့တစ်နေ့တွင် သန်မာသော လုလင်နှင့် ပျိုရွယ်သော လုံမတို့၏ မင်္ဂလာပွဲတစ်ခုထက် ပိုသော အဓိပ္ပါယ်နှင့် ညိုလဲ့ရဲ့ လက်ထပ်ပွဲကို တက်ခဲ့ရသည်။ တစ်ရွာသား သတို့သားရဲ့ အသိုင်းအဝိုင်းဝယ် တူမငယ် မျက်နှာမငယ်ရေး ရန်ကုန်ဧည့် တစ်ဦး အနေဖြင့် ငါ့လက်ပေါ်မှာ ကြီးခဲ့တာ ဆိုသည့် သံယောဇဉ် ကလည်း တွန်းအားတစ်ခု ပါပဲလေ။

ပကာသန သေးနုပ်ကလေးများဖြင့် မွမ်းမံထားသော ထိုမင်္ဂလာပွဲလေးသည် ရွှေရောင်၊ စိန်ရောင်တို့ဖြင့် မပြိုးပြက်သည့်တိုင် နှစ်ဖက်မျိုးဆွေတို့၏ အရယ်အပြုံးတို့ဖြင့် တောက်လက်ခဲ့သည် ကတော့ အမှန်ပင်။ ထိုအရယ်အပြုံးတို့ နောက်ဝယ် ဘယ်လိုမှ မမျှော်မှန်းနိုင်သော အရာသည် ဟူး ...။

ရုတ်ခြည်းထကာ ဆေးရုံရှေ့ လမ်းမဆီ ထွက်လာလိုက်မိသည်။ ဟိုသည်ငေးရင်း ရပ်ကာ တွေဝေ နေမိပြန်သည်။

“မင့်တူမ ဆေးကုချင်လို့ လာကြတာ။ အဲဒါ …”

တစ်နေ့က ရောက်မဆိုက် ပြောလာသော အစ်ကိုတို့ ဇနီးမောင်နှံ၏ စကားများ သာမန်အဖျား တစ်ခုဟု ထင်ခဲ့မိသည်။ ခုတော့မူ ...။

“ခင်ဗျားနဲ့ ဘာတော်သလဲ”

စသည့် ဆရာဝန်ကြီး၏ စကားတို့သည် ပဲ့တင်ထပ် လာပြန်သည်။ လေးဖင့်စွာ ခြေဦးကို ပြန်လှည့်ခဲ့မိသည်။ ပုဂ္ဂလိက ဆေးရုံဟောင်းကြီး တစ်ခု၏ အနိမ့်ဆုံး ကြေးနှုန်းဖြင့် တက်ရောက် ကုသနိုင်သည့် အခန်းငယ်လေးများ ရှိရာ နောက်ဘက်ဆီသို့ ...။

(၂)

အခန်းနံပါတ် ... ၏ ရှေ့အရောက်တွင်တော့ တံခါးကို ကိုင်ကာ ငိုင်နေမိပြန်သည်။ ဆွေထဲမျိုးထဲတွင် နောက်ပြီး ခမျာလေးမှာ ... မှ ... ဟူး ...။

ဘာက ဘယ်လို စပြောရပါ့ဟု အတန်ကြာအောင် တွေနေမိသည်။ အခန်းတွင်းမှ စကားပြောသံနှင့် ခွက်ယောက် ရွှေ့သံ တစ်ချက် ကြားလိုက်ရမှ သတိဝင်ကာ တံခါးကို အသာတွန်း၍ ဝင်လိုက်သည်။ ထမင်းစားဖို့ ပြင်နေကြသော အစ်ကိုတို့ လင်မယားနှင့် ဒေါ်လေးစောတို့၏ လှမ်းအကြည့်များနှင့် ဆုံရသည်။ ခုတင်ပေါ်မှာတော့ ပက်လက်ကလေး လဲလျောင်းနေသော အရိုးပေါ် အရေတင် ဖြစ်ရလေ ...။

“အမေတို့ လိုက်ခဲ့ပါ၊ သမီး ဖျားနေတာ ကြာပြီ။ ကျောက်တန်း ဆေးရုံမှာ တက်တာလည်း မသက်သာဘူး။ အဖျားက မကျဘူး။ ညနေဆို ပုံမုန်တက်တယ်လို့ လူကြုံမှာလို့ လိုက်သွားကြတာ။ ဟိုလည်းရောက်ရော ခုလိုပုံ တွေ့ရတာပါပဲတော်” ဆိုသည့် ညိုလဲ့အမေ၏ မချိတင်ကဲသံကို ပြန်ကြားယောင်သည်။ ဟုတ်ပေမည်။ ရှေးနှင့် အကွာကြီး ခြားနေသော သမီး၏ အသွင်သည် မြင်ရသူ မိဘတို့ ရင်အား ...။

တရာ့နှစ်က မကျသော အဖျားနှင့်ပင် ဆေးရုံက ဆင်းခဲ့ပြီး ကွင်းထဲက လယ်တဲလေးထဲမှာ နို့စို့ နို့ညှာ သားနှစ်ယောက်နှင့် အဖျားတက် နေခဲ့သည် တဲ့။ သူ့ခင်ပွန်း ဖိုးသော်က ယန္တရားတွေ ရွှေ့ရာ လိုက်ပါနေရသည် တဲ့။ လစာထုတ်မှ ပြန်လာရသတဲ့။

“ဟော ... ငါ့ညီ ဆရာဝန်ကြီးနဲ့ တွေ့ခဲ့လား”
“တွေ့ခဲ့တယ် အစ်ကို”
“ဘာရောဂါတဲ့လဲ”

ဖြေရန် အသင့်မပြင် နိုင်ခဲ့တာကို နောင်တရသည်။ ကြားသူအတွက် အလင်္ကာ မြောက်စေမည့် မုသားတို့ကို အပြေးအလွှား ရှာဖွေနေမိသည်။ ထွက်လုလု ပင့်သက်ကို ကျိတ်မျိုလိုက်ရင်း ...

“အစာအာဟာရ ကောင်းကောင်းစားပြီး နားနားနေနေ နေရမယ်တဲ့။ တဖြည်းဖြည်း ကောင်းသွားမှာပါတဲ့”

အမေးနှင့် မစပ်သော အဖြေကြောင့် ရိပ်မိများ သွားကြလေ မလား။ မရိပ်မိကြပါစေနဲ့၊ မရိပ်မိကြပါစေနဲ့၊ အထူးသဖြင့် ...။

“ဟုတ်တယ်၊ ဦးဦးရဲ့။ ညိုလဲ့ ထမင်းမစားနိုင်တာ ကြာပြီ။ ရွာပြန်ရောက်မှ ငါးပိရည်ကို ငရုတ်သီးမှုန့် များများနဲ့ စားလိုက်ဦးမယ် နော် … အမေ”

ခုတင်ပေါ်မှ လှမ်းပြောလိုက်သော ညိုလဲ့၏အသံ ယဲ့ယဲ့ကြောင့် အာရုံပြောင်း သွားကြသည်ထင့်။ မေးခွန်းတွေ မဆင့်လာတော့။

“စားရမှာပေါ့ သမီးရယ်။ ငါးပိရည် ကြာရိုးဟင်းခါးပါ အမေ ချက်ကျွေးမယ် သိလား”

ဪ ... အားရှိတဲ့ အစားအစာ ငါးပိရည်နဲ့ ကြာရိုးဟင်းခါး၊ ငါးပိရည် ကြာရိုး … ဟင်း ...။

(၃)

သူတို့နားနှင့် စိမ်းနေနိုင်သည့် အင်္ဂလိပ် အက္ခရာ လေးလုံးကို ရွတ်ကာ ညိုလဲ့၏ ရောဂါကို တီးတိုး ပြောပြလိုက်တော့ အစ်ကိုမှ လွဲ၍ ကျန်သူများက ဘာသိဘာသာပင်။ ထိုရောဂါသည် သူတို့ှနှင့် ရင်းနှီးနေသော အခြား ဖျားနာများလိုပင် ဆေးရုံက ဆင်းသည်နှင့် ပျောက်ကင်းသွားမည့် ရောဂါဟု ထင်နေကြဟန်။ အစ်ကိုကမူ …

“ဘာ ... ဘယ်လို သမီးရောဂါက ဟို ... အိပ်ရောဂါ ဆိုတာလား၊ ဟုတ်လား”
“...”
“မဖြစ်နိုင်တာကွာ။ မင်းအသိပဲ မောင်ဆွေ။ ငါ့သမီး မင်းတူမဟာ ဘယ်လောက် ရိုးသားတယ် ဆိုတာ။ ဒီလို လူမျိုးကို ...”

ပေါက်ကွဲသွားသော အစ်ကို၏ စောဒကသံကြောင့် ကျန်သူများပါ အလန့်တကြား ဖြစ်သွားကြသည်။ အထိတ်တလန့်နှင့် စူးစမ်းကြည့် ကြည့်လာကြသည်။ ရှင်းပြနိုင်ဖို့ ထိုရောဂါနှင့် စပ်သည့် ဗဟုသုတ အတိုအထွာလေးများကို ပြန်လည် စဉ်းစား စစ်ထုတ် နေမိသည်။

“ကြံကြီးစည်ရာကွာ၊ မဟုတ်တရုတ် အသက်မွေးသူတွေမှာ ဖြစ်တဲ့ ဒီရောဂါက ရိုးရိုးအအ တောသူကို လာဖြစ်ရတယ်လို့ မဖြစ်နိုင်တာ”

အဲဒီ ရိုးအမှု တံခါးကလည်း ဝင်လာနိုင်တာပဲ အစ်ကိုဟု ပြောမိအံ့ဆဲဆဲတွင် နှုတ်ကို ချုပ်တည်းရသည်။ ဆရာဝန်ကြီး ပြောလိုက်သလို ဒါမျိုးဆိုတာ ဆေးထိုးအပ်တို့၊ သွေးသွင်းတာတို့၊ နောက်ပြီး ဟို … ဟူး ... ငါ … ငါ … ဘယ်လို ပြောရပါ့။

“ဟဲ့ .. မိအေးရီ၊ နင့်သမီးက ဟိုရောဂါတဲ့။ ဆေးမရှိတဲ့ ရောဂါတဲ့။ ဆေးမရှိတဲ့ ရောဂါ” တဲ့။

အခန်းတွင်းက ညိုလဲ့ကြားမှာ စိုးရိမ်မိသည်။ ပျာပျာသလဲ အစ်ကို၏ ပခုံးကိုဆုပ်ကာ သတိပေးမိသည်။ သူ့ဇနီးက မျက်တောင်ပုတ်ခတ်နှင့် ကြည့်နေသလို အဒေါ်လေးစော မှာလည်း ပါးစပ် အဟောင်းသားနှင့်ပင်၊ အစ်ကို၏ ကြေကွဲမှုသည် သူတို့ကို ကူးစက်ခဲ့လေပြီ။ ဆိုးဝါးသော ရောဂါနှင့် သမီးငယ်၏ နွယ်ဆက်မှုကို နားမလည် နိုင်ကြဟန်၊ လက်မခံလိုကြ ဟန်ပင်၊ ဟုတ်မှာပဲ။ သူတို့မပြောနှင့် ကြားစက ကိုယ်တောင် ...။

“ဒါမျိုးဆိုတာ အစ်ကို၊ မူးယစ်ဆေး သုံးတာတို့၊ ဟိုရောဂါ ရှိတဲ့သူနဲ့ ဟို … ဟို …”

စကားသည် ဆုံးခွင့် မရလိုက်။ ဧည့်သည်တစ်သိုက် ရောက်လာကြသည်။

“ဟော ... မောင်သော်တို့ ရောက်လာကြပြီ”

မအေးရီ ဆီးကြိုနှုတ်ဆက် လိုက်မှ ညိုလဲ့ဆီ လာကြသူများဟု သိလိုက်ရသည်။ ဟုတ်တာပေါ့။ ဒါ ညိုလဲ့ ယောက်ျားလေးပဲ။ အင်း … ဒီကောင်လေးကများ။ အို … မဟုတ်နိုင်ပါဘူး။ အင်း … မဟုတ်ပါစေနဲ့၊ မဟုတ် … ပါစေ ...။

“မနေ့ကတည်းက လာကြမလို့။ သမီးကို စောင့်နေရတာနဲ့။ ဒီနေ့မှ လာနိုင်တာ”

သူက ညိုလဲ့ ယောက္ခမကြီးပဲ။ ဟိုကလေးမက သူ့သမီး ထင်ရဲ့။ မြို့ရည် မြိုသွေးနဲ့ ဆိုတော့ … ကျောင်းသူ ...။

“ကျုပ်ချွေးမလေး ဘယ့်နှယ့် နေသေးလဲ။ သက်သာရဲ့လားဟင်”

စဉ်းငယ် ကြာသည့်တိုင် အဖြေက မထွက်လာ။ ညိုလဲ့ ယောက်ျားကတော့ သိလိုစောရှာထင့်။ အခန်းကို မေးကာ ဇနီးထံ ထွက်သွားတော့သည်။ ဒေါ်လေးစောက ထလိုက်သွားသည်။ စကားဆိတ် နေရာမှ ...

“ဆရာဝန်က ဘာတဲ့လဲ။ ဘယ်နေ့ ဆင်းရမတဲ့လဲ ဟင်”

မည်သူ့ထံကမှ အဖြေ မပေါ်ပြန်။ အဆင်ပြေဆုံး အဖြေကို စဉ်းစားနေစဉ် ...

“ဒီနေ့ပဲ ဆင်းရမယ်တဲ့။ ဆေးရုံမှာ နေလည်း မထူးဘူးတဲ့။ ကျုပ်သမီး ရောဂါက ဆေးမရှိတဲ့ ရောဂါတဲ့ဗျ”

မချိတင်ကဲ ဝင်ပြောလိုက်သော အစ်ကို၏ အဖြေကြောင့် ကြက်သေ သေသွားကာ ...

“ဟောတော်၊ ဒါဆို ဟို ဟို ... ကူးစက်တတ်တဲ့ ရောဂါ ဆိုတာများလား၊ ဘုရား ... ဘုရား ... ဘယ်ကများ ... ကူး”
“ဘယ်က ကူးရမှာလဲ၊ ခင်ဗျားသားက နေမှာပေါ့ ဟင်း ...”
“အလိုတော်၊ ကျုပ်တို့သားက လူကောင်း ...”
“ဩ ... ကျုပ်တို့ သမီးကတော့ မကောင်းဘူးပေါ့လေ။ တောက် … ဒီမယ် ဒေါ်သန်း”

သမီးဇောနှင့် ကြိတ်မနိုင် ခဲမရ ဖြစ်နေရှာသော အစ်ကို့ပခုံးအား ဖျစ်ကာ သတိပေးရ ပြန်သည်။ ဒေါ်သန်းကိုလည်း သူ့သမီးက တီးတိုး ပြောပြနေသည်။ ကြားဝင်၍ ...

“ဒီရောဂါဆိုတာ မူးယစ်ဆေးတို့၊ ဆေးထိုးအပ်တို့၊ ရောဂါရှိသူရဲ့ သွေးကို သွင်းမိတာတို့ကနေ ကူးစက်တတ်သလို ဟို ... လိင် ... အဲ ... ဟို လင်မယား ဆက်ဆံရာကလည်း တစ်ဦးမှာရှိရင် တစ်ဦးကို ကူးနိုင်တယ်တဲ့။ ဘာပဲဖြစ်ဖြစ်လေ ဒီအချိန်မှာ သူ့ကြောင့် ၊ ငါ့ကြောင့် အငြင်းပွား နေရမယ့်အချိန် မဟုတ်တော့ပါဘူး။ ညိုလဲ့ကိုသာ …”

ညိုလဲ့ ယောက်မလေးက မျက်လွှာချနေပြီး အမေ ဖြစ်သူကတော့ မျက်လုံး အဝိုင်းသားနှင့် လှမ်းကြည့်နေသည်။ စကားတစ်ခုကို အမှတ်ရလာ၍ ...

“အဲ ... အစ်မကြီးသား ကိုလည်း ဆေးစစ်ကြည့် သင့်တယ်။ ဆရာဝန်ကြီး ကလည်း ရောက်ရင် ဆေးလာစစ်ပါတဲ့”

“ဆေးစစ်ဖို့ မလိုတော့ပါဘူး ဦး ...၊ မနှစ်နွေက အစ်ကို ရေယုန်တွေ ပေါက်ပြီး နေမကောင်း ဖြစ်လို့ ကျွန်မလုပ်တဲ့ ဆေးခန်းကို လာပြတော့ ဆရာဝန်က အစ်ကို့မှာ ပိုး …”

သူငယ်မ၏ စကားသည် တိုးတိမ်သွားပေမင့် ညိုလဲ့ထံ ရောဂါလာရောက်ရာ လမ်းကြောင်းကမူ ...။

(၄)

ထိုညနေမှာတော့ ညိုလဲ့ကို ရွာသို့ ပြန်ခေါ် သွားကြသည်။ ရွာကို အားမွေးရအောင် ခဏသွား အနားယူမှာဟု လီဆယ်ကြရသည်လေ။ သူ့ယောက်ျား ဖိုးသော်ကတော့ ကျောက်တန်း ခဏပြန်မည် တဲ့။ တစ်နေ့ သုံးထောင်ဆိုသည့် ဆေးရုံစရိတ်ကို လေးရက်စာ ရှင်းပေးလိုက်သည်။ လိုအပ်သော ဆေးဝါးနှင့် စားစရာ သင့်နိုးရာရာ ဝယ်ပေးလိုက် နိုင်ပေမင့် ရင်ထဲမူ အင်း ... ခမျာလေး ဒါ ... နောက်ဆုံး ... ခရီး ဟူး ...။

အရောင်းအဝယ်တွေက တစ်ဖက်နှင့်မို့ ရွာသို့ရောက်အောင်မူ လိုက်မပို့နိုင်ခဲ့။ အရေးရှိလျှင် မှာဖို့ အစ်ကို့ကို အားပေးလိုက်ရင်း ညို့လဲ့ သတင်းကို နားစွင့်နေမိသည်။ မျှော်သော သတင်းသည် ထင်သည်ထက် စောစွာ ရောက်လာခဲ့လေသည်။ လေးရက်မြောက် နေ့တွင် ညိုလဲ့ မသက်သာ။ နေ့လား၊ ညလား ရောဂါသည်း နေပြီ။ မင်းကိုလည်း မေးနေသည် ဆိုသော သတင်းစကားသည် အစ်ကို အခေါ်လွှတ်သူနှင့် အတူရောက်လာ၍ ရွာသို့ ဆင်းခဲ့ရလေသည်။ အရက်လေး ထွေထွေနှင့် သမီး အကြောင်းကို တသသ ပြောနေသော အစ်ကို့ကို ရွာအဝင် ကြီးတော်ရီတို့ အိမ်မှာပင် အသင့် တွေ့ရသည်။

“ငါ့ညီ၊ မင်း ရောက်လာပြီ။ မင်း လာတာ ကျေးဇူးတင်တယ်။ ဒါပေမယ့် မင်းလည်း မင်းတူမကို မကယ်နိုင်ဘူး ... အေ့”

စိတ်ကို ထိန်းဖို့ နှစ်သိမ့်စကားအချို့ ပြောကာ နှုတ်ဆက်ရှာသူတွေကို တုံ့ပြန်နှုတ်ဆက်ပြီး ရွာလယ်ချောင်းနံဘေး လမ်းလေးအတိုင်း ဝင်ခဲ့သည်။ ချောင်းလေး တစ်ဖက်တစ်ချက် စီရီနေသော ဝါးနှင့်ပြီးသည့် အိမ်လေးများထဲမှ အိမ်လေးတစ်လုံး အတွင်း ဝင်လိုက်တော့ တွေ့ရသည်က ညိုလဲ့နှင့် အရင်းအဖျား ဆွေမျိုး မိန်းမကြီးငယ် တချို့။ သူတို့ထဲမှ ညိုလဲ့အမေ မအေးရီက ...

“ဟော ... မောင်ဆွေမြင့်”

ထို နှုတ်ဆက်သံကြောင့် ပက်လက်ကလေး မှိန်းနေသော ညိုလဲ့ မျက်လုံးလေးများ ပွင့်လက်လာသည်။

“ဦး ... ရောက်လာပြီလား။ သားကြီးနဲ့ သူ့အဖေကော မပါလာဘူးလား”

တိုးသဲ့မေးသံကို ဘာဖြေရမှန်းမသိ။ မျက်လုံး ဝေ့ကြည့်မိသော အခါ ဖြေသားရနေဟန် တူသော တယောက်က
“လာတော့မယ် တူမရဲ့၊ သွားခေါ်နေပြီ” ဟု ဝင်ဖြေလိုက်မှ “ဪ” ဟု တိုးသဲ့သံပြုရင်း ပြန်မှိန်းသွား ပြန်သည်။
လွန်ခဲ့သော သုံးလေးနှစ်ခန့်က ညိုလဲ့သည် ယခု ညိုလဲ့ မဟုတ်တော့ပြီ။ ကြုံလှီ သေးကွေးသော ကိုယ်နှင့် ပြာနှမ်းနှမ်း အသားအရေတို့သည် ...။

“သားကြီး ရောက်မလာသေးဘူးလား အမေ”
“ရောက်တော့မယ် သမီးရဲ့”

မနေ့ကတည်းက ညိုလဲ့ ယောက်ျားနှင့် နှစ်ခါလည်ရွယ် သူ့သားကြီးကို အခေါ်လွှတ် ထားသည်တဲ့။ ကျောက်တန်း ပါဒကြီး နှင့် တွံတေးသည် ပြောပလောက်အောင် ခရီးမကွာလှမ်း။ သို့သော် ဖိုးသော်တို့ကို နှောင့်နှေးစေသော အကြောင်းများသည် တစ်ခုမဟုတ်၊ တစ်ခု ... ဟူး ... ဆေးရုံက ဆင်းတဲ့နေ့ကတည်းက တပါတည်း လိုက်ခဲ့ဖို့ ကောင်းတာ။ ဒီကောင့်နှယ် ...။

“အမေ လာကြပြီလား”
“လာနေပါပြီ သမီးရဲ့”

ဝင်သက်ကို ခက်ခဲစွာရှူရင်း ဖွဖွမေးနေသူကို မျက်ရည်ရွှဲ နေသူတွေက ဟန်မပျက် ဖြေနေလေသည်။ အင်း ... သူ့သားကြီး ကို စောင့်နေရှာတာများလား။

“သား … သားလေးကော …”
“ဟိုမှာလေ သမီးရဲ့၊ သမီးအဖေ ထိန်းနေတယ်။ ကိုညိုရေ၊ ကလေးကို ခေါ်ခဲ့ပါဦး”

အစ်ကိုက သူ့မြေးလေးကို ပိုက်ချီလာကာ ညိုလဲ့ကို ပြတော့ မျက်နှာလေး သွေးရောင် လွှမ်းလာကာ မျက်လုံးလေးတွေ တောက်လာပြန်သည်။ မျက်ရည်တို့ စိမ့်ထွက်လျက်က ညိုလဲ့ သားဆီ လက်ကမ်းသည်။ ကြည့်အားမရှိ၍ မြင်ကွင်းကို လွှဲရန် အသာထကာ ထွက်ခဲ့မိသည်။

“အမေ … သားကြီးတို့ မ …”

သဲ့သဲ့ ကြားလိုက်ရသော ထိုအမေးသည် ညိုလဲ့၏ နောက်ဆုံးမေးခွန်း ဖြစ်ကြောင်း အဖြေက ...

“သမီး ... သမီး၊ အံမယ်လေး … ကယ်ကြပါဦး တော့်။ ကျွန်မသမီးလေး ရေတိမ်နစ်ပါပေါ့ ... အီး ... ဟီး ...”

ဝါးအိမ်ကလေးသည် ငိုသံတို့ဖြင့် သိမ့်သိမ့်ခါ သွားသလားပင်။

(၅)

နောက်နေ့နံနက် စောစောတွင်မှ ညိုလဲ့ယောက်ျားနှင့် သားကြီးလေးတို့ ရောက်လာကြသည်။ ငွေလေးကြေးလေး ရှာဖွေနေရလို့ နောက်ကျခြင်းတဲ့။ ထိုအကြောင်းပြသည် ဆွေမျိုးတို့အား နှလုံးကြေကွဲမှုသာ ပို၍ ဖြစ်စေပြန်သည်။ ငိုသံတွေ တစ်ကျော့ ညံလာပြန်သည်။ ဪ … မပြည့်စုံခြင်း အနာဟာ တခြား ဝေဒနာတွေကိုပါ ခံစားစေတဲ့ အရာပါလား။ ညိုလဲ့ကတော့ ဘာဝေဒနာမှ မခံစားရတော့ပြီ။

မောင်သော်သည် ရောက်သည်နှင့် ဇနီးအနား သွားကာ ငိုရှိုက်နေသည်။ သားကြီးလေးကတော့ အဒေါ်များ၏ လက်ပေါ်မှာ သူ့မိခင်၏ ခရီးဆုံးကို သိရှာပုံမရ။ ဟူး … နှစ်ခါလည် ကျော်ကျော် ဆိုတော့လည်း ဪ ... ညိုလဲ့၊ တူမလေး သူ တဖွဖွမေးနေတဲ့ သား ရောက်လာတော့လည်း ခမျာ ...။

ချောင်းစပ်ဆီ ထွက်လာမိသည်။ အုန်းပင်တန်းမှာ ရပ်ရင်း အကြောင်းမဲ့ ဟိုသည် ငေးနေမိသည်။ ဖမျက်ဒူးဝန်း မြုပ်ခန့် ရေသည် လေးတွဲ့စွာ စီးဆင်းနေသည်။ ဪ ... လူတစ်ယောက်ရဲ့ ဘဝ စီးဆင်းသွားပုံကဖြင့် မြန်ဆန်လှချည့်။

လွန်ခဲ့သော သုံးလေးနှစ်ခန့်က ရယ်မြူးနေခဲ့သော သတို့သမီးလေးသည် ယခုမူ။ မနက်ဖြန်တွင် နိဂုံးတိုင် ပေတော့မည်။ နိဒါန်းနှင့် နိဂုံးသည် နီးကပ်လွန်းလှချည့်။ ထိုစဉ် အစ်ကိုသည် သူ့မြေးငယ်လေးကို ပိုက်ကာ တစ်ဖက်အိမ်မှ ကူးလာနေသည်ကို တွေ့ရတော့ ဪ … ဥမမယ်ကလေး နို့မှ စို့ရရှာပါလေစ။ နို့ဘူးတို့ ဘာတို့မှ ရှိပါလေစ။ ဟူး … ဟော … ငိုရှာပြီ။ အင်း … သူကလေးရဲ့ နိဒါန်းကလည်း အား … ဒီခမျာလေးမှာကော ဖွဟဲ့ လွဲပါစေ။ ဖယ်ပါစေ ဘုရားသိကြား မလို့ လွဲပါစေ။ ကြည့်စမ်း၊ အပြစ်မဲ့တဲ့ ရောက်သစ်စ ဘဝလေးကို စောင့်ကြိုနေတဲ့ အရာက ... ဘုရား … ဘုရား ...။ မျက်စိကို မှိတ်ကာ အနားက အုန်းပင်ကို မှီလိုက်မိသည်။ ကိစ္စဝိစ္စတွေ ပြီးရင်တော့ ဆေးစစ်ပေး၊ ဟူး ...။

(၆)

မနက်ဖြန်တွင် ညိုလဲ့ကို သဂြုႋဟ်တော့မည်။ ရွာမှာတော့ အပြင်းဖျားလို့ ဆုံးတာဟု သတင်းထွက်သည်။ ဆွေရင်းမျိုးချာ တချို့သာ အမှန်ကို ရိပ်မိကြသည်။ ဒီရောဂါကို ရှက်စရာဟု ထင်၍လား မသိ။ ဖုံးကွယ်ထားလို ကြသည်။ ညိုလဲ့အမေ မအေးရီကဆို ခုထိ လက်မခံ။ ပြောလာသူကို တွင်တွင်ငြင်းဆန်မြဲ။ မတတ်သာ။ တစ်ချိန်မှာတော့ ပြောပြရပေမည်။ အကူးစက်ရဲသော ထိုရောဂါသည် မသိနားမလည်ခြင်း တံခါးမှ အလွယ်တကူ ဝင်ရောက် လာတတ်ကြောင်း။ ဒါကြောင့် ...။

အင်း ... အစ်ကိုတို့ မိသားစုကော ဆေးရုံက ဆင်းတဲ့နေ့က ဆရာဝန်ကြီး မှာလိုက်တဲ့ ဆေးထိုးအပ်တို့ ဘာတို့ သီးသန့်သုံး ဆိုတာတွေ လိုက်နာကြရဲ့လား မသိဘူး။ သမီး သံယောဇဉ်နဲ့များ။ အို … အစ်ကို ဒါလောက် မအပါဘူးလေ။ ဟူး ...။

အိပ်လို့မရသည့် အဆုံး ထထိုင်လိုက်မိသည်။ သိပ်သည်းသော အမှောင်ထုက ဝန်းကျင်မှာ ဘက်ထရီ မီးရောင်ဖြင့် လူတချို့ ကနားဖျင်း အောက်မှာ ဝိုင်းဖွဲ့နေကြသည်။ ပိုကာဆွဲနေကြ သည်လား မသိ။ ထိုအနားတွင် ဖိုးသော်ကိုလည်း လှမ်းတွေ့ရသည်။ သူပါ ဝင်ကစား နေဟန်တော့ ဟုတ်ဟန်မတူ။ ဒီအချိန်တွင် သူ့မှာလည်း ...။

အင်း ... ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပျက်။ ခုရော မြေတူးစက် မောင်းသေးလား မသိ။ ကိုယ်ခန္ဓာကတော့ မကျသေးဘူး။ ဒါမျိုးဆိုတာ တဖြည်းဖြည်းမှ ... ဖြစ်မှ ဖြစ်ရပလေ။ အို … သနားစရာ မလိုပါဘူး။ သူမိုက်မဲလို့ အပြစ်မဲ့တဲ့ ငါတူမလေး ဟွန်း ... တကယ်ဆို ဒင်းသေရမှာ။

အေးလေ၊ ပညာကလည်း ကောင်းကောင်းမတတ်။ ဗဟုသုတကလည်း မရှိရှာ ဆိုတော့ ပြုမိကြမှာပဲလေ။ မျက်ကန်း တစ္ဆေ မကြောက် ဆိုသလို မသိတော့ မကြောက်။ မကြောက်တော့ မဆင်ခြင်၊ မဆင်ခြင်တော့ ဟူး ...။ နောက်ပြီး အလုပ်ကြမ်းသမားတွေ ဆိုတော့ ပင်ပန်းတာကို အကြောင်းပြုပြီး အရက်ကလေး သောက်ရ လွယ်တာကို အကြောင်းပြုပြီး အပျော်လိုက်၊ လုပ်ဖော်ကိုင်ဖက်တွေ ကလည်း အရွယ်တွေက မတိမ်းမယိမ်း။ အသိကလည်း မယိမ်းမတိမ်း ဆိုတော့ တစ်ဦးကို တစ်ဦး ထိန်းကွပ်ပေးနိုင် ကြမည်မဟုတ်။ အဲဒီအခါ ကာကွယ်ရအောင်မှန်း၊ ဆင်ခြင်ရကောင်းမှန်း သိကြမည် မထင်။ အို … ကာကွယ်ဖို့ အသာထား 'ကွန်ဒုံး' ဆိုတာတောင် ကြားမှ ကြားဖူးကြရဲ့ မသိ။

သူများဆီမှာတော့ ငါ စာထဲမှာ ဖတ်ဖူးတယ်။ ဒီရောဂါသည်တွေ မတိုးပွားဖို့ စေတနာ့ဝန်ထမ်း ကာကွယ်ဖို့ ပစ္စည်းတွေကို အခမဲ့ လိုက်ဝေတဲ့ အမဲသားသည် တစ်ယောက်ဆို သူ့နာမည်ရင်း ပျောက်ပြီး အဟင်း 'ဦးကွန်ဒုံး' လို့တောင် အများက ချစ်စနိုး ခေါ်ကြဆိုပဲ။

ကဲလေ … ဘာတတ်နိုင်မှာလဲ။ သတ္တဝါတစ်ခု ကံတစ်ခုပေါ့။ အိပ်မှ၊ အိပ်မှ။ မနက်ကျလည်း တရားနာရဦးမှာနဲ့ အိပ်ရာပေါ် ပြန်လှဲလိုက်သည်။ တဝီဝီ ကပ်လာသော ခြင်တို့ကို မောင်းရန် အနီးက ယပ်ဟောင်း တစ်တောင်ကို လှမ်းယူလိုက်သည်။ ဈာပနတစ်ခုတွင် ကမ်းခဲ့သော ယပ်တောင်လေး ဖြစ်ပေမည်။ သံဝေဂ လင်္ကာလေးက မှုန်ဝါးဝါး။

ဪ … မနက် ကမ်းဖို့ ယပ်တောင် မပါပါလား။ အချိန်ကလည်း မရတော့။ ဒီယပ်တောင်ရှင်ကတော့ အသက် ဘယ်လောက်လဲ မသိဘူး။ ညိုလဲ့ကတော့ နှစ်ဆယ့်နှစ်နှစ်ပဲ။ ဪ ... အကြွေစောလှချည့်။ အင်း … ညိုလဲ့က နှစ်ဆယ့်နှစ်နှစ် ဆိုတော့ ဖိုးသော်ကတော့ ကွာလှ နှစ်နှစ် သုံးနှစ်ပေါ့။ ဒါဆို နှစ်ဆယ့်လေးငါးနှစ် လောက်ပေါ့။ ဟူး ... ဒီသူငယ် အရွယ် ရှိသေးတာပဲ။ တစ်ပင်လဲ တစ်ပင်ထူ တဲ့။ တစ်နေ့နေ့မှာ တကယ်လို့များ သူ ... သူ ... တစ်ပင်ထူခဲ့ရင် ဘုရား … ဘုရား …။

KMMT

Sort:  

zayarmin

@botint (1)

ညိုလဲ့ပဲဖတ်​လို့ရ​ဒေ ကျန်​တာဖတ်​မရ ငိငိ

Unicode နဲ့ရေးထားတာလေ

Htetyannaing

မန့်သွားပီ ၁

min2thant

Kyawwin

Mim2thant

phyokyaw

zayarmin 2

COM (1)

sayar (1)

My first com @goldbloger

နောက်ထပ် မန့် ၂ ပါ

Sithu - 1

good post 😊
good writing 😊
no need to think 😊

မန့်​လိပုက်​ပြီ

zayarmin 3

အိုကီ

Sec com today @goldbloger1

sayar(2)

COM (2)

အိုကီ

@botint (2)

တတိယcomမန့်​akh @goldbloger-2

World of Photography
>Visit the website<

You have earned 5.05 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.01
Server time: 00:58:33
Account Level: 0
Total XP: 45.85/100.00
Total Photos: 9
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Hello! I find your post valuable for the art community! Thanks for the great post! ARTzone is now following you! ALWAYs follow @artzone and the artzone tag, and support our artists!