သေဒဏ်

in #dead6 years ago

သမ္မတဟာ သေဒဏ်တွေ ပြန်အတည်ပြုဖို့ အချိန်တန်ပြီလား ?

==================================
ရေးသားသူ - ရဲမိုး ( နေရီ )

၁၉၈၈ ခုနှစ်ကတည်းက အခုအချိန်အထိ သေဒဏ်ကို တစ်ခါမှ အတည်ပြုစီရင်ခဲ့တာ မရှိဘူး ဟု ပြောဆိုသူမှာ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်သည် ။

ကြိုးစင်တွေလား .... ရှိတယ် ထောင်တိုင်းမှာ ရှိတယ် ။ ကြိုးပေးဖူးတဲ့ ထောင်ဝန်ထမ်းတော့ တော်တော်ရှားသွားပြီ ။ ပင်စင်ယူကုန်ကြပြီလေ ။ မရှိတော့ဘူး ။ ကြိုးမပေးတော့တာ အနှစ်သုံးဆယ်နီးပါးဆိုတော့ တကယ်လုပ်ဖူးတဲ့ သူ ရှားကုန်တာပေါ့ ။ အခု သေဒဏ်ပြန်စီရင်မယ်ဆိုရင်တောင် ထောင်ဝန်ထမ်းတွေကို သင်တန်းပြန်ပေးရဦးမယ်ဟု ထိုအရာရှိကပင် ဆက်လက်ပြောဆိုသည် ။

မျက်မှောက်ခေတ် လက်ခံကျင့်သုံးနေသည့် တရားစီရင်ရေးစနစ် ပြစ်မှု နှင့် ပြစ်ဒဏ်များတွင် သေဒဏ်သည် အမြင့်ဆုံးပြစ်ဒဏ် ဖြစ်သည် ။ လက်ရှိကမ္ဘာပေါ်တွင် သေဒဏ်ကိုလက်ခံကျင့်သုံးနေသော နိုင်ငံပေါင်း ၅၈ နိုင်ငံရှိပြီး သေဒဏ်စနစ်ကို ဖျက်သိမ်းထားသောနိုင်ငံပေါင်း ၁၀၂ နိုင်ငံရှိသည် ။ နိုင်ငံ ၆ နိုင်ငံတွင် အရေးပေါ်အခြေအနေမျိုးမှ အပ ကျန်အခြေအနေတွင် သေဒဏ်ကို မကျင့်သုံးတော့ပေ ။ နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် သေဒဏ်စနစ်ရှိသော်လည်း အတည်ပြုစီရင်ခြင်း မပြုသည်မှာ အနည်းဆုံးဆယ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ၏ စာရင်းဇယားများအရ သိရှိရသည် ။

၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း၂၅ နိုင်ငံခန့် က သေဒဏ်စီရင်မှုပေါင်း ၁၆၃၀ နှင့် အထက်ပြုလုပ်ခဲ့သည်။ တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ အီရန်တွင် ၂၀၁၅ တစ်နှစ်တည်းတွင် သေဒဏ်စီရင်မှုပေါင်း ၉၇၇ မှုနှင့် အထက်ပြုလုပ်ခဲ့သည် ။ တရုတ်နိုင်ငံမှာ သေဒဏ်စီရင်မှု အများဆုံးပြုလုပ်သည့် နိုင်ငံဟုယူဆရသော်လည်း စာရင်းဇယားအချက်အလက်များ တရားဝင်ထုတ်ပြန်ခြင်း မပြုပေ။ တရုတ်ကဲ့ သို့  မထုတ်ပြန်သည့် နိုင်ငံအချို့ မှာ မလေးရှား ၊ မြောက်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြသည် ။ အမေရိကန်နိုင်ငံတွင် ၂၀၁၅ခုနှစ်အတွင်း သေဒဏ်စီရင်မှု ၂၈ခု ပြုလုပ်ခဲ့သည် ။သေဒဏ်စီရင်ရာတွင် အများအားဖြင့် ကြိုးပေးခြင်း ၊ လျှပ်စစ်ကုလားထိုင်တင်ခြင်းနှင့် ဆေးထိုးခြင်း စသည့် နည်းလမ်းများကို အသုံးပြုစီရင်လေ့ရှိသည် ။

မြန်မာနိုင်ငံတွင် ချမှတ်လေ့ရှိသော ပြစ်ဒဏ်များတွင် ငွေဒဏ် ၊ ထောင်ဒဏ် ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၊ တစ်သက်တစ်ကျွန်းဒဏ်၊ သေဒဏ်ဟူ ၍ ချမှတ်ကျင့်သုံးလေ့ရှိသည် ။ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ကို ချမှတ်ရာတွင် “လည်ပင်းကြိုးစွပ်၍ မသေမချင်းသတ် စေဟု စီရင်ချက်တွင် ရေးသားဖော်ပြလေ့ရှိပြီး မနီလာကြိုးဖြင့် ကြိုးစင်တွင် ကြိုးပေးသည့်နည်းကို အသုံးပြုစီရင်လေ့ရှိသည် ။ တရားခံအား ကြိုးပေးပြီးလျှင် သက်ဆိုင်ရာ ထောင်ပိုင်မှ “ကောင်းမွန်သပ်ရပ်စွာ သေဒဏ်ပေးပြီးကြောင်း” တရားသူကြီးထံ စာရေးသား ပေးပို့ ရသည် ။ သေဒဏ်ချမှတ်ခံရသူမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်လျှင် ကလေးမွေးဖွားပြီးချိန်အထိ သေဒဏ်ကို ဆိုင်းငံ့ ထားရသည်။

မြန်မာနိုင်ငံတွင် သေဒဏ်ချမှတ်လေ့ရှိသည့် မှုခင်းများမှာ နိုင်ငံတော်သစ္စာဖောက်မှု ၊ စစ်ပုန်ကန်မှု အားပေးကူညီခြင်း ၊ လူသတ်မှု ၊ လူသတ်မှုပါဝင်သော ဓားပြမှု ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ၊ အရေးပေါ် စီမံမှုအက်ဥပဒေ အစရှိသည့် မှုခင်းများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် နောက်ဆုံးစီရင်ခဲ့သည့်သေဒဏ်မှာ ၁၉၈၈ခုနှစ်က ပြင်ဦးလွင် အအက ဗိုလ်မှူးခင်မောင်တင့်အား သတ်မှုတရားခံ တပ်သား အုန်းထွန်းအား ကြိုးပေးခြင်း ဖြစ်သည် ။

မြန်မာနိုင်ငံတွင် သေဒဏ်စနစ်ကို ဖျက်သိမ်းခြင်း မပြုသေးပေ။ တရားရုံးများတွင်လည်း သေဒဏ်များ ချမှတ်စီရင်နေဆဲဖြစ်သည် ။ သို့ သော် ထိုသေဒဏ်ချမှတ်ခံရသည့် အကျဉ်းသားများအား သေဒဏ်ကို အတည်ပြု စီရင်ခြင်းမပြုသည်မှာ အနှစ်သုံးဆယ်နီးပါးကြာမြင့်တော့မည် ဖြစ်သည် ။ တည်ဆဲဥပဒေများအရ သေဒဏ်ချမှတ်ခံရသည့် တရားခံအနေဖြင့် ခုနှစ်ရက်အတွင်း အယူခံဝင်ရမည်ဖြစ်ပြီး အယူခံရှုံးနိမ့်လျှင် သေဒဏ်အတိုင်း အတည်ပြုကွပ်မျက်ရမည် ဖြစ်သည် ။ သေဒဏ်အား အတည်ပြုစီရင်ရန် နိုင်ငံတော်သမ္မတ၏ အတည်ပြုချက် လိုအပ်သည်ဖြစ်ရာ ထိုအဆင့်တွင် အတည်ပြုချက်မရရှိခြင်း နှင့် အခြားပြစ်ဒဏ်များသို့ လျော့ပေါ့ပြောင်းလဲပေးခြင်းများကြောင့် သေဒဏ်များအားလုံး ကွပ်မျက်စီရင်ခြင်း မပြုခဲ့ကြောင်း သိရှိရသည် ။

ဦးသိန်းစိန် လက်ထက်မှာ ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်တွေပေးတော့ ဟိုးအဆက်ဆက်က သေဒဏ်ကျခံ အကျဉ်းသား ၅၆၃ ယောက်ထင်တယ် ။ ထောင်တစ်သက်တစ်ကျွန်းကို ပြောင်းပေးလိုက်တယ် ။ တစ်သက်လုံး ထောင်ထဲမှာနေသွားရမှာပေါ့ ။ သေဒဏ်တော့ မကျတော့ဘူး ။ နောင်ထပ်ပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့  အကျုံးဝင်ရင်တော့ ပြစ်ဒဏ်ထပ်လျော့ပေါ့သွားနိုင်တာပေါ့ ဟု အကျဉ်းဦးစီးဌာနမှ အရာထမ်းတစ်ဦးက ဆိုသည် ။

ထောင်ကျလာတဲ့  အကျဉ်းသားအများစုက ရေးတတ် ဖတ်တတ်လောက်ပဲ များတယ် ။ ဆယ်တန်းအောင်တို့ ဘွဲ့ ရတို့ ဆိုတာ လူနည်းစုပဲ ။ ထောင်ထဲမှာ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ သင်ပေးတယ် ။ ဦးဂိုအင်ကာ တရားစခန်းတွေ ဖွင့်ပေးတယ် ။ သို့ သော် ကျွန်တော့် အမြင်ပြောရရင် လူနည်းစုလောက်က လွဲလို့  ခုနကပြောတဲ့  သေစာရှင်စာလောက်ပဲ တတ်တဲ့  အကျဉ်းသားတွေ ပညာလဲ နည်းတယ်ပေါ့ သူတို့ က ထောင်ကို သိပ်မကြောက်တော့ဘူး ဖြစ်နေတယ် ဟု ၎င်းက ဆက်လက်ပြောဆိုသည် ။

ထောင်တွေ ပုံစံပြောင်းကုန်တာလဲ ဆိုင်မလားတော့ မသိဘူး ။ အခုနောက်ပိုင်းမှာ UNက ထောင်တွေ လာကြည့်တယ် ။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့  ကိုက်မကိုက် စစ်တယ် ။ အကျဉ်းသားတစ်ယောက်ကို ဘယ်လောက်အကျယ်နေရာရှိရမယ် ။ ရေက ဘယ်လို ၊ အစားအသောက်က ဘယ်လို စသဖြင့်ပေါ့လေ ။ အဲဒီမှာ အကျဉ်းထောင်တွေဟာ ပုံစံတွေ ပြောင်းကုန်တယ် ။

အခုဆို ထောင်တွေမှာ ရေလောင်းမိလ္လာစနစ် နဲ့  ။ ထောင်တိုင်းမှာ ရေသန့် စက်ထားတယ် ။ အားလုံး ရေသန့် သောက်ရတာ ။ ရေကိုလဲ ပုံစံစနစ်နဲ့  ချိုးရတာ မဟုတ်တော့ဘူး ။ ထမင်းလဲ ဟိုးခေတ်တွေတုန်းကလို လုံးတီးဆန် မဟုတ်ဘူး ။ အချိန်မှန် စားရတယ် ။ အချိန်မှန် အိပ်ရတယ် ။ အကျဉ်းသားတွေ လွတ်လွတ်လပ်လပ် ကြိုက်တဲ့ နေရာ ကြိုက်တဲ့ အချိန်သွားလို့ မရအောင် ကန့် သတ်ချုပ်ထားတဲ့  အနေအထားလောက်ပဲ ရှိတော့တာ ။ ဆိုတော့ ဒါဟာ ထောင်ကျအကျဉ်းသားတွေအတွက် ထောင်ထဲမှာ အတော်သက်တောင့်သက်သာ ဖြစ်လာတာတော့ အမှန်ပဲ ဟု အဆိုပါ အရာရှိကပင် ဆက်လက်ပြောဆိုသည် ။

နေရတာ စိတ်ထဲမှာ မလုံခြုံဘူး ။ သတ်လိုက်ရင်လဲ တစ်အိမ်လုံး သတ်တာ အိမ်ရှိလူကုန်သတ်တာမျိုးတွေ ခဏခဏကြားနေရတယ်ဟု အသက် ၆၈ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာကြီး တစ်ဦးကဆိုသည်။ ဦးတို့ က လင်မယားနှစ်ယောက်တည်းနေတာ ။သားအငယ်က အလုပ်မှာ လိုက်နေရတယ် ။ အဲဒီမှာပဲ အိပ်ရတယ် ။သားအကြီးက အိမ်ထောင်နဲ့ ဆိုတော့ သူ့ မိန်းမ နဲ့  ကလေးတွေနဲ့  အိမ်ခွဲနေတယ် ။ တစ်ပတ်မှာ တစ်ရက်လောက်ပဲ လာကြတာ ။ မူခင်းသတင်းတွေ ဖတ်ရကြားရရင် နေလို့ တောင်မကောင်းဘူးဟု ဆရာကြီးက ဆိုသည် ။

မန္တလေးမှာတော့ နေ့ ခင်းကြောင်တောင်ကို ဆိုင်ကယ်နဲ့  လုတယ် ။ ဆိုင်ကယ်က လိုင်စင်မဲ့  ။ အမှုအများစုက မပေါ်ဘူး ။ အလုပ်သွားရင် ပိုက်ဆံအိတ်ထဲလဲ ပိုက်ဆံအများကြီး မထည့်ရဲဘူး ။ လုရင်လဲ အော်တာကလွဲလို့  ဘာမှမလုပ်ရဲဘူး ။ လိုက်လဲ မလိုက်ရဲဘူး ။ တော်ကြာ ဓားနဲ့ ထိုးသွားရင် ဘယ်နှယ့်လုပ်မလဲ ဟု မန္တလေးမြို့ မှ မအိအိထွေးက ဆိုသည် ။

၂၁.၈.၂၀၁၆ ရက်နေ့ က ရန်ကုန်မြို့  ထောက်ကြံ့  မြို့ နယ် ရွှေနံ့ သာကျေးရွာအုပ်စု ပတ္တမြားမြို့ သစ်တွင်နေထိုင်သည့် ရဲအရာရှိဟောင်းတစ်ဦးနှင့် မိသားစုသုံးဦးသတ်ခံခဲ့ရရာ သုံးတန်းအရွယ်ကလေးငယ်မှာ အိပ်ရာထဲတွင်ပင် ဓားဖြင့် သုံးချက်ထိုးသတ်ခံရပြီး ၈တန်းအရွယ်ကလေးငယ်မှာ ဧည့်ခန်းတွင် ဓားဖြင့် ခုနှစ်ချက်ထိုးသတ်ခံခဲ့ရသည် ။ ထိုနေ့ တစ်ရက်တည်းမှာပင် တောင်ကြီးမြို့  ၊ နယ်မြေ ၃ ၊တောင်နီကျေးရွာတွင် နေအိမ်တွင်း၌ မိသားစု သုံးဦးသတ်ခံခဲ့ရရာ အသက် ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ဦးပါ ပါဝင်ခဲ့သည် ။

လူမဆန်တဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေကို သေဒဏ်မပေးဘဲ ဘာဖြစ်လို့ ထောင်ထဲမှာ ဒီအတိုင်းထားရတယ်ဆိုတာ နားကိုမလည်တာဟု အသက် ၂၈ နှစ်အရွယ် ကိုဝေဖြိုးက ဆိုသည် ။ နေပြည်တော်မှာ သမီးရည်းစား နှစ်ယောက် ချိန်းတွေ့ တယ် ။ ကောင်လေးဓားနဲ့ ထိုးသတ်တယ် ။ ကောင်မလေးကို မုဒိန်းဝိုင်းကျင့်တယ် ။ သေဒဏ်တော့ပေးပါရဲ့  ။ တကယ်လဲ မသတ်ဘူးဆိုရင် ဒီဥပဒေက ဘာဥပဒေလဲ ။ ဒီတရားစီရင်မှုစနစ်က ဘာတရားစီရင်မှု စနစ်လဲဟု ကိုဝေဖြိုးက ဒေါသတကြီး ဆက်လက်မေးခွန်းထုတ်သည် ။

ကမ္ဘာပေါ်မှာက သေဒဏ်ကို လက်ခံကျင့်သုံးနေတဲ့ နိုင်ငံ နည်းနည်းလေးပဲ ရှိတော့တယ် ။ ၁၉၇၁ ခုနှစ် ကုလသမဂ္ဂ လူ့ အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၃ မှာ လူတိုင်းတွင် အသက်ရှင်သန်ခွင့် ရှိရမယ် ။ အပိုဒ် ၅ မှာ မည်သူကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း ၊ ရက်စက်ကြမ်းကြုတ်သော ၊ လူမဆန်သော ၊ လူသိက္ခာ ညှိုးနွမ်းစေသော ပြုမှုဆက်ဆံခြင်း ၊ အပြစ်ပေးခြင်းမျိုး မပြုရဘူးလို့  ထည့်ဆွဲထားတယ် ။ EU ဆိုရင် သူ့ အုပ်စုဝင်နိုင်ငံဖြစ်ဖို့ ဆိုရင် သေဒဏ်ဖျက်သိမ်းပြီး ဖြစ်ရမယ်လို့  သတ်မှတ်ထားတယ် ။ သေဒဏ်က ကမ္ဘာပေါ်မှာ နိုင်ငံအများစုက မကျင့်သုံးကြတော့ဘူး ဟု နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည် ။

မြန်မာမှာက သေဒဏ်ကို တရားဝင်တော့ မပယ်ဖျက်သေးဘူး ။ သို့ သော် အတည်ပြု မစီရင်တော့တာ ကြာပြီ ။ အယူခံ မှာ သေဒဏ်အစား ပြစ်ဒဏ်ကို လျော့ပေါ့ပေးလိုက်တယ် ။ ထိုင်းနိုင်ငံလဲ ဒီလိုပါပဲ ။ ဗုဒ္ဓဘာသာနိုင်ငံတွေဆိုတော့ လူ့ အသက်သေတဲ့ အထိ ပြစ်ဒဏ်မျိုး နဂိုကတည်းက ပေးခဲပါတယ်ဟု ။ အခုလဲ သေဒဏ်တွေ ပြန်ပေးဖို့  အတည်ပြုဖို့ အစီအစဉ် မရှိပါဘူးဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည် ။

လက်ရှိအချိန်တွင်လည်း သေဒဏ်ကျခံထားရသည့် အကျဉ်းသား ဆယ်ဂဏန်း အချို့ ခန့် ရှိပြီး ထိုအကျဉ်းသားများကိုလည်း ပြစ်ဒဏ် ချမှတ်စီရင်ရန် အတည်ပြုချက် မရရှိကြောင်း အကျဉ်းဦးစီးဌာနမှ စုံစမ်းသိရှိရသည် ။

၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးတွင် လူသတ်မှုပေါင်း ၁၂၆၄ မှု ၊ ဓားပြမှု ၁၀ မှု ၊ လုယက်မှု ၁၃၆မှု ၊ မုဒိန်းမှု ၆၈၂ မှု ဖြစ်ပွားခဲ့ပြီး လူသတ်မှုနှင့် မုဒိန်းမှုများ အများဆုံးဖြစ်ပွားခဲ့သည် ။ အစိုးရသစ် လက်ထက် ရက်၁၀၀ စီမံချက်စတင်ချိန်တွင် မေလအတွင်း လူသတ်မှု ၁၂၆မှု ၊ ဇွန်လအတွင်း လူသတ်မှု ၁၂၅ မှု ၊ ဇူလိုင်လအတွင်း လူသတ်မှု ၉၅မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ၂၀၁၆ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ လူသတ်မှု ၁၀၆မှု ၊ မုဒိမ်းမှု ၁၀၈ မှု ၊ လုယက်မှု ၃၄မှု ၊ ဓားပြမှု ၁ မှု ၊ဖောက်ထွင်းမှု လေးမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ မှ ထုတ်ပြန်သည့် စာရင်းများအရသိရှိရသည် ။

အခုအချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒက ရုရှားက ဗလာဒီမာပူတင်ဖြစ်ဖြစ် ၊ ဖိလစ်ပိုင်က သမ္မတ ဒူတာတေ ကို ဖြစ်ဖြစ် ခဏလိုချင်မိတယ် ။ ကျွန်တော်တို့ ဆီက သမ္မတတွေက လူဆိုးတွေကို ကိုင်တဲ့နေရာမှာ သူတို့ တစ်ဝက်လောက်တောင် အလုပ်မဖြစ်ဘူးဟု အသက် ၂၈ နှစ်အရွယ် ကိုဝေဖြိုးက စိတ်ပျက်လက်ပျက် ပြောဆိုသည် ။

ရေးသားသူ - ရဲမိုး (နေရီ)

Ps - ၂၀၁၆တုန်းက ရေးခဲ့တဲ့  ဆောင်းပါးပါ ။FB_IMG_1516800596246.jpg