သက်ဆုံးတိုင်

in #esteem6 years ago

လွန်ခဲ့တဲ့လအနည်းငယ်က ...
သူငယ်ချင်းတစ်အိမ်မှာ အလှူလုပ်လို့ သူငယ်ချင်းဖိတ်လို့သွားတော့ ...
သူငယ်ချင်းအိမ်အောက်ထပ်မှာ ဓါတ်လှေကားကိုစောင့်နေတုန်း ဓါတ်လှေခါးနဲ့ ခြေလှမ်း ၅ လမ်းစာမှာရှိတဲ့ အုတ်ခုံတန်းလေးမှာ အသက်အတော်ကြီးပြီဖြစ်တဲ့ အဖွားထိုင်နေပြီး ... အဖွားနဲ့ သက်တူ သို့မဟုတ် အဖွားထက် အသက်နည်းနည်းကြီးပုံရတဲ့ အဖိုးက အဖွားဘေးနားမှာရပ်လို့. သူတို့လက်ထဲမှာ ချက်ပြုတ်စရာဝယ်လာတဲ့ အထုပ်တွေနဲ့.
image

ရာသီဥတုပူတော့ အိတ်ထဲက တစ်ရှူးထုတ် ချွေးသုတ်နောရင်း အဖွားက လှမ်းကြည့်နေတော့ ပြုံးပြလိုက်တယ်.
အဖွားကပြောတယ် ... ' နင် ချစ်စရာကောင်းတယ် ' တဲ့.
ကျွန်မကလည်း ' နင် အရမ်းလှတယ် ' (အင်္ဂလိပ်လိုဆိုတော့ You and I ဘဲသုံးရတော့ နင် ... ငါ ... လို့သဘောသက်ရောက်ရတာပေါ့နော်) ဆိုတော့ အဖွားကပြန်ပြောတယ် ' ငါ အိုပြီ ' တဲ့. အဖွားအနားသွားရင်း ... ' နင်မအိုပါဘူး. နင့်အပြုံးတွေက ဒီလောက်လှပနေတာ. အပြုံးမှာ အသက်အရွယ်မလိုဘူးလေ. ရိုးရှင်းလှပနေဖို့ဘဲလိုတာ ' လို့ပြောတော့ အဖွားက ဟက်ဟက်ပက်ပက်ရယ်သလို ဘေးက အဖိုးကလည်း သဘောကျစွာရယ်တယ်.

ဓါတ်လှေကားအောက်ထပ်ရောက်လာတော့ ...
သူတို့လက်ထဲက အထုပ်တွေကူဆွဲပေးပြီး ဓါတ်လှေကားဆီပြေး ဓါတ်လှေကားအပေါ်ပြန်မတက်အောင် ခလုတ်နှိပ်ရင်း အဖိုးနဲ့အဖွားကိုစောင့်လိုက်တယ်.
ခါးလေးကိုင်းနေတဲ့အဖွားကို အဖိုးကအရိပ်တကြည့်ကြည့်နဲ့ ဓါတ်လှေကားဆီခေါ်လာတယ်.

ဓါတ်လှေကားထဲမှာ အဖိုး အဖွားရယ် ကျွန်မရယ် သုံးယောက် ...
အဖိုးအဖွားသွားမယ့် အထပ်နံပါတ်မေးနှိပ် ... ကျွန်မသွားရမယ့် အထပ်နံပါတ်နှိပ်ရင်း ...
အဖိုး အဖွားကလည်း ကျွန်မကိုပြုံးကြည့် ...
ကျွန်မကလည်း မြင်မြင်ချင်း သူတို့ကိုချစ်ခင်မိပြီး သူတို့ကိုပြုံးကြည့် ...
အဖိုးအဖွားနေတဲ့အထပ်က ကျွန်မသွားမယ့်အထပ်ထက် အရင်ရောက်လို့ သူတို့ ဓါတ်လှေကားကထွက်တော့ ကျွန်မလက်ထဲက သူတို့အထုပ်တွေလှမ်းပေးတော့ အဖိုးက လှမ်းယူပြီး လက်တစ်ဖက်တည်းမှာ နိုင်အောင်ကိုင်တယ်. ပြီး တစ်ခြားလက်တစ်ဖက်နဲ့ အဖွားလက်ကိုဆုပ်ကိုင်ရင်း ဓါတ်လှေကားထဲကထွက်သွားတယ်.

ဓါတ်လှေကားအဖွင့်ခလုတ်ကို အဖိုးအဖွားဓါတ်လှေကားထဲကထွက်ဖို့အချိန်ရအောင် နှိပ်ပေးထားတဲ့ လက်က အဖိုးအဖွား ဓါတ်လှေကားအပြင်ရောက် ကျွန်မကိုနှုတ်ဆက်ထွက်သွားတဲ့အချိန်ထိ ဆက်နှိပ်ထားတုန်းဘဲ. အဖိုး နဲ့ အဖွားမျက်စိထဲက ပျောက်သွားတဲ့အထိ လိုက်ကြည့်မိတယ်.
အဖွားက အဖိုးလက်ကိုမှီတွယ်ထားတာမဟုတ်ဘူး.
အဖိုး နဲ့ အဖွားက ချစ်သူတွေ လက်ချင်းဆုပ်ကိုင်ထားသလို တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားတာ.
ငေးကြည့်ရင်း အဖိုး နဲ့ အဖွား ချစ်ခြင်းမေတ္တာက ရင်ကိုလာရိုက်ခတ်တယ်.

အဖိုး အဖွားကိုကြည့်ရင်း ကျွန်မ ဟိုးအရင်ကတည်းကကြိုက်နှစ်သက်ပြီး ခဏ ခဏ နားထောင်ဖြစ်တဲ့ (နားထောင်တိုင်း ဒီတေးသရုပ်ဖော်ပါတဲ့ လင့်ခ်ကိုဘဲ အမြဲကြည့်နားထောင်တယ်) ... ဒီသီချင်းလေးကို သတိရသွားတယ် ...
ဒီတေးသရုပ်ဖော်လေးကြည့်ပြီး ဒီလိုအချစ်တွေ ... အဖိုးကြီး အဖွားကြီးဖြစ်တဲ့အထိ ငယ်ငယ်ကလို အကြင်နာမပျက်တဲ့ ချစ်ခြင်းမေတ္တာရှိသလားလို့ပေါ့. ရှိတယ်လေ. အဲဒီ့နေ့က အဖိုး နဲ့ အဖွားက ဒီသီချင်းလေးထဲက တေးသရုပ်ဖော်လေးလို အပြင်မှာ အဲ့လိုချစ်ခြင်းမေတ္တာရှိကြောင်းပြခဲ့တယ်.
အဖိုးက အဖွားကိုကြည့်တဲ့အကြည့် ...
အဖွားက အဖိုးကိုကြည့်တဲ့အကြည့်တွေဟာ သူတို့ငယ်စဉ်ကလိုဘဲထင်ပါရဲ့ ... ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ...
ဘေးသူ ကျွန်မတောင် သူတို့ချစ်ခြင်းမေတ္တာကို ကြည့်နေရင်းခံစားရလို့ မျက်ရည်တောင်ဝဲချင်မိတယ်.

ဪ ... ချစ်ခြင်းမေတ္တာဆိုတာ စစ်မှန်ရင် ဘေးသူတွေကိုတောင် ခံစားရစေတာမျိုးမလား.

#မယ်
အချစ်အကြောင်းရေးပါဆိုလို့ ကျွန်မကိုယ်တွေ့ ချစ်ခြင်းမေတ္တာတစ်ခုအကြောင်းရေးလိုက်ပါတယ်. ကျွန်မ ခံစားယုံကြည်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ တေးသရုပ်ဖော်လေးထဲကအတိုင်းပေါ့. ခုခေတ်ကြီးမှာ သိပ်ရှားပါးမယ့် ချစ်ခြင်းမေတ္တာဖြစ်မှာပေါ့နော်.