
ဘုန်းကြီးကျောင်းမှာက သောက်ရေ အတွက် သီးသန့်ထားသည့် စိမ့်ရေ ထွက်သည့် နေရာလေး ရှိ၏။ အေးစိမ့်ပြီး ကြည်လင်နေရော။ ချိုးရေ သုံးရေ အဖြစ် လုပ်ခွင့် မပေးပေ။ ရေတွင်း အကြီးကြီး တခု သက်သက် ရှိ၏။ သေချာ ကြည့်ကြည့်မှ ရေတွင်းမဟုတ်ဘဲ ရေတွင်းလို လုပ်ထားသည့် အုတ်ကန် အကြီးစားကြီး ဖြစ်၏။ မြေကြီးထဲ အနက်ကြီးတူးပြီး ဆောက်ထားတော့ ရေတွင်းလို့ ထင်သွားတာ။
သုံးရေ ရရန် အတွက် မိုးတွင်း တတွင်းလုံး ရွာသည့် ရေတွေကို လှောင်ထားပြီး သုံးသည် ဆို၏။ ကျောင်းခေါင်မိုးက ရေတံလျှောက်ကို အဆိုပါ ရေတွင်းထဲ ထည့်ထားတာကို တွေ့ရလေ၏။ ကျနော်တို့ သွားကြသည့် အချိန်က ဒီဇင်ဘာဆိုတော့ မိုးကုန်သလောက် ရှိနေပြီ။ ရေက ကြမ်း အောက်ခြေမှာသာ ရှိတော့၏။ ရေပုံးကြိုးနှင့် ငင်ယူမှပဲ ရ၏။ ကြိုး အတော် ရှည်ရှည်နှင့်မှ ရ၏။
ပထမတပုံး ငင်ပြီး လောင်းလိုက်၏။ အားပါးပါး အသံပင် မထွက်နိုင်တော့ပေ။ အေးလိုက်တဲ့ရေ။ တသက်နဲ့ တကိုယ် ဒီလောက် အေးတဲ့ရေ မချိုးခဲ့ဖူးပေ။ အေးပါတယ်ဆို ရေက ငင်ပြီး ချိုးနေရတော့ ထိုအချိန် ခဏမှာပါ ထပ်ပြီးအေး ဆိုတော့ ရေလောင်းနေချိန်လည်းအေး၊ ရပ်နေချိန်လည်း အေး နှစ်ခါအေး ဖြစ်နေ၏။

အစက တယောက်ပြီးမှ တယောက် ချိုးကြမယ် တွေးထားပေမယ့် ခုတိုင်းဆို အဆင်မပြေပေ။ သို့နှင့် တယောက်ချိုးဖို့ တယောက်က ရေငင်ပေးကြမယ်ဆိုပြီး လုပ်လိုက်ကြ၏။ ထိုသို့ လုပ်လိုက်မှ နည်းနည်း အဆင်ပြေသွား၏။ အော်လိုက် ရေချိုးလိုက် လုပ်နေသည့် ကျနော်တို့ နှစ်ယောက်နား နောက်ထပ် ရေချိုးမယ့် အကိုတယောက် ရောက်လာ၏။ မင်းတို့က အကဲပိုလိုက်တာ ဘာလို့ အဲ့လောက် အော်နေတာလဲတဲ့။
ကျောင်းမှာက ရေချိုးခန်းလည်း ရှိပါ၏။ Trekking Guide က အဆိုပါ ရေချိုးခန်းထဲက ရေကန်ငယ်ထဲ ချိုးရေ အနည်းငယ် ဆွဲပြီး ထည့်ထားပေး၏။ ထိုအကိုက အပြင်မှာမို့ အေးတာပါ ငါ ရေချိုးခန်းထဲ သွားလိုက်မယ်ဆိုပြီး ဝင်သွား၏။ ပထမ တခွက် လောင်းရုံ ရှိသေး ကျယ်လောင်စွာ အော်လေ၏။ ကျနော်တို့ နှစ်ယောက်လည်း အပြင်ကနေ ရယ်ကြလေ၏။ အဲ့လောက်ထိကို အေးပါတယ်ဆို။
ကျောင်းနဲ့ ရေတွင်းက နည်းနည်း လှမ်း၏။ ဒီဘက်က အော်ဟစ် ဖြစ်ပျက်နေတာကို ကျောင်းပေါ်က မကြားနိုင်ပေ။ ရေချိုးမယ် ပြောထားသည့် တယောက် ကျန်နေသေးသည်မို့ ကျနော်တို့လည်း သူ့ အတွက် အပင်ပန်းခံပြီး ရေငင်ပေးခဲ့လိုက်၏။ တော်နေကြာ ဒူးခေါင်းလေး ရေလောင်းပြီး အေးတယ်ဆိုပြီး မချိုးဘဲ နေမစိုးလို့။ ကျောင်းပေါ်ရောက်တော့ ရေငင် ပေးခဲ့တယ် မအေးဘူး ဘာညာဆိုပြီး ပြော၏။
သူလည်း ရေချိုးရန် ဆင်းသွား၏။ တအောင့်နေတော့ မေးရိုးလေး ရိုက်ပြီး ပြန်တက်လာ၏။ ဆေးထိုးတယ်ဗျာ ဆိုပြီး ရေရွတ်နေလေရဲ့။ ထို ရေချိုးခဲ့ပြီး နောက်ပိုင်း ဘယ်ရေမှ အေးတယ် မထင်တော့ပေ။ နို့ပေမယ့် ဒီရက်ပိုင်း သိသိသာသာ အေးလာတော့ ထိုစဉ်က အချိန်ကို ပြန်ပြောင်း သတိရမိ၏။ Trekking မသွားဖြစ်တာလည်း ကြာခဲ့ပြီ။ တချိန် နိုင်ငံရေးတွေ တည်ငြိမ်သွားတဲ့အချိန်တော့ ပြန်သွားပါဦးမည်။
10°C ဆိုတော့ တောင်ကြီးက ပိုအေးတာပေါ့။
ဒီမှာက 10°C ကိုအရမ်းနေပြီလို့ ခံစားနေရတာ။
!PIZZA
$PIZZA slices delivered:
@myanmarkoko(1/5) tipped @donjaun
Send $PIZZA tips in Discord via tip.cc!
မနေ့က ကိုဒွန် ပိုစ့်မှာ တောင်ကြီးက 11ဒီကရီဆိုလို့
ကိုယ်တွေလည်း ဘယ်လောက်အေးသလဲလို့
တရေးနိုး ထကြည့်တာ။ မနက် နှစ်နာရီ
နှစ်ဆယ့်သုံးမိနစ်မှာ 17 ဒီကရီ ရှိသဗျို့။
!LOLZ
!MEME