
ဒီနေ့ မနက် ၁ နာရီခွဲမှာတော့ Everton vs Man City တို့ ပွဲစဉ် ကစားသွားခဲ့၏။ ချန်ပီယံ မျှော်လင့်ချက် ရှိနေသေးသည့် City အတွက် ယခုပွဲစဉ်ကော၊ ကျန်ပွဲစဉ်တွေကော အရေးကြီးလှပေ၏။ အရေးကြီးသည့် ပွဲစဉ်ပါ ဆိုနေမှ သရေသာကျခဲ့လေ၏။ Arsenal နဲ့ အမှတ်တူ ဂိုးကွာခြားချက် ရှိနေသောကြောင့် နိုင်ပွဲရဖို့ လို၏။ Arsenal က နှစ်ပွဲအသာ ၆ မှတ်ဖြင့် ဦးဆောင်ထားသည် မဟုတ်လား။ ယခုပွဲစဉ်သာ အနိုင်ရခဲ့ရင် တပွဲလျော့ ၃ မှတ်သာ ကွာမည် ဖြစ်၏။ သရေကျသွားသဖြင့် City အနေဖြင့် ဖိအားပိုသွားခဲ့လေ၏။
သရေ ရလဒ်တောင် ကံကောင်းလို့ဟု ဆိုရမည်ထင်။ ဦးဆောင်ဂိုးကို ၄၃ မိနစ်မှာ City က အရင်သွင်း၏။ ၆၈ မိနစ်မှာ Everton တို့ ချေပဂိုး ပြန်လည် သွင်းယူ၏။ ထို့နောက် ၇၃ နှင့် ၈၁ မိနစ်တို့မှာ ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူလေ၏။ အနေအထားက City တို့ ရှုံးပွဲတွေ့သွားနိုင်သည့် အခြေအနေမျိုး ဖြစ်သွားခဲ့၏။ ၈၃ နှင့် ၉၀+၇ မိနစ်မှာ City တို့ ချေပဂိုးတွေ ပြန်လည် ရရှိပြီး အသက်ရှူချောင်စေမယ့် သရေတမှတ်ကို ရယူနိုင်ခဲ့၏။

ခုပွဲ သရေ ရလဒ်ကြောင့် ပွဲကျန် ၁ ပွဲကို နိုင်ခဲ့ရင် Arsenal နဲ့ ၂ မှတ်ကွာနေမည် ဖြစ်၏။ လက်ကျန် ၃ ပွဲမှာ Arsenal က West Ham နဲ့ အဝေးကွင်း၊ Burnley နဲ့ အိမ်ကွင်း၊ Crystal Palace နဲ့ အဝေးကွင်း ပွဲစဉ်တွေ ကစားရမည် ဖြစ်၏။ City အနေဖြင့် လက်ကျန် ၄ ပွဲမှာ Brentford နဲ့ အိမ်ကွင်း၊ Crystal Palace နဲ့ အိမ်ကွင်း၊ Bournemouth နဲ့ အဝေးကွင်း၊ Aston Villa နဲ့ အိမ်ကွင်း ပွဲစဉ်တွေ ကစားရမည် ဖြစ်၏။
၂ သင်းလုံးအတွက် လက်ကျန် ပွဲစဉ်တွေက မလွယ်ကူပေ။ တန်းဆင်းဇုန် ဖိအား ရှိနေသည့် West Ham နဲ့ တွေ့ရဦးမယ့် Arsenal, Europa League ဝင်ခွင့် မျှော်မှန်းခွင့် ရှိနေသေးသည့် Brentford, Bournemouth တို့နှင့် ကစားရဦးမယ့် Man City တို့ကြောင့် ချန်ပီယံ ဘယ်သူ ဖြစ်မလဲဆိုတာက နောက်ဆုံး ပွဲစဉ်တွေအထိ ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရပေလိမ့်မည်။
နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ Arsenal vs Atletico Madrid တို့၏ UCL ဆီမီးဖိုင်နယ် ဒုတိယကျော့ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ ပထမကျော့မှာ ၁-၁ သရေကျထားသည်မို့ ၂ သင်းလုံးမှာ အခွင့်အရေးရှိနေပါသေး၏။ Arsenal အဖို့တော့ အိမ်ကွင်း အားသာချက် ရှိလို့နေ၏။ ဗိုလ်လုပွဲကို ဘယ်အသင်း တက်ရောက်သွားနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။
(photos from Premier League & UCL pages)