
ရာသီဥတုက တဖြည်းဖြည်းတော့ ပူလာနေပြီ ဖြစ်၏။ နွေ နိမိတ်က ပီပြင်ဖို့ တာဆူလို့နေခဲ့ပြီ။ လွန်ခဲ့ တပတ်ကျော် နှစ်ပတ်လောက် ကတည်းက စပူဖို့ စိုင်းပြင်းနေခဲ့ပြီး ဖြစ်၏။ သို့ပေမဲ့ ရာသီဥတုဖောက်ပြန်မှုလေး တခုကြောင့် မိုးအုံ့ မိုးရွာလေး ဖြစ်သွားသေး၏။ တပတ်လောက် ပြန်အေး သလိုလေး ဖြစ်သွား၏။ မိုးလိုလို ဆောင်းလိုလိုလေးပေါ့။ နေ့လည် နေ့ခင်းဆို အတော်ပူ၏။ ညဘက် အအေးပေါ့လာ၏။ အရင်လို အနွေးထည် အထူကြီး ဝတ်နေစရာ မလိုတော့ပေ။ စောင်လည်း တထည်ဆိုရင် ရပြီ။
တထည်ဆိုတာ အနေတော်ထူသည့် အရွယ်ကို ပြောခြင်း ဖြစ်၏။ ကျနော့်လို အပါး နှစ်ထည် ထပ်ခြုံသူကတော့အဆိုပါ နှစ်ထည်ထပ်ကို ခွာမရသေးပေ။ အအေးပေါ့သွားပေမဲ့ ညနက် သန်းခေါင်ကျော်တွေမှာတော့ အေးနေသေး၏။ ညဦးပိုင်း အိပ်စက်စဉ်တုန်းက ပူလို့ဆိုပြီး တထည်ကို ဖယ်ထားပေမဲ့ သန်းခေါင်ကျော်တော့ နိုးနိုးလာနေ၏။ တထပ်ထဲဆိုတော့ အေး၏။ ဖယ်ထားလိုက် ပြန်ခြုံလိုက်နဲ့ အလုပ်တွေကို ဖြစ်လို့။

မနေ့ညကလည်း ပူလို့ဆိုပြီး တထည်ကို ဖယ်လိုက်သေး၏။ နို့ပေမဲ့ အတွေ့အကြုံက ရှိထားပြီမို့ စောင်ကို ခေါက်တာမျိုး မလုပ်ဘဲ ဒီအတိုင်း ဘေးကပ်ထားလိုက်၏။ ရှေ့တခေါက်တုန်းက ခေါက်ကို ခေါက်ပစ်တော့ အေးချိန် အိပ်ချင်မူးတူးနဲ့ ပြန်ဖြန့်နေရရော။ ပြန်က အိပ်ချင် စောင်ကိုက အထက်အောက် တည့်အောင် မှန်အောင် လုပ်နေရတာက အလုပ် တလုပ်။
တဖြည်းဖြည်း ဒီထက် ပိုပြီး ပူလာဖို့တော့ ရှိနေ၏။ ပူတော့ Futsal ကန်ရင် ယခင်ထက် ချွေးပိုထွက်၏။ ပိုမော၏။ ရေအပြင် ဓါတ်ဆားလည်း သောက်ပေးနေရ၏။ မနက် ၁၀ နာရီနောက်ပိုင်းကနေ ညနေ ၄ နာရီလောက်ထိ ပူ၏။ ၅ နာရီနောက်ပိုင်းမှသာ အပူလျော့သွားပြီး သန်းခေါင်ကျော်မှာ ပြန် အေး၏။
နေ့တာ ပြန်ရှည်မယ့် သဘောဆိုတော့ အိပ်ရေး ဝသလို မဝသလို ဖြစ်သည့် ဇာတ်လမ်းက တစခန်းထလို့ လာပြီ ဖြစ်၏။ ခုနောက်ပိုင်း ညဘက် စောစော အိပ်တယ် ဆိုပေမဲ့ တချို့ရက်တွေမှာ နောက်ကျ၏။ မနေ့ကဆို မနက် ၂ နာရီခွဲမှ အိပ်ပျော်၏။ ဘာကြောင့်ရယ် မပြောတတ်။ အစာ စားချိန် နောက်ကျတာက အနည်းငယ် ပြန်ကာလို့ ရပေမဲ့ အိပ်ရေးပျက်တာကြ ပြန်ဖာထေးဖို့ရာ သိပ် မလွယ်လှပေ။ အသက်အရွယ် ကြောင့်ပဲလား မပြောတတ်၊ ယခင်ထက်စာရင် တချို့ရက်တွေမှာ အအိပ်ခက်တာမျိုးတွေ မကြာခဏ ရှိလာနေခဲ့၏။
ကျွန်တော်တို့ဆီတော့ နေ့ခင်းမှာ အတော်ပူလာပြီ။
မနက်ခင်းလေးတော့ အေးသေးတယ်။
!LOLZ
!MEME
အတူတူပဲဗျ။
မနေ့ညနဲ့ ဒီမနက်တော့ လေတွေ မိုးတွေကျ။