ပြီးတော့လည်း ပြီးတာပါပဲ

in HIVE-MYANMAR10 days ago

ယနေ့ မနက် အစောမှာ ရပ်ကွက်ထဲက ရပ်မိရပ်ဖ ဦးလေးကြီး အိမ်သို့ လာ၏။ နေ့လည်ခင်း လောက် နာရေး လိုက်ပို့ ပေးရန် လာပြောခြင်း ဖြစ်၏။ ဖြစ်ပုံက ဒီလိုပါ။ သူ၏ သား မောင်းသည့်ကားနှင့် လူတယောက်ကို တိုက်မိခြင်း ဖြစ်၏။ အတိုက်ခံရသူမှာ စိတ်ပေါ့သွပ်နေသူ တယောက်ဟု ဆို၏။ ပြီး ထိုသူကို သိသူလည်း မရှိဟု ဆို၏။ ပိုင်ရှင်မဲ့ နာရေးဟု ဆိုရမည်ထင်။ ထို့ အတွက်ကြောင့် နာရေး လိုက်ပို့ ပေးဖို့ လာရောက် ပြောဆိုခြင်း ဖြစ်၏။

သက်ဆိုင်သူတွေနဲ့ အဆက်အသွယ် ရပါက ပြန်လည် ပြသပေးနိုင်ဖို့လည်း ပါမည်။ စည်စည်ကားကားလေး လုပ်ပေးပါတယ်ပေါ့။ ခုလို ဆိုတော့ လွန်ခဲ့သော ဆယ်နှစ်ကျော်က ဆုံးသွားသည့် ကျနော့်အကိုကို သွားသတိရမိ၏။ အကို့တုန်းကလည်း accident နဲ့ ဆုံးပါးသွားခြင်း ဖြစ်၏။ အကို့တုန်းကလည်း ခုလိုပဲ သင်္ဂြိုဟ်ခံလိုက်ရမည်ထင်။ ခုလောက်တောင် လိုက်ပါ ပို့ဆောင်သူ များမယ် မထင်။

ထိုစဉ်က အကို တပတ်ကျော်လောက် အဆက်အသွယ် မရ ပျောက်သွားလို့ ရဲစခန်း ဘာညာကို လှမ်းအသိပေးထားမှ သူတို့က ဓါတ်ပုံတွေနဲ့ တိုက်စစ်ကြည့်ပြီးမှ လာရောက် အတည်ပြု ပေးကြခြင်း ဖြစ်၏။ ထိုစဉ်က အကို၏ နောက်ဆုံး ဓါတ်ပုံကို ခုထိ မှတ်မိနေသေး၏။ ကားမိုးကာပေါ်မှာ တင်ထားသည့် သွေးတွေစွန်းထင်းပြီး အသက်မဲ့နေသည့်ခန္ဓာကိုယ်။ အမကြီးနဲ့ ကျနော်ပဲ အဲ့ပုံတွေကို ကြည့်၏။ မကြည့်လို့ကလည်း မရပေ။ ဟုတ်မဟုတ် အတည်ပြုရမှာကိုး။ အမေ့ကိုတော့ မပြ၊ ပေး မကြည့်ပေ။

နာရေး ဆိုတော့လည်း ပို့ပေါ့။ သိသူ မဟုတ်လည်း လူတယောက်၏ နောက်ဆုံး ခရီးမလား။ ကံကြောင့် ဆုံကြရသည်ဟု ပြောရအောင်ကလည်း သေမှပဲ ဒီလူနဲ့ လာသိရသည် မလား။ ဒါတောင် သူ့ နာမည် ကိုယ်မသိ၊ အရပ်ဒေသ မသိ။

ပိုင်ရှင်မဲ့ နာရေး တခု အနေနဲ့ အထိုက်အလျောက် လူများသည်ဟုတော့ ဆိုရမည်ထင်။ လူများတယ်လို့သာ ပြောရတာ ကျနော်လည်း ပိုင်ရှင်မဲ့ နာရေးကို ခုမှ ပထမဆုံး လိုက်ပို့ဖူးခြင်း ဖြစ်၏။ တခါတလေ သွားရင်း လာရင်း တွေ့မိသည့် တချို့ ပိုင်ရှင်မဲ့ နာရေးတွေမှာဆိုရင် ခုလောက်ထိ လူတွေ မတွေ့ဖူးပေ။ အလောင်းသယ်သည့် ကားလေးတစီးထဲသာ။ ကြေးစည်ကားတောင် မပါပေ။ ထိုသို့သော နာရေးတွေထက်စာရင်တော့ လူများတာပေါ့လေ။

သေရင် ပြီးပြီ ဆိုသည့် စကားရှိသည် မဟုတ်လား။ သေသူအဖို့ ဒီဘဝကတော့ ပြီးပြီလေ။ သံသရာက မလွတ်သေးသရွေ့တော့ လည်နေရဦးမှာပါပဲလေ။ ရှင်သူတွေကတော့ လုပ်စရာတွေ ကျန်နေပေလိမ့်ဦးမည်။ မည်သို့ပင်ဆိုစေ သေဆုံးသူအဖို့ နောက်ဘဝတွေမှာ ခုလို အဖြစ်ဆိုးမျိုး မကြုံပါစေကြောင်းနှင့် ကောင်းရာဘုံဘဝသို့ ရောက်ပါစေကြောင်း ဆုတောင်း ပေးလိုက်ရပါ၏။

Sort:  

ကြုံရ ဆုံရ ဘုံဘဝပါလေ။
!PIZZA
!EME

ဟုတ်ပ။

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun

Come get MOONed!