
EPL Round 35 ပွဲစဉ်များ ဒီတပတ်မှာ ကစားမည် ဖြစ်၏။ အစောဆုံး ပွဲစဉ် အဖြစ် ဒီနေ့ မနက် ၁ နာရီခွဲမှာ Leeds vs Burnley တို့ ယှဉ်ပြိုင်ကစား၏။ Leeds က ၃-၁ ဖြင့် အနိုင်ရပြီး တန်းဆင်းဇုန်နဲ့ ဝေးရာကို ရောက်သွားနိုင်ခဲ့ပြီ ဖြစ်၏။ United ကို Round 32 မှာ ၁-၂ ဖြင့် အနိုင်ရပြီး ကတည်းက သူတို့ တစိုက်မတ်မတ် အားစိုက်လာခဲ့တာ ခုဆို အဆင့် ၁၄ နေရာမှာ ရပ်တည်နေ၏။ လက်ကျန် ၃ ပွဲက နည်းနည်းတော့ အန္တရာယ် ရှိသေးသည် ဆိုရမည်။ Tottenham, Brighton, West Ham တို့နှင့် ကစားရမည် ဖြစ်၏။ မိမိထက် တန်းဆင်းဇုန်ဖိအား ပိုများနေသည့် Tottenham, West Ham တို့နဲ့ ကစားရမယ့် ပွဲစဉ်တွေက အနည်းငယ် ခက်ခဲနိုင်၏။
ဒီနေ့ ည ၈ နာရီခွဲမှာတော့ Brentford vs West Ham, New Castle vs Brighton, Wolves vs Sunderland တို့ ပွဲစဉ်တွေ ရှိနေ၏။ အဆိုပါ ၃ ပွဲထဲမှာ Brentford vs West Ham ပွဲစဉ်ကတော့ ပိုစိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။ ယခင် တပတ်က ရှုံးပွဲတွေ့ထားသည့် Brentford အနေဖြင့် တန်းဆင်းဇုန်က လွတ်ဖို့ အမှတ်လိုနေသည့် West Ham နဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ Europa သို့မဟုတ် Conference League မျှော်မှန်းခွင့် ရှိနေသေးသည့် Brentford အနေဖြင့် အိမ်ကွင်းမှာ West Ham ကို အလျော့ပေးပါ့မလားကတော့ မပြောတတ်ပေ။ ဘယ်လိုနေနေ West Ham ကတော့ တန်းဆင်းဇုန်က လွတ်ဖို့ ရေကုန်ရေခမ်း ကစားရပေလိမ့်မည်။

Europa League ဝင်ခွင့်နေရာမှာ ရပ်တည်နေသည့် Brighton အနေဖြင့် New Castle ထံကနေ အမှတ်ရယူနိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေ၏။ Chelsea အသင်း၏ ခြေချော်လာမှု နှင့်အတူ မိမိအသင်း၏ နိုင်ပွဲဆက်လာမှုတွေက ဥရောပပြိုင်ပွဲတွေ ယှဉ်ပြိုင်ကစားခွင့်ကို မျှော်မှန်းလို့ ရလာပြီ ဖြစ်၏။ Brighton အနေဖြင့် သူတို့၏ စိတ်အားထက်သန်မှုကို ပြရပေလိမ့်မည်။ Wolves vs Sunderland ပွဲစဉ်ကတော့ ဘယ်သူ နိုင်နိုင် ဘာမှ သိပ် ပြောင်းလဲမှု ရှိမည် မဟုတ်ပေ။
ည ၁၁ နာရီမှာတော့ Arsenal vs Fulham ပွဲစဉ် ရှိ၏။ ဆင်ပြောင်ကြီး အမြီးကြမှတစ် မဖြစ်ရလေအောင် လက်ကျန် ပွဲစဉ်တိုင်းကို Arsenal တို့ သေချာလေး အာရုံစိုက်ဖို့ လိုမည် ဖြစ်၏။ အနိုင်ရလဒ်အပြင် ဂိုးတွေလည်း ရသလောက်၊ သွင်း နိုင်သလောက် သွင်းထားဖို့ လိုမည် ဖြစ်၏။ ပွဲကျန်တွေ ရှိနေသေးသည့် City ကို ဖိအား စိတ်အနှောင့်အယှက် ပေးနိုင်ဖို့ ယခု ပွဲစဉ်ကို အနိုင်ကစားဖို့ လိုမည် ဖြစ်၏။
Fulham အနေဖြင့်လည်း ယခု ပွဲစဉ်ကို အနိုင်ရခဲ့ရင် ဥရောပပြိုင်ပွဲဝင်ခွင့်နေရာ အတွက် မျှော်လင့်ချက် ရှိလာနိုင်သည်မို့ Arsenal ကို အခက်တွေ့အောင် ကစားသွားဖို့ ရှိနေ၏။ ပထမကျော့ Fulham ကွင်းမှာတုန်းက Arsenal က ၀-၁ ဖြင့် အနိုင်ရထား၏။ ပထမကျော့ အိမ်ကွင်း ရှုံးကြွေးကို Fulham တို့ ပြန်လည် ချေပနိုင်မလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပေလိမ့်မည်။
(photos from Premier League Page)