
ချန်ပီယံလိဂ် ၃၂ သင်းဆင့် ဒုတိယကျော့ ဒုတိယနေ့ ပွဲစဉ်များ ဆက်လက်၍ ကစား၏။ အဆုံးအဖြတ် ပွဲစဉ်များ ဖြစ်တာနဲ့အညီ ပွဲစဉ်တွေကလည်း အကြိတ်အနယ် ရှိလှ၏။ အနီကဒ်တွေလည်း တွေ့ရ၏။ အီတလီကလပ်အသင်း ၂ သင်းလည်း ဒီနေ့မှာ ကစားကြ၏။ အီတလီကိုယ်စားပြု အနေဖြင့် ဘယ်အသင်း ကျန်ရှိမလဲက စိတ်ဝင်စားစရာပင်။ မနေ့က Inter Milan ထွက်ခွာ သွားခဲ့ရခြင်းကြောင့် ကျန်အီတလီ အသင်းတွေအဖို့ ဖိအား ပိုသွားခဲ့ရ၏။ ပထမကျော့မှာ ရှုံးထားကြသည် မဟုတ်လား။
Atalanta အသင်းကတော့ အံအားသင့်စရာတွေ လုပ်ပြ သွားခဲ့၏။ ပထမကျော့ Dortmund အိမ်ကွင်းမှာ ၂-၀ ဖြင့် ရှုံးထားသည်မို့ ခု မိမိ အိမ်ကွင်းမှာ ၂ ဂိုး အထက် သွင်းနိုင်မှသာ အဆင်ပြေပေလိမ့်မည်။ အိမ်ကွင်းအားနဲ့ Atalanta အသင်းတို့ ပွဲစကတည်းက တောက်လျောက် ဖိအားပေး ကစားခဲ့လေ၏။ လိုအပ်နေတဲ့ ၂ ဂိုးအပြင် နောက်တဆင့် တက်နိုင်ရေးအတွက် အပို ၁ ဂိုးပါ ထပ်မံသွင်းယူကာ ၅၇ မိနစ်မှာပင် ၃-၀ ဖြင့် ဦးဆောင်ထား၏။
Dortmund အသင်း အနေဖြင့် အနည်းဆုံး ၁ ဂိုး ပြန်သွင်းယူနိုင်မှသာ အချိန်ပို ကစားခွင့်ရမည် ဖြစ်၏။ ၇၅ မိနစ်မှာ Dortmund အသင်း ၁ ဂိုး ပြန်လည်လို့ သွင်းယူနိုင်ခဲ့၏။ အချိန်ပိုကစားရတော့မယ်ဟု ထင်မှတ်ထားချိန် နာကျင်အချိန်ပိုမှာ ပွဲ၏ အလှည့်အပြောင်း ဖြစ်ပေါ်လာခဲ့၏။ Atalanta ၏ တန်ပြန်တိုက်စစ်ကို ဟန့်တားရာမှာ Dortmund တို့ ပင်နယ်တီ ပေးလိုက်ရ၏။ အဆိုပါ ပင်နယ်တီကို Atalanta အသင်း အမှားအယွင်းမရှိ ကန်သွင်းပြီး ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့လေ၏။ ၄-၁ နှစ်ကျော့ပေါင်း ၄-၃ ဖြင့် နောက်တဆင့် တက်သွားခြင်း ဖြစ်၏။

Atalanta ၏ လမ်းစဉ်ကို လိုက်နိုင်ဖို့ Juventus အသင်းလည်း ကြိုးစားခဲ့လေ၏။ ပထမကျော့ Galatasaray အသင်း အိမ်ကွင်းမှာ ၅-၂ ဖြင့် ရှုံးထားသည်မို့ အနည်းဆုံး ၃ ဂိုး ပြန်သွင်းယူနိုင်မှသာ နောက်တဆင့်တက်ရေး မျှော်လင့်နိုင်မည် ဖြစ်၏။ ၃ ဂိုးဆိုတာကြီးက အနည်းငယ်တော့ ခက်ခဲလှပေမည်။ သို့ပေမဲ့ ဒါကို Juventus အသင်း လုပ်ပြနိုင်ခဲ့၏။ ၃၇၊ ၇၀၊ ၈၂ မိနစ်တွေမှာ ၃ ဂိုးဆက်တိုက် သွင်းယူကာ နောက်တဆင့်တက်နိုင်ရေး မျှော်လင့်ချက် အိပ်မက်ကို အသက်အသွင်း၏။ ၂ ကျော့ပေါင်း ၅-၅ သရေကျနေသဖြင့် အချိန်ပို မိနစ် ၃၀ ဆက်ကစား၏။ ၁၀၅+၁ နှင့် ၁၁၉ မိနစ်တွေမှာ Galatasaray အသင်းက ၂ ဂိုးဆက် သွင်းယူသွားခဲ့၏။ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ပြီးမှ ထပ်မံ၍ ဖျက်ဆီးခံလိုက်ရလေတော့၏။ ၂ ကျော့ပေါင်း ၅-၇ ဖြင့် Galatasaray အသင်း နောက်တဆင့် တက်သွားခဲ့လေ၏။
ပြင်သစ် ကလပ်အသင်း ၂ သင်းကတော့ ကျဉ်းမြောင်းသည့် ဂိုးကွာခြားချက်နဲ့ပဲ PSG အသင်းက နောက်တဆင့် တက်သွားခဲ့လေ၏။ ပထမကျော့ Monaco အိမ်ကွင်းမှာ PSG က ၂-၃ ဖြင့် အနိုင်ရထား၏။ ခု PSG အိမ်ကွင်းမှာ ၂-၂ သရေဆိုတော့ PSG က ၂ ကျော့ပေါင်း ၅-၄ ဖြင့် နောက်တဆင့် တက်သွားခဲ့လေ၏။
Real Madrid vs Benfica ပွဲစဉ်မှာတော့ Real Madrid က ၂-၁ ဖြင့် အနိုင်ရကာ ၂ ကျော့ပေါင်း ၃-၁ ဖြင့် နောက်တဆင့်သို့ တက်လှမ်းသွားခဲ့လေ၏။ ၁၆ သင်းဆင့် ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ မဲနှိုက် ရွေးချယ်သွားမည် ဖြစ်၏။
(photos from UCL page)