အိမ်ရှင်မတွေ ဈေးဝယ်ခြင်းကလည်း အနုပညာ
တစ်ခုဗျို့။ အတတ်ပညာတခုဆိုလည်း ပိုမှန်သပေါ့။
ဈေးဝယ်သည်မှာ ရော့ငွေ အင့် ကုန်ပစ္စည်းဆိုပေသိ။
အတတ်ပညာတခုလည်းပါမှ ဈေးဝယ်ခြင်းက
ပြည့်စုံတာ။ သို့ပေသိပေါ့လေ စင်တာတို့၊
မားကတ်တို့မှာ ဝယ်သည်ကတော့ ပညာမပါပေဘူး။
ရပ်ကွက်ဈေးမှာ ဈေးဝယ်ခြင်းကတော့ ပညာ
ပါရသဗျို့။
ကိုယ်တွေလို ဒီငွေနဲ့ ရသလောက်ချက် ဆိုသူများ
အဖို့ ပို၍ ဈေးဝယ်ခြင်းက ပညာသည်ဆန်သွားသည်။
ပရိုဖြစ်သွားတာပေါ့ဗျာ။ ကိုယ်ဝယ်မည့်ငွေဖြင့်
အိမ်ရှိလူများ လောက်ငှဖို့ ဈေးသွားရသည်က
အတော်ကို အုံးစားရပေမည်။ ဆန်၊ ဆီ၊ ဆား
တို့က အခန့်သင့်ရှိပေသိ ဝယ်ရတာ တခါတရံ
မလွယ်ကူ။ အိမ်မှ ဘာ ဘာ ချက်မည်ဟု
စိတ်ကူးခဲ့လျှင် အဆင်ပြေသည်။ သို့ပေသိ
ကိုယ်ချက်မည့်ဟင်း ဝယ်ဖို့ရာ အဆင်မပြေပါလျှင်
ဈေးထဲမှာ ယောင်လည်လည်ဖြစ်ရသည်။

ကိုယ်တွေ အထက်မှာ ဈေးဝယ်ခြင်းအတွက်
လက်ချာပေးနေသည်မှာ တနေ့က ဈေးဝယ်
ရာတွင် ဈေးသည်မှ ကျွန်ုပ်အား အငေါက်ခံခဲ့
ရခြင်းအတွက်ဖြစ်သည်။ တနေ့က ဈေးထဲမှာ
ငါးလူးလေးတွေ တွေ့၍ ဈေးမေးမိသည်။
အစိတ်သား ဘယ်လောက်လဲဟု မေးရာ။
လေးထောင်ဟု ပြောသည်။ အင်း အဲ့မှာ
အပြောအဆိုမတတ်ခြင်းလား၊ အလိုက်အကန်း
မသိခြင်းပေလား မသိသော ကျွန်ုပ်သည်ကာ
အစိတ်သား သုံးထောင်မဟုတ်ဖူးလားဟုပြောမိသည်။
တနေ့က သုံးထောင်နဲ့ ဝယ်ထားဖူး၍ မေးခြင်း
ဖြစ်သည်။

ကျွန်ုပ်၏ စကားမဆုံးသေးမီ ဈေးသည်က
ရန်တွေ့ပါလေသည်။ ငါးကိုကြည့် လတ်တာမှ
ဖလန်ထနေတာ။ ငါးဈေးကလည်းကောင်းပ။
ကိုယ်ဝယ်တာတောင် အဲ့ဈေးမရဘူး။
ဈေးသည်၏ စကားလုံးများမဆုံးမီ
သူနဲ့ ဝေးရာ ကမ္ဘာမြေအဆုံး
မောင်ပြေးပုန်းပါ့မယ် သီချင်းအတိုင်း
လျှင်မြန်သော အဟုန်ဖြင့် ကျွန်ုပ်သည် အောင်မြင်စွာ
အဆောတလျှင် ဆုတ်ခွါခဲ့သည်။
နေနှင့်အုံးပေါ့ ငါးလူးရယ်။ လူကို မနိုင်တော့
ငါးကိုမဲရတာပေါ့။ ဟင့် ဟင့် ဒီနေတော့
ဒင်းကိုတွေ့ရသည်။ တွေ့ရတာမှ ဈေးထိပ်မှာ
ငါးလူးတွေ ရောင်းနေကြတာ သုံးလေးဦးတောင်မှ။
အစိတ်သား နှစ်ထောင့်ငါးရာကျပ်ဖြစ်သည်။
လာပါလာပါ မကြည် ရဲ့ ဆိုသလို အလုအယင်ပင်
ရောင်းချနေကြသည်။

ဒီတော့ ကျွန်ုပ်သည်လည်း အောင်မြင်ဝမ်းသာ
သော မျက်နှာဖြင့် ငါးလူး အစိတ်သားဝယ်ကာ
အိမ်ပြန်ခဲ့သည်။ အိမ်သို့ရောက်သော် ငါးလူး
တဝက်ကိုကြော်ပြီး ကျန်တဝက်ကို ငရုပ်သီးစိမ်း
ရှမ်းနံနံလေးဖြင့် ချက်ပြီးသကာလ အောင်ပွဲခံ၍
ငါးလူးအကြော်နှင့် အချက်တို့ကို စားတော်မူလေသတည်း။
@htwegyi
October 29, 2025