ကျွန်တော်နှင့်သရက်သီး ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ ခေါင်းစဉ်ကြည့်လိုက်သည် နှင့်ကျွန်တော်ဘာအကြောင်း ပြောတော့မည်ကို အားလုံးအသိဖြစ်ပါလိမ့်မည်။ ဟုတ်ကဲ့ သရက်သီး အကြောင်းပင်ဖြစ်ပါသည်။ ယခုတလော ကျွန်တော်စျေးသွားရာတွင် စျေးထဲ၌ အပေါဆုံးတွေ့နေရသော အရာမှာ သရက်သီး ဖြစ်ပါသည်။

ရင်ကွဲသီး ၊ စိန်တလုံး ၊ မချစ်စု စသည်ဖြင့် ။ အမှန်တော့ ဤကဲ့သို့သော အမည်နာမရှိသည့် သရက်သီးများအား ကျွန်တော် ရန်ကုန်ရောက်မှ စားဘူးခြင်း ဖြစ်ပါသည်။ မချစ်စုကတော့ အမှည့်ထက် အစိမ်းလိုက် ကိုက်စားရသော သရက်သီး ဖြစ်ပါသည်။ အချဉ်ပေါ့ကာ အများအားဖြင့် သရက်သီး သုပ်လုပ်စားသော အသီးဖြစ်ပါသည်။

ရင်ကွဲသီး မှာ အစိမ်းတွင် အလွန်ချဉ်ပါသည်။ သို့သော် မှည့်ပြီဆိုလျင်တော့ အလွန်မွေးကာ ချိုအီသော အရသာ ရှိပါသည်။ ကျွန်တော်တို့ကတော့ ရင်ကွဲသီးအား ထမင်းဖြင့်လည်း စားဘူးပါသည်။ နောက် စိန်တလုံး။ စိန်တလုံဟုခေါ်သော သရက်သီး အနေဖြင့် သရက်သီးလောကတွင် ပေါ်လာသည် မှာ မကြာသေးဟုထင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုစိန်တလုံးဟူသော သရက်သီးအား ကျွန်တော်စင်္ကပူ မသွားမှီအထိ မကြားဘူးခဲ့ပါ။ သို့သော် လွန်ခဲ့သော ၄ ၊ ၅ နှစ် ခန့်ကစ၍ စိန်တလုံး သရက်သီးဟူ၍ နာမည်ကြီးလာသလို အနှီး စိန်တလုံး သရက်သီးသည် စင်္ကပူ သို့ပင်ရောက်လာခဲ့သောကြောင့် ကျွန်တော်သိရခြင်း ဖြစ်ပါသည်။ ထားပါ။

ဤသည်တို့မှာ ကျွန်တော်ရန်ကုန်ရောက်ပြီးသည့်နောက် သိရသည့် သရက်သီးများ။ မြန်မာစကားပုံ အတိုင်း အသီးမှာ သရက် ၊ အသားမှာ ဝက်ဟု ဆိုထားပါသည်။ မြန်မာပြည်ရှိ သရက်သီးတို့မှာ သူ့အရသာနှင့်သူ ရှိပြီး ဖြစ်ပါသည်။ သရက်သီးနှင့်ပတ်သက်၍ ကျွန်တော်ငယ်ငယ်က စားခဲ့ရသော သရက်သီးများအား အနည်းငယ် စာဖွဲ့လိုပါသည်။

ကျွန်တော်တို့အိမ်သည် ဧကဝက်ခန့်ကျယ်သော ခြံကြီး ဖြစ်၍ သီးနှံပင်များ အလွန် စုံလှပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့မိခင်မှာ အပင်စိုက်ဝါသနာပါ သောကြောင်​့ ဖြစ်ပါသည်။ ကျွန်တော်တို့ခြံတွင် ဒညှင်းပင် ၊ Star Apple ပင်မျိုးစုံ ၊ သရက်ပင် မျိုးစုံ ၊ ရှမ်းဆီးသီး ၊ မန်ဂိုသီး ၊ မက်မွန်သီး ၊ သီဟိုသရက်သီး ၊ ငှက်ပျောပေါင်းစုံ ၊ ဩဇာသီး ( ထောပတ်ဩဇာသီး ) ကော်ဖီပင် ၊ ဘရာဇီးကော်ဖီပင် ၊ ရှောက်ပန်းသီးခေါ် ကျွဲကောသီးပင် ( အနီသီး ၊ အဖြူသီး ) ဟူ၍ နှစ်မျိုးလုံးရှိပါသည်။

စသည် စသည်ဖြင့် အသီးအပင် ပေါင်း အတော်များများ ရှိခဲ့ပါသည်။ ကျွန်တော်ဖေါ်ပြရန် အတော်များများ ကျန်ခဲ့ပါသည်။ လိုင်ချီးသီး အစ ကနစိုးသီးဟု ခေါ်သော အသီး၊ မှည့်လိမ်သီး ဟူသော အသီးပင်များလည်း ရှိပါသည်။ ရှိစေတော့။

သရက်သီး အကြောင်းမှ စကားချော်ထွက်သွားသည်မှာ သရက်သီး အကြောင်းဆက်ကြပါအုံးစို့။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ ခလေးဘဝကနေခဲ့ သော အိမ်တွင်ရှိသော မျောက်ခေါင်းသီးဟူသော သရက်မှာ အလွန်စားကောင်းလှပါသည်။ သရက် အပင်ကြီး မျိုးမဟုတ်ပါ။

ဆိုလိုသည်မှာ သရက်ပင်သည် အမြင့်သို့ ထိုးတက်သော သရက်ပင်မျိုး မဟုတ်ပါ။ ဘေးသို့ ပြန့်ကားသော သရက်မျိုး ဖြစ်ကာ အသီးမှာ တကယ်ပင် မျောက်ခေါင်း အရွယ်အစားပင်ဖြစ်ပါသည်။ မှည့်ပြီဆိုလျင် အလွန်နူးညံ့၍ ချိုအီသော အရသာ ရှိပါသည်။

သို့သော် ထို မျောက်ခေါင်း သီး၏ သဘောသဘာဝမှာ အနည်းငယ် မှည့်ပြီးဆိုလျင် ကြွေကျပါသည်။ ထိုကြွေကျသော အသီးအား အကောက်နောက်ကျလျင် မိမိတို့စားစရာမရှိတော့ပါ။ သရက်ပိုးတို့ဖြင့် ပြည့်နေပါလိမ့်မည်။ ဤသည်ကာ မျောက်ခေါင်း သရက်။

အခြားသော သရက်သီး တမျိုးမှာ သရက်ရိုင်း ဖြစ်ပါသည်။ သူ့တွင်လည်း နာမည်ရှိပါလိမ့်မည်။ သို့သော် ကျွန်တော် မခေါ်တတ်သောကြောင့် သရက် ရိုင်းဟု ခေါ်ရခြင်း ဖြစ်ပါသည်။ သရက်ရိုင်းပင်ကာ ကျွန်တော်တို့ အိမ်ဝိုင်းထဲတွင်ရှိသည် မဟုတ်ပါ။

မြစ်ကြီးနား ကောလိပ် အရှေ့ဘက်တွင် ရှိသော မြက်တောရိုင်းများကြားတွင် ပေါက်ရောက်နေသည့် သရက်ရိုင်းများ ဖြစ်ပါသည်။ ပိုင်ရှင် မရှိ၍ သရက်ရိုင်းဟု ခေါ်ရခြင်းဖြစ်ပါသည်။ သူ့တွင်လည်း သူ့အမည်နှင့် သူရှိမည်ဟု ထင်ပါသည်။

ဤသရက်ပင်သည် အပင်သေးသေးလေး မဟုတ်ပါ။ လူကြီး သုံးယောက် ဖက်စာဖြစ်သော ပင်စည်ကြီးများ ဖြစ်ကာ အပင်ပေါ်လည်း တက်၍ မရပါ။ အပင်မြင့်လွန်းသည့် အပြင် ခါချဉ်ကောင်များ လည်း အလွန်ထူသော ကြောင့် တက်၍ မရခြင်း ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း ထိုသရက်ပင်သည် တရွာလုံးရှိ ခလေးများ ပိုင်သည် ဖြစ်ရာ.... ကလေးများ၏ စုဝေးရာနေရာ လောက်လေးခွ လက်တည့်စမ်းရာ နေရာ ဖြစ်နေပါတော့သည်။ ထိုကဲ့သို့ လောက်လေးခွ လက်တည့်စမ်းသော ခလေးများတွင် Henry Aung ကာ ထိပ်ဆုံးမှ ဖြစ်ပါသည်။

မိမိ အိမ်မှ ယူလာရသည်မှာ ဆား ၊ ငရုတ်သီးထောင်း သာ ဖြစ်၍ လောက်လေးခွ ဖြင့် ပစ်ချသော သရက်သီးတို့မှာ..... ယခု ဤစာရေးနေချိန်တွင်ပင် သွားရည်များ ကျနေပါသေးသည်။ ဤသည်မှာ ကျွန်တော် ငယ်စဉ်က စားခဲ့ရသော သရက်ရိုင်း တို့အကြောင်း ဖေါ်ပြပေးရခြင်းသာ ဖြစ်၍ ကျွန်တော် မှတ်မိသလောက် သရက်ရိုင်းသည် အစေးလောင်ခြင်း မရှိခြင်းပင်ဖြစ်ပါသည်။

သရက်သီးများအား လေးခွဖြင့်ပစ်ချ.... ထိုသရက်သီးစိမ်းအား ယူလာသော ဆား ငရုတ်သီးဖြင့် တို့စား.... ဝယ်စားစရာမလိုသော သရေစာ များဖြစ်ပါသည်။ ကျွန်တော်သဘောကျမိသော အခြား သရက်ရိုင်း တမျိုးရှိပါသေးသည်။

ထိုသရက်ရိုင်းမှာ ကျွန်​တော့ အဘိုးလေး ခြံတွင် ပေါက်ခြင်း ဖြစ်ပါသည်။ ကျွန်​တော့ အဘိုးလေး ခြံကလည်း တစ်ဧက နီးပါးကျယ်သည် ဖြစ်ရာ ထို သရက်ရိုင်းပင်သည် ကျွန်တော် ပြုသမျှနူရသော အပင်သာ ဖြစ်ပါသည်။ ထိုသရက်ရိုင်းပင်မှ အသီးသည် သရက်သီးနှင့် မတူပါ။

လက်သီးဆုပ်ခန့်သာရှိ၍ အသားပါးကာ အစေ့ထူသော သရက်ရိုင်း ဖြစ်ပါသည်။ သို့သော် ဤသရက်စေ့ မျိုးအား စားဘူးသူ စုပ်ဘူးသူသည် နောက်ထပ်မည်သို့သော သရက်စေ့မှ စုပ်လိမ့်မည်မဟုတ်ကြောင်းအားမခံပါသည်။

ရှိစေတော့ ။ ဆိုခဲ့သည့် အတိုင်း ကျွန်​တော် သရက်သီး အတော်များများ စားဖူးပါသည်။ အထက်တွင် ဖေါ်ပြပေးခဲ့ပြီးဖြစ်၍ အားလုံး သိလောက်ပါပြီ။ မိတ်ဆွေ အနေဖြင့် မိမိတို့ စား၍ မှတ်မိသော သရက်သီးများ အကြောင်း ဖေါ်ပြကြပါကုန်။ ဗဟုသုတ အနေဖြင့် မှတ်သားရန် ဖြစ်ပါသည်။

Henry Aung(Kachin)
H1.jpeg

Sort:  

မျောက်ခေါင်းသရက် မစားဖူးဘူးဗျာ
စာကြည့်ချင်လိုက်တာ

မြစ်ကြီးနား ဘက်မှာရတယ် ကိုဟိန်း

ခပ်ငယ်ငယ်က ပန်းစွဲသရက်တဲ့ စားဖူးတယ်အစ်ကိုရေ
အရောင်လေးက ပန်းသီးရောင်ထက်ရင့်ပြီး လှတယ်ဗျာ အရသာကတော့ အတော်ချဉ်သဗျ

ပန်းစွဲသရက်.... တခါမှ မစားဘူးသေးဘူး၊ ဘယ်မှာ ဝယ်လို့ရသလဲဗျ။

ခုနောက်ပိုင်း မတွေ့တော့ဘူးဗျ
ချဉ်လွန်းလို့ မစိုက်ကြတော့တာပဲလား အစ်ကိုရေ

သရက်သီးဆိုရင်တော့ အစိမ်းပိုကြိုက်တယ်ဗျာ။
ငပိနဲ့ ငရုပ်သီးစက်စက် သုပ် အိုး... ရှယ်ပဲ😁

မြန်မာအကြိုက် ချဉ်ချဉ် ငံငံ စပ်စပ်

ရင်ကွဲ၊မချစ်စု၊စိန်တလုံးနှင့်သုံးလုံးတစ်တောင်သီးစားဖူးပါတယ်....မချစ်စုသရက်သီးကိုတော့အကြိုက်ဆုံးပါ...အစိမ်းဆိုရင်ငရုတ်သီးမုန့်၊ဆား၊သကြားတို့နဲ့တို့စားပါတယ်.....

ဘိတ်မှာလည်း သုံးလုံး တတောင်သရက်သီးရှိတယ်ပေါ့။ သရက်သီးရှည်ရှည်လေးတွေ...

ကျွန်တော်တို့ အဖေရတဲ့‌ေမြကွက်မှာ စိန်တစ်လုံးနဲ့ ထောပတ်သရက်သီး
နှစ်မျိုးစိုက်ထားသည်။ နှစ်ပင်လုံး အလွန်စားကောင်းပါသည်။

စိန်တလုံးကတော့ စားဘူးတယ်... ထောပတ်သရက်က တော့ခုမှ ကြားဖူးတာ။ ဘယ်မှာ ဝယ်လို့ရပါလိမ့်။

တစ်ရွာ တစ်မျိုးပြောင်းခေါ်ကြတာပါ။ သူက အကင်းကတည်းက
တို့စားရင် အရသာရှိတာ မှည့်သွားရင်လည်း အခြားအသီးတွေလို
အိမသွားဘူး။အဝါရောင်လေး သန်းတာနဲ့ ခွဲစားရတာ။
အိသွားရင် ပုတ်ပြီ။

caption နဲ့တင်ကျွန်တော့်ကိုအတော်ဆွဲဆောင်နိုင်နေပီ

ညီတို့ဆီမှာကော ဘယ်လို သရက်သီးတွေပေါသလဲ..?

စိန်တစ်လုံးကတော့အပေါဆုံးပဲ တစ်ခြားသ၇က်သီးတွေလဲရှိပါတယ်