တိုင်းရေးပြည်ရာ ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ တိုင်းရေးပြည်ရာ စာစုမှာ ကျွန်တော်၏ ဦးနှောက် သေးသေးလေးဖြင့် ရေးသားရသောကြောင့် အမှားများပါသွားလျင် ကြိုတင်တောင်းပန်အပ်ပါသည်။ ယခုတလော ဖတ်မိသော နိုင်ငံတကာ သတင်းများကြောင့် ကျွန်တော်၏ ညဏ်သေးသေးလေးဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်အား လူအများက အကောင်းဘက်က မျော်လင့်ခဲ့ကြပါသည်။ အမေရိကန် နှင့် တရုတ်တို့ စီးပွားရေး ပြိုင်ဆိုင်မှု ဂရက်ကြောင့် နိုင်ငံတကာ စီးပွားရေးများ အထိနာခဲ့ကြရာ ၂၀၂၀ တွင် စီးပွားရေး တဖန်ပြန်လည် ဦးမော့လာမည်ဟု ယုံကြည်ခဲ့ကြပါသည်။ သို့သော် မျှော်လင့်သည့် အတိုင်း ဖြစ်မလာခဲ့ပါ။

COVID-19 ၏ ရိုက်ချက်ကြောင့် ယိုင်နဲ့နဲ့ ဖြစ်နေသော စီးပွားရေးများ ဝရုန်းသုံးကား ပြိုကျကုန်ပါတော့သည်။ အင်အားကြီး နိုင်ငံများ၏ စီးပွားရေးက ကြီးမားလှသောကြောင့် စီးပွားပျက်သည် ဆိုအုံးတော့ ဆင်ပိန်ကျွဲလောက်တော့ ကျန်ပါသေးသည်။ မိမိတို့နိုင်ငံ၏ စီးပွားရေးက ကြောင်သာ သာ ရှိသောကြောင့် ကြောင်ပိန်လျင် ကြွက်လောက်တော့ ကျန်သေးသည်ဟု ဆိုရမယောင်။

ယခုအချိန်ထိ COVID-19 အား လုံးဝကာကွယ်နိုင်ပြီဟူသော ဆေးထွက်ပေါ်မလာသေး။ အင်အားကြီး အမေရိကန်ကလည်း ရွေးကောက်ပွဲကာလ ရောက်လာသဖြင့် သူ့နိုင်ငံ တွင် ကူးစက်ရောဂါကြောင့် အသေအပျောက်များနေသလောက် ယခုတော့ ဒေါ်နယ်ထရန့် ကလည်း ကူးစက်ရောဂါအား စကားထဲထည့်မပြောတော့ပါ။

သေစရာရှိသူတို့ သေကြ သူ့အနေဖြင့် နောက်ထပ်သက်တမ်း ၄ နှစ် ထပ်အနိုင်ရဖို့သာ အာရုံစိုက်နေပြီ ဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် လူဖြူ လူမည်း ပြသနာများကလည်း တမှောင့်။ အမှန်ဆိုရလျင် အမေရိကန်ကဲ့သို့သော ဒီမိုကရေစီ ဘိုးအေ အဖို့ ဤကဲ့သို့ အဖြစ်အပျက်များအတွက် ရှက်စရာကောင်းလွန်းလှပါသည်။

နိုင်ငံတကာတွင် လူ့အခွင့်အရေးဟု အော်နေကြသော်လည်း သူ့နိုင်ငံတွင်တော့ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ဦးတည်နေပါသည်။ ဒေါ်နယ် ထရန့် အနေဖြင့် ယခင် သမ္မတ များကဲ့သို့ ကမ္ဘာကြီးအား ခေါင်းဆောင် မှုမပေးနိုင်သည်ကတော့ မျက်မြင်ကိုယ်တွေ့သေချာလွန်းလှပါသည်။

ကမ္ဘာ့ နိုင်ငံကြီးများတွင် လုပ်ငန်းစဉ် တိုင်း အတွက် Emergency Response Plan ဟူသည့်အရာ ထည့်သွင်းပြီးသား ဖြစ်ပါသည်။ ဥပမာ စီးပွားရေး ပြိုလဲလာလျင် အရေးပေါ်အခြေအနေဖြင့် ဘာလုပ်မည် ၊ မည်သို့ ပြင်ဆင်ထားရမည် ၊ မည်သို့ ဆောင်ရွက်မည် ။

စစ်ရေးတွင်လည်း စစ်ဖြစ်လာလျင် မည်သို့ ကာကွယ်မည် ၊ ၂၄ နာရီအတွင် မည်သို့ ဆောင်ရွက် မည် ၊ မည်သူတို့က အသင့် ဖြစ်နေရမည် စသည်ဖြင့် ။ စစ်ရေးလေ့ကျင့်သည်ဆိုသည်မှာ ထို အရေးပေါ်အခြေအနေများ အတွက် အသင့်ရှိနေစေရန် စနစ်တကျ လေ့ကျင့်ကြခြင်း ဖြစ်ပါသည်။

သို့သော် ထိုခေါင်းဆောင်တို့ မေ့လျော့နေသည်မှာ ကူးစက်ရောဂါပိုး ထိန်းမနိုင်သိမ်းမရ ဖြစ်လာလျင် မည်သို့ အရေးတကြီး လုပ်ဆောင်ရမည် ဟူသော အချက်အား မေ့နေခဲ့ကြပုံရပါသည်။ ထိုအတွက် ပြင်ဆင်ထားမှုအားနည်း သော ကြောင့် ယနေ့ အမေရိကန် နှင့် ဥရောပ အင်အားကြီး နိုင်ငံတို့၏ လူအသေ အပျောင်နှုန်းအား ကြည့်လျင်သိသာပါသည်။

တရုတ်နိုင်ငံကတော့ ရှင်းသည်။ သူ့နိုင်ငံ၏ ဓတ်ခွဲခန်းမှ ထွက်လာသော ရောဂါပိုးဖြစ်သဖြင့် ဤ ကူးစက်ရောဂါဖြစ်လာလျင် မည်သို့ အရေးပေါ်ဆောင်ရွက် ရမည်ဆိုသည်ကို ထည့်သွင်းထားခဲ့ပုံရပါသည်။ ထို့ကြောင့် ဤကူးစက်ရောဂါ ဖြစ်လာပြီ ဆိုကတည်းက သူတို့ အမြတ်တနိုးကျင်းပသော နှစ်သစ်ကူးပွဲအား တုန့်ဆိုင်းမှုမရှိ ပိတ်ပြစ်လိုက်သလို ၊ မြို့ကြီးများအား လည်း အဝင်အထွက် ပိတ်လိုက်ပါတော့။

ထို့နောက်တော့ လမ်းမပေါ်မထွက်ရ အိမ်ထဲမှ အိမ်ပြင် မထွက်ရ ။ စားစရာမရှိလျင် ငတ်ပြီးသေ အိမ်ပြင် ထွက်မလာနှင့် ။ ထို့နောက် ကူးစက်ရောဂါ လူအများအပြားအား ကုသ ပေးနိုင်သော ဆေးရုံကြီးများအား တပတ်အတွင်း အပြီးတည်ဆောက် စေခြင်း ၊ လိုအပ်သော ဆေးဝါးကရိယာ ကာကွယ်ရေး ဝတ်စုံများ အလုံအလောက် ထုတ်လုပ်နိုင်ခြင်း စသည်တို့အား ကြည့်လျင် တရုတ်က သေချာပြင်ဆင်ထားသည်မှာ သိသာပါသည်။

ထို့ကြောင့် သူတို့ အနေဖြင့် ဤ ကူးစက်ရောဂါမှ အမြန်ဆုံး ပြန်လည် နလန်ထူလာကြခြင်း ဖြစ်ပါသည်။ အပြင်ပန်း ကြည့်လျင် တရုတ်တို့ အနေဖြင့် ဤရောဂါအား အနိုင်ယူနိုင်သယောင်ရှိသော်လည်း တရုတ်တို့ ကိုယ်တိုင်က ဤကူးစက်ရောဂါအတွက် ကာကွယ် ကုသဆေး မထုတ်နိုင်သေးပါ။ ထို့အတူ ကြိုးနီ စနစ်ကြောင့် သူ့နိုင်ငံအတွင်း ကူးစက်ရောဂါကြောင့် ပြည်သူ မည်မျှသေသွားသည်ကို အမှန်မသိနိုင်ကြပါ။

ဤကူးစက်ရောဂါသည် တရုတ်တို့အားလည်း အတော်လေး အထိနာသွားစေပါသည်။ ဤကူးစက်ရောဂါကြောင့် ဂျပန်က သူ၏ စီးပွားရေး မြုပ်နှံမှုများအား တရုတ်ပြည်မှ တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာမည်ဟု အတိအလင် ကြေညာခဲ့သလို အခြားသော အမေရိကန် နှင့် ဥရောပ နိုင်ငံများကလည်း သူတို့၏ ရင်းနှီမြုပ်နှံမှုအား တရုတ်မှ ဆွဲထုတ်ကာ အရှေ့တောင်အာရှ နိုင်ငံများဘက်သို့ ရွှေ့ပြောင်းစေခဲ့ကြပါသည်။

ဤကူးစက်ရောဂါသည် တရုတ်တို့၏ ဓတ်ခွဲခန်းမှ ထွက်လာကြောင်း မည်သူမျှ သက်သေမပြနိုင်သေးသော်လည်း နိုင်ငံတိုင်းက တရုတ်တို့၏ လက်ရာဖြစ်ကြောင်းခံစားမိနေကြပါသည်။ ဤ ကူးစက်ရောဂါကြောင့် စိတ်မွန်းကျပ်နေကြသော ပြည်သူလူထုများအား ထွက်ပေါက် ပေးသည့် အနေဖြင့် အာရုံပြောင်း စေရန် စစ်ပွဲများ ဖန်တီးကြတော့မည့် အလားအလာများအား တွေ့မြင်နေကြရပြီ ဖြစ်ပါသည်။

အရှေ့ အလယ်ပိုင်းတွင် အီဂျစ်က လစ်ဗျာ အားအကူအညီပေးရန် ဟူသော အချက်ဖြင့် စစ်ပြင်နေပြီ ဖြစ်သလို အီဂျစ်အနေဖြင့် လစ်ဗျာ တို့ရောက်လာလျင် ထိပ်တိုက်တွေ့ကြမည်မှာ ISIS များထက် တူရီစစ်တပ်နှင့် ထိပ်တိုက်တွေ့ကြပါလိမ့်မည်။ တူရကီ နှင့် အီဂျစ် စစ်ဖြစ်လျင် မဟာမိတ် ရုရှားက စစ်ထဲဝင်ပါလာမည် ဖြစ်ပါသည်။ ဤသည် ကအရှေ့အလယ်ပိုင်း။

လက်ရှိ အမေရိကန် COVID-19 ကိစ္စဖြင့် ကမ္ဘာအား ဦးဆောင်မှု မပေးနိုင်သည်ကို အားလုံးအတွေ့ ဖြစ်သည့် အပြင် သူ၏ နိုင်ငံအတွင်း၌လည်း လူဖြူ လူမည်း ပြသနာကြောင့် မင်းမဲ့ဆန်ဆန် စရိုက်လက္ခဏာ အား တွေ့မြင်နေရပြီ ဖြစ်ပါသည်။ WHO ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းအား ရံပုံငွေ ဖြတ်တောက် လိုက်ခြင်းကလည်း ကမ္ဘာ့ အလယ်တွင် အမေရိကန်၏ ဩဇာအာဏာ ရုတ်လျော့သွားစေပါသည်။

အခြား ဥရောပနိုင်ငံများက ဤကူးစက်ရောဂါတွင် အမေရိကန်က ဦးဆောင် အဖြေရှာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသော်လည်း အမေရိကန်က ဦးဆောင်မှု မပေးနိုင်သည့် အပြင် အမေရိကန် ကိုယ်တိုင်က ဤကူးစက်ရောဂါအား ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်ပါသည်။

ဤကဲ့သို့ နိုင်ငံတကာ တွင် အမေရိကန်တို့ ဩဇာ အားနည်းလာချိန်တွင် မြောက်ကိုးရီးယားက တောင်ကိုးရီယားနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အဆောက်အဦးအား ဗုံးခွဲ ဖျက်ဆီးလိုက်ကာ စစ်ရိပ်စစ်ငွေအား အစပြုလိုက်ပြီ ဖြစ်ပါသည်။ တောင်ကိုးရီးယားကလည်း မည်သို့သော ကျူးကျော်ထိပါးမှုကိုမဆို လက်တုန့်ပြန်မည်ဖြစ်ကြောင်း ထပ်မံကြေညာခဲ့ပါသည်။

ကိုးရီးယား ကျွန်းစွယ်တွင် စစ်ငွေ့စစ်ရိပ် သန်းလာချိန်တွင် တောင်တရုတ်ပင်လယ်၌ တရုတ်နှင့် ဗီယက်နမ် ထိပ်တိုက်တွေ့နေကြသည်။ ဟောင်ကောင်တွင် တရုတ်လိုလားသူနှင့် တရုတ်မလိုလားသူတို့ ထိပ်တိုက်တွေ့နေကြသည်မှာ ကြာပြီဖြစ်ပါသည်။

ဤ အခြေအနေမျိုးတွင် အန္ဒိယ နှင့် တရုတ်တို့ နယ်စပ်ပြသနာ ကြောင့် စစ်ဖြစ်တော့မယောင်အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ ယခု အချိန်ထိ မည်သူမှားသည် မှန်သည် မသိသေးသော်လည်း နှစ်နိုင်ငံလုံးက နယ်စပ်သို့ စစ်အင်အား အလုံးအရင်း ပို့နေကြပြီ ဖြစ်ပါသည်။

ပါကိစ္စတန်ကလည်း အိန္ဒိယ တရုတ်နှင့် တင်းမာနေသည်ကို အခွင့်အရေးယူကာ အန္ဒိယ ပါကိစ္စတန် နယ်စပ်ဒေသတခု ဖြစ်သော ကက်ရှ်မီးယား ဒေသအား သွေးတိုးစမ်းလာနေပါသည်။ COVID-19 ကြောင့်မွန်းကျပ်နေသော ပြည်သူတို့ အာရုံပြောင်းစေရန် စစ်ပွဲများ မဖန်တီးကြစေရန်သာ ဆုတောင်းနေရုံသာ ဖြစ်ပါသည်။

သမိုင်းတွင်လည်း နိုင်ငံရေး သမားများက ပြည်သူတို့ ၏ မကျေနပ်ချက် အာရုံပြောင်းစေရန် အဓိကရုဏ်များ ၊ စစ်ပွဲများ ဖန်တီးခဲ့ကြသည်ကို အားလုံးအသိဖြစ်ပါသည်။ ဤလောက သည် ပျော်ရွှင်စရာလာလျင် တယောက်တည်းလာသော်လည်း ဒုက္ခဟူသော အရာလာလျင်တော့ အဖေါ်ခေါ်လာလေ့ရှိပါသည်။ လက်ရှိကမ္ဘာကြီး ဒုက္ခရောက်လျက် ရှိပါသည်။ မည်သို့သော အဖေါ်ခေါ်လာခဲ့သည်ကိုတော့ မသိသေးပါ။

Henry Aung ( Kachin )

H1.jpeg

Sort:  

လာတဲ့ဒုက္ခက အပေါင်းသင်းနည်းတဲ့ကောင် ဖြစ်ပါစေသာ ဆုတောင်းရတော့မှာပေါ့ အစ်ကိုရေ

အဲသလိုပဲ ဆုတောင်းရတာပါ့... တတ်နိုင်ဘူးလေ....

မေတ္တာတရားတွေ ပျောက်ဆုံးကုန်တော့မလား။
ဒေါသ လောဘတွေ လွန်ဆွဲအားပြိုင်နေကြသလား။
ကမ္ဘာကြီးက မီးစာတစ်ဖက် ရောဂါတစ်ဖက်
လောင်ကျွမ်းတော့မလား။
မေတ္တာတရားသာ ပြန်လည်ကုစားနိုင်မည်သာ။

လူသတ်မဲ့ စစ်လက်နက်တွေသာ ဆန်းသစ်လာတာ ရောဂါကုမဲ့ ဘက်တော့ စစ်ရေးလောက်အား မထုတ်ကြဘူး။

အော် Covid က စလိုက်တဲ့ ဇာတ်လမ်း စစ်ပွဲတွေနဲ့ အဆုံးမသတ်ဖို့
ဆုတောင်းနေရတော့မှာပဲ။

အဲသလိုပဲ ဆုတောင်းရတာပါ့... တတ်နိုင်ဘူးလေ....

မြင်ရာ ကြားရ ဘဝင် မချမ်းသာလှ ပါတကားဗျာ