ပထမဦးစွာသိရမည်က "ဇာတာဆိုတာဘာလဲ" ပါ။ ယခုခေတ်ကာလတွင်"ဇာတာ" ဟုပြောလျှင် အတော်များများမသိတော့ပါ။ ဇာတာ ဆိုသည်မှာ မိမိ၏ မွေးနေ့၊ မွေးရက်၊ မွေးနှစ်၊ မွေးဖွားချိန်တို့အပြင်မွေးဖွားရာဒေသတို့အပေါ်မူတည်၍ကောင်းကင်ရှိနက္ခတ်တာရာများကိုတွက်ချက်ပြီး မိမိသည်မည်သည့်နက္ခတ်တာရာတ်ု့နှင့်မွေးသည် စသည်ဖြင့်တွက်ချက်ထားသော မှတ်စာဖြစ်ပါသည်။ ယခင်က မြန်မာတို့သည် ဇာတာများကို ထန်းရွက်ပေါ်တွင် လှပသေသပ်စွာ ကနုတ်ပန်းခက်များဖြင့်ရေးသားခဲ့ကြသည်။ ယခုကာလတွင် ထိုကဲ့သို့ဇာတာရေးဖွဲ့ပေးသူတို့မှာ ရှားပါးနေပြီဖြစ်ပါသည်။ ဇာတာရှိခြင်းသည် မိမိ၏မွေးဖွားမှုမှတ်တမ်းတစ်ခုရသည့်အပြင် မိမိ၏ ကံအကြောင်းကိုလည်းသိခွင့်ရနိုင်မည် ဖြစ်သည်။
"မြန်မာတို့က ဘာလို့ထန်းရွက်ဖြင့် ဇာတာဖွဲ့ရပါသလဲ" လို့မေးစရာရှိနေပါတယ်။ မြန်မာတို့၏ ရိုးရာဓလေ့ကို သိရန်လိုအပ်သည်။ ရှေးအစဥ်အဆက်ကပင် မြန်မာတို့သည် သပြေပင်၊ အုန်းပင်၊ နှင့် ထန်းပင် တို့ကို မင်္ဂလာရှိသောအပင်၊ အသက်ရှည်ပင်၊ ပဒေသာပင် ဟုသတ်မှတ်ကာ မင်္ဂလာရှိသောပွဲကျင်းပသည် အခါတိုင်းတွင် ထိုအပင်များ၏ အရွက်အညွန့်၊ အစားအစာများ အဖြစ်အသုံးပြုကြသည်။ ဘုရားတည်၊ ကျောင်းဆောက်၊ အိမ်ဆောက် အစရှိသောမင်္ဂလာကိစ္စများ၊ ရှင်ပြုနားသမင်္ဂလာများ၊ ထိုအပြင် မင်္ဂလာဆောင်သည့်ကိစ္စအထိပင် သပြေညွန့်၊ အုန်းညွန် တို့မှာမပါမပြီးဖြစ်သည်။ ထိုအပြင် ကန်တော့ပွဲများပြင်ဆင်ရာတွင်လည်း အုန်းသီး၊ အုန်းညွန့်တို့က အဓိကပါဝင်ကြပါသည်။
ထိုအထဲမှထထန်းပင်သည် အသက်ရှည်ဆုံးအပင်ဖြစ်သည့်အလျောက် ပင်စည်ကို အိမ်တိုင်များ၊ ထန်းသီးကိုစားစရာ၊ ထန်းရည်ကို သောက်စရာ၊ ထန်းရွက်ကို အိမ်မိုးအိမ်အကာ အဖြစ်အသုံးပြုကြသည်။ ထိုကြောင့် ထန်းပင်ကို အသက်ရှည်ပင်၊ ပဒေသာပင် ဟုတင်စားခေါ်ဝေါ်ကြပါသည်။ ထိုသို့သော ထန်းပင်၏ မင်္ဂလာယူလျက် ဇာတာဖွဲ့ရာတွင် အသုံးပြုကြသည်။ ထန်ရွက်ဇာတာများသည် ဇာတာရှင်ကို ညအသက်ရှည်ခြင်း၊ အလုပ်အကိုင်၊ ငွေကြေး၊ စီးပွားရေး တိုသည် ပဒေသာပင်ကဲ့သို့ တိုးတက်ပြီး ကာလကြာရှည်ရပ်တည်နိုင်စေမည် ဟုအတိတ်နိမိတ်ကောက်ကာ အသုံးပြုကြခြင်းဖြစ်ပါသည်။
ထန်းရွက်ဇာတာတွင် အမျိုးအစားကွဲပြားပါသေးသည်။ ကျွန်တော် မှတ်သားရသလောက်ဇာတာများမှာ ရွက်ဆန်းဇာတာ၊ ရိုးရိုးဇာတာ၊ ဒွိစက္ကဇာတာ၊ တြိစက္ကဇာတာ၊ အဋ္ဌဝဂ္ဂဇာတာ တို့ဖြစ်ပါသည်။ရှေးမြန်မာတို့သည် စည်းကမ်းချက်များဖြင့် ဇာတာကိုဖွဲ့ကြသည်။ စနစ်ကျသည်ဟု မှတ်သားရပါသည်။ ဇာတာ ကိုမပြုလုပ်မှီ ရက်ချုပ် လုပ်ရပါသည်။ ရက်ချုပ် မှာ စာ၅ကြောင်းဖြင့်ရေးထားကြသည်။ ထိုအထဲတွင် မွေးနေ့၊ မွေးရက်၊ မွေးလ၊ မွေးနှစ် ( မြန်မာသက္ကရာဇ်၊ အင်္ဂလိပ်သက္ကရာဇ်)၊ မွေးချိန်၊ စသည်ဖြင့်ပါဝင်ပါသည်။ စာ၅ကြောင်းရေးရခြင်းမှာ ၅နှစ်သားအရွယ်ထိမိဘရင်ခွင်တွင် နေထိုင်ရသည့်အတွက် "မိဘနှစ်ပါး၏ မေတ္တာကိုခံယူထားနိုင်သူဖြစ်ပါစေ" ဟုရည်ရွယ်ခြင်းဖြစ်သည်။ ထိုစာ၅ကြောင်း၏ဘေးတဖက်တွင် "စ ဓ ဗ ဝ" ဟုရေးသားထားခြင်းမှာ "သူတော်စင်များ စောင့်ရှောက်ပါစေသား" ဟုရည်ရွယ်ပြီး ကျန်တဖက်တွင် "ဗု ဓံ သံ ဒေ" ဟုရေးသားထားခြင်းမှာ " ဘုရား၊ တရား၊ သံဃံ၊ နတ်ဒေဝါ တို့ စောင့်ရှောက်ပါစေ" ဟုရည်ရွယ်ပြီးရေသားထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မြန်မာတို့သည် အသေးစိတါကမျှပင် ရည်ရွယ်ချက်များထားစွာဖြင့် ပြုလုပ်သည်ကို တွေ့မြင်နိုင်ပါသည်။
ဇာတာ ကိုအသက် ၁၆နှစ်ကျော်မှပြုလုပ်ကြပါသည်။ ဇာတာတွင် တစ်ရွက်တည်းသောဇာတာ၊ ၂ရွက်ဇာတာ၊ ၃ရွက်ဇာတာ စသည်ဖြင့်ကွဲပြားပါသည်။ ၂ရွက်အထက်ဇာတာတို့မှာ တစ်ခုနှင့်တစ်ခု မကွဲစေရန် ကြိုးဖြင့်သီထားသည် ပြီးလျှင်ခေါက်သိမ်းကြပါသည်။ ဇာတာအများစုမှာ တစ်ဖက်စာမျက်နှာတွင် အပိုင်းခွဲ၍ ဖော်ပြကြသည်။ တပိုင်းမှာ များသောအားဖြင့် အဝိုင်းပုံပါပြီး ထိုအဝိုင်အတွင်း တွင် ဇာတာရှင်၏ မွေးချိန်ရှိ လဂ်နှင့် ဂြိုဟ်ကြီး ၉လုံး၏ ရပ်တည်မှုကိုဖော်ပြသည်။ အလယ်တွင် နဝင်းဇာတာ(၁၀၈အပေါ်တွက်ချက်ခြင်း) အပြင် ဘုံ၉ဆင့် ဘုံ၇ဆင့် တို့ကိုထည့်သွင်းရေးသားကြသည်။ ကျန်အပိုင်းမှာ တိုင် ၃၀ ပါ ပြီး ၁၀တိုင်တစ်အုပ်စုအဖြစ်ဆွဲသားထားသည်ကိုတွေ့ရပါမည်။
တစ်ဖက်ခြမ်းတွင် စာကြောင်းရေ ၇ကြောင်းရေးသားမှုပါရှိပါသည်။ ထိုရေးသားပုံမှာ ဇေယျတု ဟုအစပြုလျက် မွေးသည့်မြန်မာခုနှစ်၊ ဒီဃနှစ်ကြွင်း(မွေးသည်မြန်မာခုနှစ်ထဲမှ ၁၁၀၀ ခုနှစ်ကိုနုတ်၍ရသောအဖြေ)၊ ရဝိဖုဋ(တနင်္ဂနွေရပ်တည်ရာ ရာသီ)၊ စန္ဒြမာသ(မွေးသည့်မြန်မာလ၊ မြန်မာရက်)၊ ခရစ်သက္ကရာဇ် (မွေသည့်အင်္ဂလိပ်ရက်၊လ၊နှစ်၊ နေ့နံ)၊ မြန်မာနေ( မွေးချိန်-မြန်မာတို့၏စည်တော်တီးချိန်*) ဥပမာ-ညဥ့်၂ချက်တီးကျော် ဟုဖော်ပြသည်။ ပြီးလျှင် စက်နာရီ(လက်ရှိသုံးနာရီ)၊ သုဒ္ဓလဂ်(လဂ်ရပ်ရာသီ)၊ သုဒ္ဓစန်း(တနင်္လာဂြိုဟ်ရပ်ရာသီ)၊ ဟောရတ်(၂မျိုးရှိသည် ၁နွေဟောရတ်၊ ၂လာဟောရတ်)၊ တြင်း(လဂ်ရပ်သည့်နက္ခတ်)၊ နဝင်း(လဂ်ရပ်သည့်နဝင်း)၊ နက္ခတ်သော်ကား ဟုရေးထားရာတွင် နက္ခတ်အလုံးရေနံပါတ်၊ ပါဒ်(နက္ခတ်တစ်လုံးတွင်၄ပါဒ်)၊ ဃဋီ(ဒီဂရီ)၊ ဝီဃဋီ(မိနစ်)၊ အနုဃဋီ(စက္ကန့်)၊ စသည့်တို့ရေးသားပြီး၊ သား(သို့)သမီး ရတနာဖွားသန့်စင်သည်ဟူ၍ ဇာတာရှင်၏အမည်နှင့်တကွဖော်ပြလျှက် အာယု ၁၂၀ရှည်စေသော် ဟုရေးသားကြ၏။ ဂြိုဟ်ကြီး၉လုံး၏ဂြိုဟ်သက်ပေါင်းခြင်းသည် ၁၂၀ရှိသောကြောင့်ဖြစ်၏။ ဤတွင်စာ၇ကြောင်း၏ ဖော်ပြချက်ပြီးသည်။
ကျန်တစ်တွင် အဝိုင်းပုံလေးမှာ မွေးဖွားရာ ရာသီခွင်တွက်ချက်မှုဖြစ်သည်။ အလယ်တွင် ကွာဟချက်ရှိနေတတ်သည်။ တချို့က ဘုံ၇ဆင့်ပုံစံရေးဆွဲခြင်း၊ ဘုရားပုံတော်ရေးဆွဲခြင်း၊ နှင့် နဝင်းဇာတာရေးဆွဲခြင်း ဟူ၍တွေ့ရှိနိုင်ပါသည်။ နောက်တခုတူသည်မှာ တိုင်၃၀ ပါ။ ၁၀တိုင်စီ ၃ဆင့်လုပ်ထားပါသည်။ အပေါ်ဆုံးအဆင့်တွင် တိုင်ထိပ်များတွင် စာတိုများဖြင့်ဖော်ပြသည်။ ထိုစာတိုမှာ ပု(ပုညနက္ခတ်)၊ ဣ(ဣဿရ်ယနက္ခတ်)၊ ပ(ပဋိသန္ဓနက္ခတ်)၊ ပဝ(ပဝတ္တိနက္ခတ်)၊ ထီး(ထီးဖြူနက္ခတ်)၊ သီ(သီရိနက္ခတ်)၊ ဆင်(ဆင်ဖြူနက္ခတ်)၊ ရ(ရတနာပုံနက္ခတ်)၊ သု(သုဝဏ္ဏနက္ခတ်)၊ တ(တက္ကလနက္ခတ်) ဟူ၍ဖြစ်သည်။ အဓိပ္ပါယ်တ်ု့မှာ
ပုည = ကုသိုလ်ကောင်းမှုမည်မျှအကျိုးပေးမည်ကိုသိနိုင်သည့်နက္ခတ်တွက်ချက်မှုပါ။
ဣဿရိယ = ရည်ရွယ်ချက်အောင်မြင်မှုသိရန်တွက်ချက်ခြင်း
သန္ဓေ = မွေးရပ်နှင့် အကျိုးပေးခြင်းကိုတွက်ချက်ခြင်း
ပဝတ္တိ = မည်သည့်အရပ်တွင်အကျိုးပေးမည်ကိုတွက်ချက်ခြင်း
ထီးဖြူ = အိုးအိမ်ပိုင်ဆ်ုင်မှုကိုတွက်ချက်ခြင်း
သီရိ = သြဇာအာဏာနှင့်နာမည်ကျော်ကြားမှုကိုတွက်ချက်ခြင်း
ဆင်ဖြူ = မည်သည့်အလုပ်နှင့်အကျိုးပေးမည်ကိုတွက်ချက်ခြင်း
ရတနာပုံ = မည်သည့်ရတနာနှင့်အကျိုးပေးမည်ကိုတွက်ချက်ခြင်း
သုဝဏ္ဏ = ရွှေနှင့်အကျိုးပေးမှုကိုတွက်ချက်ခြင်း
တက္ကလ = မနေ့နှင့်ယနေ့ရဲ့ မြန်မာနာရီနှင့် သုဒ္ဓဒိန်
ဟူ၍ဖြစ်ပါသည်။
ဒုတိယအတန်းမှာ ဂြိုဟ်ကြီး၉လုံးကို ဂဏန်းဖြင့်ဖော်ပြပြီး ရပ်တည်မှု ဒီဂရီများကိုပြသထားခြင်းပါ။ ၁-တနင်္ဂနွေ၊ ၂-တနင်္လာ၊ ၃-အင်္ဂါ၊ ၄-ဗုဒ္ဓဟူး၊ ၅-ကြာသပတေး၊ ၆-သောကြာ၊ ၀-စနေ၊ ၈-ရာဟု၊ ၉-ကိတ်၊ လ(လဂ်) ဟုဖော်ပြပြီး အောက်အကွက်တွေမှာ ဒီဂရီ၊ မိနစ်၊ စက္ကန့် ကိုဖော်ပြထားပါတယ်။
တတိယတန်း ဆယ်တိုင်မှာအထက်ဖော်ပြပါပုံစံကဲ့သို့ပင်ဖြစ်သော်လည်း အကြောင်းအရာ ကွဲပြားသည်။ ဤတိုင်များတွင် တိထီနက္ခတ်၊ အမြင်နက္ခတ်၊ စင်{စန်း(တနင်္လာ)စီးနက္ခတ်}၊ ပြည်စန်းနက္ခတ်၊ တိုင်ဦးနက္ခတ်၊ ဆည်တိုင်နက္ခတ်၊ မိတ္တုနက္ခတ်၊ ဓါတ်တိုင်၊ စုတ်တိုင်၊ အထွန်းတိုင်၊ ဟူ၍ရှိသည်။လည်းကောင်းတို့မှာ
တိထီ = အိမ်တိုက်တာအဆောက်အဦးတို့ ဆောက်ရန် တိထီမြေခံများနဲ့ဂြဟဇာရွေးရန် တွက်ချက်ခြင်း
အမြင် = မွေးချိန်ရှိကောင်းကင်ရှိ မျက်မြင်နက္ခတ်ကိုတွက်ခြင်း
စင်နက္ခတ် = တနင်္လာနှင့်မည်သည့်နက္ခတ်တို့ စန်းယှဥ်သည်ကိုတွက်ချက်ခြင်း
ပြည်စန်း = ဘယ်တိုင်းပြည်၊ ဘယ်လူမျိုး တို့နှင့် အကျိုးပေးမှုများကိုတွက်ချက်ခြင်း
တိုင်ဦး-ဆည်တိုင်-မိတ္တုတိုင် = အရွယ်သုံးပါးတွင်မည်သည့် အရွယ်များတွင် အကျိုးမှုတို့ကို တွက်ချက်ခြင်း
ဓါတ်တိုင် = မင်းစိုးရာဇာတို့၏ အကျိုးပေးမှုကို တွက်ခြင်း
စုတ်တိုင် = အိမ်ထောင်ဖက်နှင့်ပတ်သက်သော အကြောင်းကို တွက်ချက်ခြင်း
အထွန်းတိုင် = ခိုင်မာသည့် ကိစ္စများအောင်မြင်မှုများရရန် ဆောင်ရန်နှင့်ရှောင်ရန် များကိုတွက်ချက်ခြင်း
တို့ဖြစ်ပါသည်။
ဤသို့သောဇာတာများကို ရိုးရိုးဇာတာ နှင့် ဒွိစက္ကဇာတာများတွင်တွေ့ရှိရပြီး လှပသော ကနုတ်များ ပန်းခြူးပန်နွယ်များ ဖြင့် လှပသေသပ်စွာဖြင့် မြန်မာတို့၏ထန်းရွက်ဇာတာကိုတွေ့မြင်နိုင်ပါသည်။ ဇာတာတိုင်းတွင် "စ ဓ ဗ ဝ" နှင့် "ဗု ဓံ သံ ဒေ" ဟူသောစကားလုံးများပါရှိပါသည်။
တြိစက္ကဇာတာမှာ ရှာပါးပြီး တွက်ချက်ရေးသားမှုများက ပိုများပါသည်။ တြိစက္ကဇာတာတွင် အဝိုင်းပုံဇာတာခွင်နှင့် တိုင်၃၀တို့မှာ အထက်ပါအတိုင်းပါဝင်ပြီး နောက်ထပ်တိုင် ၄၀ပါဝင်နေသည်ကို တွေ့မြင်ရပေမည်။ ထိုတိုင်တွင်တို့မှာ ဘာဝ(၁၂)ပါး ဟုခေါ်သော ဇာတာရှင်၏ ဘဝဖြစ်တည်မှုများကို တွက်ချက်သိမြင်နိုင်သည့် ဒီဂရီ၊ မိနစ်၊ စက္ကန့်များကို ထည့်သွင်းရေးသားထားသည်။ ပါဠိအခေါ်အဝေါ်များဖြစ်သော တနု(လဂ်/၁) မှစ၍ ဗျာယ(၁၂) အထိသုံးနှုန်းထားပါသည်။ ထိုတိုင်တွင် ဘာဝ၊ သာဝသန္ဒိ(ဘာဝရပ်တည်ရာရာသီ)၊ ဘာဝနက္ခတ်(ဘာဝရပ်တည်ရာနက္ခတ်) တို့ကိုသီးခြားစီဖော်ပြထားသဖြင့် ၃၆တိုင်(12×3)ရရှိသည်။ ကျန်၂ကွက်မှာ ဒသာတွက်ရန် အတွက် သက်စစ်သက်မှန်ကို တွက်ထုတ်ထားခြင်းဖြစ်သည်။ ဒသာဆိုသည်မှာ ဇာတာရှင်၏ဘဝတွင် မည့်သည့် သက္ကရာဇ်တွင် ကောင်းခြင်းဆိုးခြင်းများဖြစ်စေမည် ကိုအတိအကျသိရန်တွက်ချက်ခြင်းဖြစ်သည်။ ကျန်၂ကွက်မှာ တချို့က ကာလဂြိုဟ်နှင့်မန္ဒိဂြိုဟ် တို့ကိုတွက်ကြပြီး တချို့မှာ စန်းပုညနှင့်လဂ်ပုည ကိုတွက်ထုတ်ကြပါသည်။ စန်း(တနင်္လာ)နှင့်လဂ် တို့၏ အားကိုတွက်ချက်ခြင်းဖြစ်သည်။
ထို့အပြင်ဇာတာတိုင်းရှိ ရာသီခွင်ကို အထပ်သုံးထပ်ဖြင့်ဖွဲ့စည်းထားသည်။ ယခုကာလ၌ ကနုတ်များဖြင့်သာခြယ်သကြသည်။
အပေါ်ဆုံးအထပ်တွင် ( ၁၆၊ ၉၊ ၄၊ ၅၊ ၃၊ ၆၊ ၁၅၊ ၁၀၊ ၁၃၊ ၁၂၊ ၁၊ ၈၊ ၂၊ ၇၊ ၁၄၊ ၁၁) ဟူသောဂဏန်းတို့နှင့်ခြံရံထားသည်။ အဓိပ္ပါယ်မှာ
မြတ်စွာဘုရား၏အံ့ဖွယ် = ၁၆သွယ်
လောကုတ္တရာ = ၉ပါး
ကျွန်းကြီး = ၄ကျွန်း
မြစ်ကြီး = ၅ သွယ်
ပိဋကတ် = ၃ပုံ
နတ်ပြည် = ၆ထပ်
စရဏသစ္စာ = ၁၅ပါး
သီလ = ၁၀ပါး
ဓူတင် = ၁၃ပါး
ယမိုက် = ၁၂ပါး
သဗ္ဗညုတရွှေဥာဏ်တော် = ၁ပါး
မဂ္ဂင် = ၈ပါး
ခြေတော်ရာ = ၂ဆူ
ဗောဇ္စျင် = ၇ပါး
စေတသိက် = ၁၄ပါး
ပိဿနိူးမင်း = ၁၁ဘဝ
တို့မှ ဇာတာရှင်အား ကာကွယ်စောင့်ရှောက်လျက်၊ ဘဝကို သာယာလှပစွာ အောင်မြင်မှု တို့ရရှိရန် ဆုတောင်းမေတ္တာပို့သခြင်း သဘောဖြစ်ပါသည်။
ဒုတိယ(အလယ်)ထပ်တွင် (၁၆၊ ၉၊ ၆၊ ၃၊ ၅၊ ၄၊ ၁၅၊ ၁၀၊ ၁၁၊ ၁၄၊ ၁၊ ၈၊ ၂၊ ၇၊ ၁၂၊ ၁၃) ဟုရေးသားထားသည်။ အကြောင်းမှာ ဘုရား၏ဖြစ်တော်မူပေါင်း၏ ဘဝများကို ရေးသားခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ
ကြိုးကြာငှက် = ၁၆ဘဝ
ဟင်္သာငှက် = ၉ဘဝ
ခိုငှက် = ၆ဘဝ
ကြက်တူရွေးငှက် = ၃ဘဝ
ကရဝိတ်ငှက် = ၅ဘဝ
ကိန္နာရာငှက် = ၄ဘဝ
ဇာမဏီငှက် = ၁၅ဘဝ
မျောက် = ၁၀ဘဝ
ဆင် = ၁၁ဘဝ
နွား = ၁၄ဘဝ
သိန္နောမြင်း = ၁ဘဝ
ကျွဲ = ၈ဘဝ
ဥဒေါင်းငှက် = ၂ဘဝ
သာလိကာ = ၇ဘဝ
ကြက် = ၁၂ဘဝ
ဝက် = ၁၃ဘဝ
တို့ဖြစ်သည်။ ဇာတာရှင်ကို ဘေးရန်ကင်းဝေးစေရန် အတွက် စောင့်ရှောက်ရန် ရေးထားခြင်းဖြစ်သည်။
အောက်ဆုံးထပ်တွင် ( ၃၊ ၇၊ ၅၊ ၄၊ ၆၊ ၅၊ ၁၊ ၉၊ ၅၊ ၂၊ ၈၊ ၉) ဟုရေးသားထားပါသည်။ အဓိပ္ပါယ်မှာ
ခြင်္သေ့မင်း = ၃ဘဝ
နဂါးမင်း = ၇ဘဝ
ပိဿနိူးမင်း = ၅ဘဝ
စတုမဟာရာဇ်နတ်မင်းကြီး = ၄ပါး
ဝိသရောနတ်မင်း = ၆ပါး
သုဒ္ဓါဝါသဗြဟ္မာကြီး = ၅ပါး
ဘီလူးအာဠာဝကနတ်မင်းကြီး = ၁ပါး
ဒေဝီ = ၉ပါး
ဣဒေဝနတ်မင်း = ၅ပါး
စက္ကဝတ်နတ်မင်း = ၂ပါး
ရဟန္တာ = ၈ပါး
ကမ္ဘာစောင့်နတ်မင်းကြီး = ၉ပါး
ကိုရည်ရွယ်ရေးသားထားခြင်းဖြစ်ပါသည်။ ဇာတာရှင်ကို စောင့်ရှောက်လျက် ဘေးရန်အန္တရယ်ကင်းဝေးစေရန် ရည်ရွယ်ပါသည်။
ဤတွင်ဇာတာတစ်ခု၏ ဖွဲ့စည်းပုံမှာ ပြည့်စုံသွားပြီဖြစ်ပါသည်။ သို့သော်လည်း ဇာတာများကို ထားသိုသိမ်းဆည်းပုံ ရှိသည်။ ဇာတာများကို အချို့က ဘုရားစင်တွင်ထောင်လျက်၊ တချို့က ဝါးပလိုင်းလေးထဲ ထည့်လျက်ထားကြပါသည်။ အမှန်မှာ ဘုရား၏ ညာဖက်တွင်ထားသင့်ပါသည်။ ထောင်လျှက်ထားပါက ဇေယျတု အစပြုသည့်ဖက်ကို အောက်တွင်ထားလျှက် အာယု၁၂၀ရှည်စေသော် အပိုင်းကိုအပေါ်ထား၍ ထောင်ပြီးထားရပါသည်။ ထိုမှသာ စာသည်အပေါ်သို့ တက်သည်ဟုအဓိပ္ပါယ်ရလျှက် ဇာတာရှင်တို့ဘဝသည်လည်း အစဥ်အထက်သို့တက်ပြီး အောင်မြင်မည် ဟု နမိတ်သက်ရောက်စေမည်။
ဇာတာဟောင်းနွမ်းသွားလျှင်၊ အနားပဲ့လျှင်၊ ကျိုးကြေသွားလျှင်၊ ဇာတာ၂စောင်ဖြစ်ခဲ့လျှင် ရေမျှောရသည့် ဓလေ့ထုံးစံရှိသေးသည်။ ထိုကဲ့သို့ ရေမျှောလျှင် ဇာတာရှင်၏ မွေးနေ့ နေတက်ရေတက်ချိန် (နံနက် ၆နာရီမှ နံနက် ၈နာရီကြား)၌ ဇာတာရှင်၏အဝတ်ဟောင်း အတွင်း ရေမျှောမည့်ဇာတာ၊ ဆန်တစ်ဆုပ်၊ မြေစာရွက် တစ်ဆုပ်၊ ပိုက်ဆံ(အကြွေပါး)၊ သံတစ်ချောင်း၊ တို့ကိုထည့်လျှက် ဇာတာရှင်၏မကောင်းသော ကံဆိုးကံညံ့များပါသွားပါစေဟု ဆုတောင်းလျှက် စီးနေသောရေတွင်မျှောလိုက်ပါသည်။
ဇာတာတစ်ဆောင်ဖြစ်ရန် မြန်မာတို့၏စွမ်းဆောင်ပုံကိုသိနားလည်လိမ့်မည် ဟုယူဆပါသည်။ ထို့ကြောင့် ဇာတာပြုလုပ်သူ၏စိတ်စေတနာသည်ကြီးမားလှသည့်အတွက် ဇာတာရှင်ကိုတိုင် ဇာတာပေါ်ဂရုတစိုက် တယုတယထားသင့်သည် ဟုမြင်မိပါသည်။
ဤဇာတာ ၏အကြောင်းအရာများကို ကျွန်တော်ဖတ်ရသည့် ၁၃၄၇ခု တပို့တွဲလ(February, 1986) ထုတ် ဝေဒင်္ဂမဂ္ဂဇင်းကို ကိုးကားလျှက် လူအများစုအား ဗဟုသုတနှင့် မြန်မာတို့၏ ဇာတာရေးသားသူ အပေါ် လေးစားတန်ဖိုးထားသည့်စိတ်လေး ဖြစ်စေရန် ရေးသားတင်ပြလိုက်ပါသည်။ နောက်အပိုင်းတွင် ဗေဒင်ဆရာတစ်ဦး ဖြစ်စေရန် စည်းကမ်းချက်များကိုရေးသားဖော်ပြပါအုံးမည်။ စာဖတ်သူများကို အစဥ်လေးစားလျက်။ မင်းဇော်
စာကြွင်း။ ။ English ဘာသာပြန်ရန်ခက်ခဲသည့် ပါဠိအသုံးအနှုန်းများပါသည့် အတွက် မရေးသားခဲ့ရခြင်းဖြစ်ပါသည်။
- စည်တော်ချိန်
မြန်မာတို့၏စည်တော်တီးချိန်နှင့် လက်ရှိနာရီဆက်စပ်ပုံ
ညဥ့် ၂ချက်တီး = ည ၁၂နာရီ
ညဥ့် ၃ချက်တီး = နံနက် ၃နာရီ
ညဥ့် ၄ချက်တီး = နေထွက် ၆နာရီ
နေ့ ၁ချက်တီး = နံနက် ၉နာရီ
နေ့ ၂ချက်တီး = မွန်းတည့် ၁၂နာရီ
နေ့ ၃ချက်တီး = ညနေ ၃နာရီ
နေ့ ၄ချက်တီး = နေဝင် ၆နာရီ
ညဥ့် ၁ချက်တီး = ည ၉နာရီ
!pizza
!lolz
lolztoken.com
I was litteraly beside myself.
Credit: reddit
@minzaw69, I sent you an $LOLZ on behalf of donjaun
(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
သေချာမှတ်သား ဖတ်ရှုရတဲ့အတွက် ကျေးဇူးအထူးပါရှင့် ကျန်းမာရွှင်လန်းပြီး ဒီထက်မက ဝေမျှနိုင်စေဖို့ မေတ္တာပို့သလျက်ပါ ဆရာရှင့်