ငရုပ်သီးနဲ့တွေ့တိုင်း ကျွန်တော် အရှုံးပေးရမြဲသာ ဖြစ်သည်။ ငရုပ်သီးကချည်း ကျွန်တော့်ကို အလှဲထိုးနှင့် အနိုင်ရ၏။ သို့ပေမဲ့ သူမကို ချစ်မိရင် နာကျင်ရမှာသိပေမဲ့ ဆက်ချစ်မိသလိုမျိုး ငရုပ်သီးစားရင် ဗိုက်နာမယ်မှန်းသိပေမဲ့ စားမိခဲ့သည်။ တချို့လူတွေ ငရုပ်သီး အများကြီးစားနိုင်တာကိုမြင်ပြီး အံ့ဩမိသည်။ တချို့လူတွေကျပြန်တော့ အချဉ်ကို ခုံမင်ကြသည်။ တချို့က အခါး။ သိုပေမဲ့ ဘာမှ မည်မည်ရရ သူများထက် ထူးပြီးမစားနိုင်သော ကျွန်တော်သည် မိမိကိုယ်ကို သိမ်ငယ်သလိုတောင် ဖြစ်မိသွားသည်။

ဒီမနက် တူမလေးအတွက် ဝယ်လာသော ကြာဇံကြော်ကို တူမလေးက မစားချင်၍ ကျွန်တော်က ထိုကြာဇံကြော်ကို စားခဲ့သည်။ ကြာဇံကြော်ဆိုသည်ကလည်း အချဉ်နဲ့နယ်စားမှ စားလို့ကောင်းသည်။ အချဉ်ကို မမြည်းကြည့်ပဲ ကြာဇံကြော်ထဲ အချဉ်အကုန်ထည့်ကာနယ်လိုက်သည်။ ပြီးမှ စားကြည့်လိုက်တော့ အရမ်းစပ်မှန်း သိခဲ့ရသည်။ မထွေးထုတ်ပဲ ကြိတ်မှိတ်စားသည်။ ဒီတိုင်း လွင့်ပစ်ရမှာ နှမြောသောကြောင့် အကုန်စားပစ်လိုက်သည်။ ပြီးနောက် အစပ်ပြေ ရေအေးသောက်လိုက်သည်။ မကောင်းမှုလုပ်လျှင် ချက်ချင်း အကျိုးမပေးတက်ပေမဲ့ ငရုပ်သီးကတော့ ကျွန်တော့်ကို ငယ်နိုင်ကဲ့သို့ သဘောထားကာ အစွမ်းကုန် အကျိုးပေးတော့သည်။ ဗိုက်နာလာသည်။ ဗိုက်နာတာက တခြားရောဂါတွေလို ညင်ညင်သာသာမရှိလှ။ စောင့်ကာ၊ ထိုးကာဖြင့် အတင်းဝရုန်းသုန်းကား ဗိုက်ထဲတွင် နာကျင်မှုကိုပေး၏။ တော်တော်ကိုဆိုးသည့် ဝေဒနါပင်။ ပြက်သွားတဲ့ သူမကိုဆက်ချစ်ဖို့ တင်းခံသလိုမျိုး ငရုပ်သီးရဲ့ ဒဏ်ကိုတင်းခံဖို့ ကြိုးစားပေမဲ့ မရ။ သို့နှင့် ဆေးသောက်ပြီး လှဲနေရတော့သည်။ အတော်ကြာအနားယူပြီးမှသာ ဗိုက်နာသက်သာလာခဲ့သည်။

ငရုပ်သီးစပ်တာနှင့် ပတ်သတ်ပြီး ပုံပြင်တစ်ပုဒ်ကိုသွားသတိရမိသည်။ ထိုပုံပြင်က ကလေးပုံပြင်။ ပြီးခဲ့တဲ့အပတ်က တူမလေးက ရုပ်ပြလေး သဘောကျပြီး ယူခဲ့သော ကလေး ပုံပြင်စာအုပ်။ ပုံပြင်က ဒီလိုပါ။ ကြောင်ဝါကလေး တစ်ကောင်ဟာ ကျောင်းသွားဖို့ အမြဲ စိတ်ညစ်နေရတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသွားတဲ့လမ်းမှာ ကြောင်ညိုကြီးတစ်ကောင်က သူ့ရဲ့ ထမင်းဘူးကို လုယူစားသောက်လို့ ဖြစ်တယ်။ တစ်နေ့တော့ ကြောင်ဝါလေးက လမ်းမှာ ထူးဆန်းတာကို တွေ့ခဲ့ရတယ်။ အဲ့တာက ခိုငှက်ကြီးက ရှဉ့်ကလေး တစ်ကောင်ရဲ့ အစာကို လုယူဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ ရှဉ်ကလေးက မကြောက်မရွံ့ သတ္တိရှိစွာနဲ့ ထိုခိုငှက်ကြီးကို တိုက်ခိုက်မောင်း ထုတ်လိုက်နိုင်တယ်။ ဒါကိုကြောင်ဝါလေးက မြင်ပြီး အံ့ဩလို့ ထိုရှဉ့်ကလေးကို မေးတယ်။ မင်းအဲ့ဒီ ခိုငှက်ကြီးကို မကြောက်ဘူးလားပေါ့။ ဒါနဲ့ ရှဉ့်ကလေးက မကြောက်ပါဘူး။ ငါတို့ရဲ့ အစာကို မတရားလာလုတဲ့ ဘယ်သူ့ကိုမဆို ငါတို့က သတ္တိရှိရှိနဲ့ "NO" မရဘူးလို့ပြောပြီး ရင်ဆိုင်မှ နောက်ဆို သူတို့က ငါတို့ဆီက အစာတွေကို မလုရဲမှာ။ အနိုင်မကျင့်ရဲကြတော့မှာ။ ကြောင်ဝါလေးကလည်း ထိုစကားကို ကြားပြီး သူ့ကိုနေ့တိုင်းအနိုင်ကျင့် ဗိုလ်ကျနေတဲ့ ကြောင်ညိုကြီးကို ရင်ဆိုင်ဖို့ သတ္တိခွန်အားရရှိသွားတယ်။ နောက်နေ့ ကြောင်ဝါလေး ကျောင်းသွားတော့ ထုံစမ်းအတိုင်း ကြောင်ညိုကြီးက ထမင်းဗူး လုဖို့ ရောက်လာတယ်။ ဒီအခါ ကြောင်ဝါလေးက သတ္တိရှိရှိနဲ့ "NO" လို့ပြောပြီး ထမင်းဘူးကို ကာကွယ်လိုက်တဲ့အခါ ကြောင်ညိုကြီးက အနိုင်မကျင့်ရဲတော့ပဲ ထွက်ပြေးသွားတယ်။

ကျွန်တော်တို့ဘဝတွေမှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့မနှစ်သက်ပေမဲ့ အားနာလို့ လက်ခံလိုက်ရတဲ့ အကူအညီတွေ။ ကိုယ်မအားပေမဲ့ တဖက်သားရဲ့ ဖိတ်ခေါ်မှုကြောင့် လိုက်သွားရတာတွေ။ အိမ်ဘေးက တစ်ညလုံး သီချင်းတွေ ဆူညံစွာဖွင့်လို့ အိပ်မရပေမဲ့လည်း အိမ်နီးနားချင်း စကားမများချင်တာကြောင့် သည်းခံပြီး အိပ်ခဲ့ရတာတွေ စသဖြင့် အများကြီးပါပဲ။ ဒါတွေကတော့ ကျွန်တော်တို့ သတ္တိရှိရှိနဲ့ "NO" လို့ငြင်းရမဲ့ အရာတွေပါပဲ။ ထို့အတူပဲ ကျွန်တော်တို့ရဲ့ တချို့သော စိတ်ရဲ့ တောင်းဆိုမှုတွေကို "No" လို့ပြက်ပြက်သားသားငြင်းဖို့ လိုအပ်သည်။ မစားသင့်တာ မစားဖို့၊ မသွားသင့်သော နေရာမသွားဖို့၊ မလုပ်သင့်တာတွေ မလုပ်ဖို့ စိတ်ကို ပြက်ပြက်သားသား ငြင်းဖို့ အထူးလိုအပ်လှသည်။ အင်း ဒီနေ့ အရမ်းစပ်တဲ့ ငရုပ်သီးကို နှမြောတဲ့ စိတ်နဲ့ မစားမိခဲ့ရင်ဖြင့် အခုလို ဗိုက်နာရမည် မဟုတ်ပေ။

အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးပါ
ကိုကိုမိုးဟိန်း
Thanks for Reading
#ai-images created with PEAKD