
မင်္ဂလာပါ။ ဤဆောင်းပါးမှာ နေ့စဉ်နှင့် အမျှ steemit Platform နှင့် ဆက်စပ်၍ တွေးမိနေသော အတွေးများကို ဖေါ်ပြလိုရင်း ဖြစ်ပါသည်။ ဤအတွေးများမှာ ကျွန်တော်၏ ကိုယ်ပိုင်အတွေးများကို ဆောင်းပါးအဖြစ်ဖေါ်ပြခြင်း ဖြစ်၍ တစုံတရာ အမှား ပါသွားလျင် ရေးသာသူ ကျွန်တော်၌သာ တာဝန်ရှိပါသည်။
ကျွန်တော့ အနေဖြင့် နည်းပညာများကို များစွာ နားလည်သူ တယောက်မဟုတ်သော်လည်း ယနေ့ခေတ် တိုးတက်လာသော နည်းပညာများကို အသုံးချ၍ အခြားသူများ အဆင်ပြေပြေ နေထိုင် နိုင်ကြသည်ကို လက်ရှိ ကျွန်တော်တို့ ခေတ်တွင် တွေ့မြင်နေရပါသည်။
ကျွန်တော်၏ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့သည့် အတိုင်း ကျွန်တော်၏ သူငယ်ချင်း ကိုးရီယားလူငယ်လေးမှာ သူစိတ်ဝင်စားသော computer software ပညာရပ်များကို ဆက်လက်လေ့လာရင်း အခြားတဖက်ကလည်း စိုက်ပျိုးမွေးမြူရေး ခြံလုပ်နေပါသည်။ သူ၏ အဓိက ဝင်ငွေမှာ coin trading လုပ်ခြင်း မှ ရရှိခြင်းသာ ဖြစ်ပြီး စိုက်ပျိုး မွေးမြူရေးနှင့် computer software ပညာရပ်များမှာ ဝါသနာပါ၍ လုပ်ကိုင်နေခြင်းသာ ဖြစ်ပါသည်။
လက်ရှိ ကျွန်တော်တို့ မြန်မာလူငယ်များတွင်လည်း မိမိဝါသနာပါရာ အလုပ်များကို လုပ်ကိုင်ရင်း ဝင်ငွေရရှိနေသူများရှိသလို အပို ဝင်ငွေ တခုရရှိအောင် လုပ်ဆောင်ထား၍ မိမိဝါသနာပါရာ အား လုပ်နေကြသူများလည်း ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် အဆင်ပြေပြေ နေထိုင်နိုင်ကြသူများ အလွန်နည်းပါးပါသည်။
အမှန်ကို ဆိုရလျင် ကျွန်တော့ မိဘများမှာ သာမန် ပညာရေး ဝန်ထမ်းများ သာ ဖြစ်ကြပါသည်။ သာမန်လခစား ဝန်ထမ်း တို့၏ ခက်ခဲ ကြမ်းတမ်းသော ဘဝ ဒုက္ခ များကို အသေးစိတ်ဖေါ်ပြရလျင် ဤဆောင်းပါးမှာ အခြားအရာများ ရေးသား စရာမလိုပဲ ထိုဒုက္ခ များဖြင့်သာ ပြည့်နှက်နေပါလိမ့်မည်။
ဆိုခဲ့သည့်အတိုင်း အချိန်တန်၍ ၁၀ တန်းအောင် အဝေးသင်တက်၍ ဘွဲ့ယူ ရသော သေစာရှင်စာ တော့ တတ်မြောက်ခဲ့ပါသည်။ သို့သော်လည်း ဤကဲ့သို့ computer internet နှင့် ပါတ်သက်သော နည်းပညာများကို မြန်မာပြည် ပြင်ပ ရောက်မှ မိမိဖာသာ စည်းပူးယူခဲ့ရပါသည်။ ဆိုလိုရင်းမှာ နည်းပညာ အရာ၌ အခြားသူများထက် များစွာ နောက်ကျနေခဲ့ရပါသည်။ ဤသည်မှာ နည်းပညာနှင့်ပါတ်သက်သော မိမိခံစားချက်ဖြစ်၍ ဤတွင် တခန်းရပ်ထားပါအုံးမည်။

လွန်ခဲ့သော နှစ်အနည်း ငယ်ခန့် က ကျွန်တော် ပြည်ပသို့ မထွက်ခွာမှီ ရန်ကုန်မြို့တွင် ရှိနေစဉ်အတွင်း tour guide အလုပ်မဟုတ်သော်လည်း နိုင်ငံခြားသား ခရစ်ယန်ဘုန်ကြီးများ ရောက်လာလျင် ထိုဘုန်းကြီးများအား ရန်ကုန်မြို့အား လိုက်လံ ပြသရသော တနည်းအားဖြင့် သူတို့ သွားချင်သော နေရာများကို လိုက်ပို့ပေးခဲ့ရသောအလုပ်ကိုလုပ်ခဲ့ပါသည်။
ထိုသို့ လိုက်ပို့ရာတွင် လည်ပတ်စရာဟူ၍ ထွေထွေထူးထူးမရှိပါ။ ရွှေတိဂုံ ဘုရား ၊ ခြောက်ထပ်ကြီး၊ ရှစ်ထပ်ကြီး ဘုရား များ St.Mary cathedral church ကျောင်း၊ သန်လျင်ရှိ ကျောက်တန်းရေလည် ဘုရား စသည် တို့သာ ဖြစ်ပါသည်။ အထူးအဆန်းများကြည့်ချင်လျင် ဗိုလ်ချုပ်ဈေး သာရှိပါသည်။ ဆိုလိုသည်မှာ လိုက်ပြစရာများများ စားစားမရှိပါ။ နယ်ဝေးခရီ ဆိုလျင် ပုဂံ ညောင်ဦး စသည်တို့သာ။
ကျွန်တော် စင်္ကပူ ရောက်ပြီးနောက် ဧည့်သည် မိဘဆွေမျိုးများ လာရောက်လည်ပတ်သောအခါ ၊ လိုက်ပို့ စရာများ ကြည့် ရှုစရာများလှ၍ သည်နေ့ဘယ်သွားမည် ဘယ်နေ့ ဘယ်ကို လျှောက်လည် မည် စသည်ဖြင့် ဇယားချယူရပါသည်။ ဆိုလိုသည်မှာ စင်္ကပူတွင် ကိုလိုနီခေတ်က အငွေ့အသက်ကို လိုချင်သလား ခေတ်ပေါ် အငွေ့အသက်ကို လိုချင် သလား အကုန်ရနိုင်အောင် ပြုလုပ်ထားပေးပါသည်။
နိုင်ငံတကာ အဆင့်မှီ ဈေးဝယ် စင်တာ ၊ ပန်းခြံ ၊ ကစားကွင်း ၊ တရိစ္ဆာန် ဥယျဉ် စသည်တို့ ရှိသည့်အပြင် အပန်းဖြေကမ်းခြေ များလည်းရှိပါသေးသည်။ ဤတွင် ဆရာဦးအောင်သင်း ပြောသော စကားတခွန်းကို သွား၍ သတိရပါသည်။ " လက်ရှိမြန်မာတို့တွင် ဂုဏ်ယူစရာဟူ ၍ ဘားမှ မရှိသဖြင့် ရှေးယခင် မြန်မာတို့ထားခဲ့သော အရာများအားကြည့်၍သာ လက်ရှိမြန်မာတို့ ဂုဏ်ယူနိုင်ကြသည်" ဟူသော စကားဖြစ်ပါသည်။
မှန်ပါသည်။ ကျွန်တော်တို့ လက်ထက်တွင် ကြီးကြီးကျယ်ကျယ်ဟူ၍ ပြစရာဘားမှ မရှိပါ။ ကြီးကြီးကျယ်ကျယ်ဟူ၍ ပြစရာ ပြည်တွင်းစစ်သာရှိပါသည်။ သို့သော်ဂုဏ်ယူစရာမဟုတ်သည်ကတော့ သေချာပါသည်။ ကျွန်တော်တို့ တိုင်းပြည်တွင် ဧည်သည်လာလျင် အဓိက ပြစရာမှာ ရွှေတိဂုံဘုရား နှင့် ပုဂံ ဘုရားပုထိုးများသာ လောက်လောက်လားလားရှိပါသည်။
ယနေ့ မျက်မှောက်ခေတ် တွင် ခေတ်မှီ နည်းပညာဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးများ တနည်းအားဖြင့် မိမိတို့ ခေတ်ကို ထင်ဟပ်စေသော ပြယုတ်များ မရှိသည်ကတော့ အသေအချာပင် ဖြစ်ပါသည်။ ရှေးမြန်မာ လူကြီးများ ရွှေတိဂုံဘုရားနှင့် ပုဂံဘုရားများ မတည်ထားခဲ့လျင် ကျွန်တော်တို့ ခေတ်တွင် ပြစရာဟူ၍ မယ်မယ်ရရ ရှိမည် မဟုတ်သည်ကတော့သေချာသည်။

ကျွန်တော့အဘိုးက ပြောဘူးပါသည်။ "အဘိုးတို့ ခေတ်ကောင်း တုန်းက အဘိုးတယောက်အလုပ်လုပ်တာနဲ့ တမိသားစုလုံး ထိုင်းစားလို့ ရတယ်" ဟူ၍ ပြောပြခဲ့ပါသည်။ ကျွန်တော့အဖေကလည်း " အဖေတို့ ခေတ်ကောင်း တုန်းက ပြည်တော်သာ စီမံကိန်း ဘာညာ" စသည်ဖြင့် ပြောပြခဲ့ပါသည်။
ကျွန်တော့ သားသမီး များလက်ထက်တွင် ကျွန်တော် ဘာများ ပြောပြနိုင်ပါသနည်း။ ဟုတ်ကဲ့ ကျွန်တော့သားလေးက အဖေတို့ ခေတ်ကောင်းတုန်းက ဟူ၍ မေးလာလျင်..... ကျွန်တော် အထက်တွင် ရပ်ထားခဲ့ သော နည်းပညာများအကြောင်းကို ဆက်ပါအုံးမည်။ဤယနေ့ ကျွန်တော်တို့ မျက်မှောက်ခေတ်တွင် computer internet , digital , social media အစရှိသော ခေတ်မှီ နည်းပညာတို့ တွင် အများနှင့် ယှဉ်ဘောင်တန်း နိုင်ရန် ကျွန်တော်တို့ မြန်မာလူငယ်များ အသည်းအသန်ကြိုးစားလျက်ရှိကြပါသည်။
ဤယနေ့ ကျွန်တော်တို့ခေတ်တွင် steemit Platform ဟူသော နည်းပညာတခု ကျွန်တော်တို့ လက်အတွင်းသို့ ရောက်လျက်ရှိပါသည်။ ဤ steemit Platform အကြောင်းကို ထွေထွေထူးထူး အကျယ်ချဲ့၍ မရှင်းပြတော့ပါ။ အားလုံး သိကြမည်ဟု ထင်ပါသည်။ တရက်ရက် တချိန်ချိန်တွင် ကျွန်တော့သားမှ " အဖေတို့ ခေတ်ကောင်းတုန်းက ..... " ဟူသော အကြောင်းအရာမေးလာလျင် ကျွန်တော့ အနေဖြင့် ကျွန်တော့သားအား ကျွန်တော် ပြုစုပျိုးထောင်ထားသော ကျွန်တော့ steemit account အားသာ ပြနိုင်ရန် ကြိုးစားရမည်ဖြစ်ပါတော့သည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photo Credit : Original source.
Author : Henry Aung ( Kachin )
MSC : 001
အဖေတို့ steemit ခေတ်ကောင်းတုန်းကလို့ပြောဖို့ သားသားလေး မွေးပေးမည့်သူ ရှာရဦးမယ် ။
အဲဒါ အရေးကြီးဆုံး။ သူ့ထက်အရေးကြီးတာတောင် သူ့ လောက်အရေးမကြီး ဘူး။
steemit platformကညီမတို့အတွက်မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုပါအစ်ကိုရေ။
အမှန်ပါပဲ ညီမလေးရေ .... ဘာမှ မလုပ်တာထက်စာရင်တော့ မျှော်လင့်ချက် တခုတလေကို ဆုပ်ကိုင်ထားပြီး တခုခုလုပ်နေတာ ပိုကောင်း ပါတယ်။
စတီးမစ်ကို ကျွန်တော့်သမီးလေးအတွက် စုဗူးသဘောမျိုး သဘောထားတာပါ ... အခုမှ သူ့ကို နောက်ထပ်ပြောစရာတစ်ခုကို စဉ်းစားမိတော့တယ် ကိုဟင်
Steemit က အကောင်းဆုံးစုဘူးပါ။ နောက်ထပ်ပြောပြစရာဆိုတာက .....?
စတီးမစ်က ကိုယ့်သမိုင်းကြောင်းကိုပါ ကိုဟင်
ပြစရာဆိုလို့ ဘာမှမယ်မယ်ရရ မရှိသေးဘူးဗျာ။Steemit မှာရေးထားတဲ့ ကျွန်တော့်စာလေးတွေက ပြစရာဖြစ်တန်ကောင်းပါရဲ့ အကိုရယ်။
ကျွန်တော်လည်း အဲဒီလိုပဲ မျှော်လင့်နေပါတယ်။
ကောင်းလိုက်တဲ့ပညာပေးအရေးအသားဆောင်းပါးလက်ရှိအသုံးပြူနေတဲ့မန်ဘာတွေကိုစိတ်ဓါတ်ခွန်အားပေးရုံတင်မကဘဲနုံးချိနေတဲ့လေးလံနေတဲ့စိတ်တွေပါထကြွသွားတယ်ဗျာတစ်နေ့တစ်နေ့ကိုဟင်နရီအကောင့်မှပို့စ်သစ်စောင့်ဖက်ရတဲ့အလုပ်ကစာရေးသူတစ်ယောက်ကိုစွဲလန်းမှန်မသိစွဲလန်းနေမိပီဗျာ...တကယ်ပါ
ရတဲ့ အချိန်လေး တွေလုပြီး တတ်သလောက်မှတ်သလောက်လေး ရေးနေရတာညီလေးရေ... တချိန်ချိန်ကြရင်တော့ steemit မှာ သီးသန့် စာရေးနိုင်မယ်လို့ မျှော်လင့်နေတာပဲ။
ကောင်းပါတယ်အကို ကျနော်ကတော့ Coin သတင်းတွေတင်ရင်ပိုပီးဖက်ရတာရင်ခုန်မိတယ်ဗျာ
ဟုတ်တယ် ကျွန်တော်တို့လည်းပြစရာ ဒါပဲရှိတယ်။ အဲဒီအချိန်ထိ ပြစရာအဖြစ်ကျန်နိုင်အောင် ကြိုးစားထားမှရမယ်။
တခုခုတော့ ပြောနိုင် ပြနိုင်အောင် ကြိုးစားရမှာပဲ အထွေးရေ....
ကိုယ့်သမိုင်း ကိုယ်ရေးကြရမှာပါ။တစ်ခုကံကောင်းတာက ရေးခွင့်ရှိသေးတာကိုဘဲ။အစ်ကိုက MSC ရဲ့ founder လို့ သမိုင်းမော်ကွန်းတင်ပြီးပါပြီ။
မော်ကွန်းကမလိုပါဘူး။ steemit ကို ဘယ်သူစ တယ်ဆိုတာ အရေးမကြီး ပါဘူး။ လူ ဘယ်နှစ်ယောက်ကို အကျိုးပြုနေတယ်ဆိုတာ အရေးကြီးဆုံးပါ။
ဒီခေတ်ကြီးကို အပြစ်တင်ရမလား ဒီလူတွေကို အပြစ်ပြောရမလား အဆင်မပြေတဲ့ခေတ်ကြီးမှာ လူဖြစ်လာရတာတော့...
ဘယ်သူ့မှ အပြစ်တင်မနေတော့ဘူးလေ... ကိုယ့်လက်ထက်မှာ အစွမ်းကုန် ရုန်းရင် ကိုယ့်သားသမီး လက်ထက်မှာ နည်းနည်း သက်သာလိမ့်မယ်လို့ ထင်တာပဲ။
Steemit ကိုလုပ်ဆောင်နေသူအားလုံးက
#ဘဝ လက်ကိုင်အိတ် (သို့ ) ဘဝ စုဘူး #
တစ်ခုလို့ သဘောထား
လိုက်ကြရအောင်ဗျာ
ကျွန်တော်တော့ မှတ်ယူထားလိုက်မယ် ဗျာ
Steemit က အကောင်းဆုံး စုဘူးပါ။
Computer has important work in agriculture. It produces good yields.
Very off topic - but maybe you know people who can translate?
https://steemit.com/colorchallenge/@fitinfun/sbi-giveaway-translation-help-for-rewards-for-colorchallenge-mondayred
Thanks Sharon, i will share your article to the community ....
Thank you so much, Henry! I am excited by how this is going :)
Steemit platform လေးရှိလာတာ ကျနော့်အတွက် အရမ်းတန်ဖိုးရှိပါတယ်။ကျနော်ခုစာလေးတွေရေးပီး စုစုနေတာ ၊sp လေးတွေ တဖြည်းဖြည်းများလာပီး ပီတိလေးတွေဖြစ်မိတယ်။နောင်တချိန် နောင်အနာဂတ်အတွက် ဆက်လက်ကြိုးစားကြမယ်ဗျာ....
အခုလို ကြားသိရတဲ့ အတွက် ဝမ်းသာပါတယ်။ steemit Platform က မြန်မာတွေအတွက် အကျိုး မယုတ်ပါဘူး။ သေချာအသုံးချတတ်ရင် တကယ်ကို အကျိုးရှိတဲ့ Platform ပါ။
ကျွန်တော်တို့ခေတ် မှာတော့ steemit ရဲ့ ခေတ်ကောင်းဖြစ်လာဖို့
မျော်လင့်နေမိပါတယ်ဗျာ
အစ်ကိုလည်း အဲဒီလိုပဲ မျှော်လင့်နေပါတယ်။
သားရဲ့ဘဝမှာ အလင်းရောင်တွေပျောက်နေတာကြာ
ပါပြီ အခုဆရာ့ရဲ့ ဆောင်းပါဟာ သားရဲ့အလင်းရောင် ဖြစ်နေပါပြီ ကျေးဇူးအများကြီးတင်ရပါတယ် ဆရာ
အခုလို တခုခု ရသွားတယ် ဆိုရင်ပဲ ကျေနပ်ပါတယ်။ အစ်ကိုလည်း အားတဲ့ အချိန်လေး တတ်သလောက် မှတ်သလောက်လေး ရေးနေတာပါ။
2020 ကျော်ရင် steemit က ရွှေခေတ်ရောက်လာရော ဘဏ်စာအုပ်လို့ သတ်မှတ်ထားပါတယ်😊
အဖေတို့ခေတ်ကောင်းတုန်းကတော့ Steemit ကြီးသုံး စာရေးလို့
ရတဲ့ငွေတွေဖြင့် မြန်မာလူထုကို အကျိုးပြုခဲ့တာပဲလို့ ပြောရမှာပေါ့နော...
ဒါနဲ့ စကားမစပ် ကလေး ဘယ်တော့ယူမလဲဗျ😁😁😁
ကျနော်လဲ ကျနော့်သားလေး ကြီးလာလို့ အရွယ်ရောက်လာရင် အဖေတို့ခေတ်က စတီးမစ် ပလက်ဖောင်းမှာ သားအတွက် အဖေက စာရေးရင်းငွေစုခဲ့တာလို့ ပြောမယ်စိတ်ကူးထားတယ် အကိုရေ။
သားလေးရောရှိပီလား ကိုဟင်ရ😂😂
နောင်အနာဂါတ်လှပဖို့steemit ကို သေချာဂရုစိုက်ကာ အသုံးပြုရပေမည် အစ်ကို
အကောင်းဆုံးပါ။