Reach outside yourself

in #myanmar5 years ago (edited)

(၂)

သင်၏ အတ္တနှင့် တစ်ကိုယ်ကောင်းဆန်သည့်

စိတ်ဓာတ်မှ ရုန်းထွက်ပါ။

ဤ ထူးခြားသော ပရဟိတ လုပ်ငန်းရှင်သည် Kiva အသေးစား ချေးငွေ လုပ်ငန်းကို ပူးတွဲတည်ထောင်သူ ဖြစ်ပြီး သူမသည် အများသူငှါကို ကူညီ၍ စိတ်ကူးဉာဏ်ကွန့်မြူးမှုကို ရရှိသူဖြစ်သည် ။ ကြီးကျယ်သော စိတ်ကူးစိတ်သန်းနှင့် ၎င်းကို လုပ်ဆောင်လိုစိတ်ရှိသော လူတစ်ယောက်သည် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ကြောင်း သူမက သက်သေပြခဲ့သည် ။

Jessica Jackley Flannery ရေးသားသည် ။

အသေးစား ချေးငွေ လုပ်ငန်းဖြစ်သော Kiva ကို ပူးတွဲတည်ထောင် ခဲ့သူဖြစ်သည့် Flannery သည် အသေးစားငွေကြေး အထောက်အပံ့ လုပ်ငန်းများ ၊ အနုပညာ ပုံသဏ္ဍာန်အမျိုးစုံ နှင့် ပေါင်းသင်းဆက်ဆံရေး တို့သည် ပြောင်းလဲမှု တစ်ခု လုပ်ဆောင်ရာတွင် အရေးပါသော လက်နက်များ ဖြစ်သည်ဟု ယုံကြည်သည် ။ သူမသည် အပြောင်းအလဲတစ်ခု၏ ရင်းမြစ်ကို အယုံအကြည် ရှိသူဖြစ်သည် ။ Kiva အသေးစား ချေးငွေလုပ်ငန်းကို မတည်ထောင်ခင် ကပင် အများသူငှါပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း အများအပြားတွင် လုပ်ကိုင်ခဲ့သည် ။ Jessica သည် Stanford Business School မှ MBA ဘွဲ့နှင့် Bucknell University မှ ဒဿနိကဗေဒ နှင့် နိုင်ငံရေး သိပ္ပံဘာသာရပ်တို့ တွင် BA ဘွဲ့ ကိုရရှိထားသူ ဖြစ်သည် ။

ကျွန်မ အထက်တန်းကျောင်းသူ ဘဝတုန်းက ခရစ်ယာန်ဘုရား ရှိခိုးကျောင်းမှ လူငယ်အဖွဲ့ နှင့် ဟေတီနိုင်ငံ ကို တစ်ပတ်ခန့်သွားခဲ့ရသည် ။ ဟေတီနိုင်ငံ မှ မိဘမဲ့ ကျောင်းတစ်ခု အတွက် အဆောက်အဦး တစ်ခုတည်ဆောက်ပေးခဲ့ရသော ထို ခရီးကို ကျွန်မ လွန်စွာစိတ်လှုပ်ရှားခဲ့သည် ။ ဟေတီတွင် ရက်အနည်းငယ်ခန့် နေခဲ့ပြီးနောက်တွင်မူ ကျွန်မသည် နွေးထွေးသော ကျွန်မ၏ မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည် ။ သို့သော် ထိတ်လန့်အံအားသင့် ဆဲဖြစ်သည် ။ ကလေးတစ်ချို့မှာ ၎င်းတို့၏ (၁၆) နှစ်မြောက်မွေးနေ့တွင် ကိုယ်ပိုင်ကားများ ရရှိနေပြီး တစ်ချို့မှာမူ အစာရေဆာ ငတ်မွတ်ခေါင်းပါးနေသော ဤကမ္ဘာကြီးတွင် နေထိုင်ရခြင်းမှာ မည်သို့သော အဓိပ္ပါယ်နည်းဟု မတွေးနိုင်သလောက်ပင် ဖြစ်သည် ။

ကျွန်မသည် ရှော့ပင်းစင်တာ ကုန်တိုက်တစ်ခု၏ အလယ်တွင် ငိုချမိသလို ဖြစ်ခဲ့သည် ။ အဘယ်ကြောင့်ဆိုသော် ဟေတီတွင် ကျွန်မ တွေ့ခဲ့ရသော လူအများအပြားသည် ထိုသို့သော နေရာမျိုး ကမ္ဘာပေါ်တွင် ရှိသည်ဟူ၍ပင် မယုံကြည်နိုင်ကြကြောင်း ကျွန်မသိ၍ ဖြစ်သည် ။ ထို့နောက် သီတင်းပတ် အနည်းငယ်အကြာ ကျောင်းကပွဲ တစ်ခုတွင် ကျောင်းသူ၊ ကျောင်းသား များနှင့် ၎င်းတို့၏ မိဘများသည် ဇိမ်ခံကားကြီးများ ပေါ်မှဆင်းလာကာ ကျောင်း၏ အားကစားရုံ အတွင်းသို့ ပွဲတက်ဝတ်စုံ အပြည့် ၊ လှပသော ဝတ်စုံများဖြင့် ဝင်ရောက်လာကြသည်ကို တွေ့ရသောအခါ ကျွန်မ၏ ကိုယ်ခန္ဓာ တစ်ခုလုံးတုန်ရီ လာရသည် ။ ထို့နောက် တွင်တော့ ကမ္ဘာပေါ်က တစ်ချို့သော လူတွေ အဆင်မပြေနိုင်တဲ့ အချိန်မှာ ဘာလို့ဒီ လူတွေ ဒီလောက်နေနိုင်ရသလဲဟု စိတ်ထဲမှ အော်ဟစ်ရေရွတ်လိုက်မိသည် ။

ကျွန်မသည် ယခု ကျွန်မတွေ့ရှိလိုက်သော အချက် နှင့်ပတ်သက်ပြီး တစ်စုံတစ်ခု လုပ်ဆောင်လိုသည် ။ ၎င်းလုပ်ဆောင်ချက်ကိုလည်း ကြီးမားသော စီမံကိန်းတစ်ခုကဲ့သို့ ဖြစ်လိုသည် ။ ကျွန်မ ယခုလေးတင် တွေ့ကြုံခံစားခဲ့ရသော လောက၏ အမှန်တရားကြီးကို ပြောင်းလဲပစ်ချင်သည် ။ သို့သော် ၎င်းမှာ မည်သည်ဖြစ်သည် ၊ မည်သို့ လုပ်ရမည်ကို ကျွန်မ မသိရှိပေ ။

ထို့နောက် နှစ်အနည်းငယ် အကြာတွင် ကျွန်မသည် ကောလိပ်သို့ တက်ရောက်ရကာ ကျွန်မ ချစ်ခင်မြတ်နိုးသော ဘာသာရပ်များကို လေ့လာသင်ယူခဲ့သည် ။ ဒဿနိကဗေဒ၊ ကဗျာနှင့် အနုပညာ ဘာသာရပ်တို့ ဖြစ်သည် ။ ထို့နောက်တွင် ကျွန်မ သိလိုသော မေးခွန်းဖြစ်သည့် ကမ္ဘာကြီးသည် ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေရသည် နှင့် ၎င်းကို မည်သို့ဖြေရှင်းရမည် ဟူသော အဖြေကိုပေး နိုင်မည်ဟု ယူဆရသည့် ဘာသာရပ် တစ်ခုကိုလည်း လေ့လာသင်ယူ ခဲ့သည် ။ ၎င်း မှာ နိုင်ငံရေး သိပ္ပံဘာသာရပ်ဖြစ်သည် ။ အစိုးရဆိုသည်မှာ ဥပဒေ စည်းမျဉ်းများ အားလုံး ကိုဖန်တီးသည် မဟုတ်ပါလော ။ (ထိုအချိန်က ကျွန်မသည် စီမံခန့်ခွဲရေးပညာရပ်ကို လေ့လာ သင်ယူရန် မတွေးမိခဲ့ပေ ။ ကျွန်မ ဆိုလိုသည်မှာ ကျွန်မသည် လူများကို ကူညီပေးလိုသည် ။ ထို့ကြောင့် စီးပွားရေး နှင့် ပတ်သက်ပြီး ဘာကြောင့် လေ့လာရန် လိုအပ်သနည်း ဟူ၍ ဖြစ်သည် ။ စီးပွားစီမံ ဘာသာရပ် နှင့် ထိုအလုပ် နှင့် ဘာဆိုင်သနည်း ဟူ၍ အတွေးပေါ် မိခဲ့ခြင်းဖြစ်သည် ။ ကျွန်မ၏ နွေရာသီကျောင်း ပိတ်ရက်များတွင် ကျွန်မသည် ကျွန်မ၏ အချိန်များကို လက်တွေ့ လုပ်ဆောင်မှုများ နှင့် အလှအပ အနုပညာအလုပ် များအတွက် အချိန်ခွဲပေးခဲ့သည် ။ ကျွန်မ၏ အချိန်တစ်ဝက်ကို ဆီးနိတ် လွှတ်တော်အမတ် ရုံးတစ်ခုတွင် အလုပ်သင်အဖြစ် လုပ်ကိုင် လေ့လာခဲ့သည် ။ ထို့နောက် အကျိုးအမြတ် မယူသော ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်း များတွင် လုပ်ကိုင်ခဲ့သည် ။ ကျန်အချိန် တစ်ဝက်ကိုမူ အနုပညာသင်ခန်းစာ များသင်ကြားရင်းဖြင့် အချိန်ကုန်ဆုံးစေခဲ့သည် ။

ကျွန်မ ဘွဲ့ရအပြီးတွင် ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့ခဲ့ပြီး Stanford တက္ကသိုလ်တွင် အလုပ်ရခဲ့သည် ။ Standford တက္ကသိုလ်၏ Center For Social Innovation ဟူသည့် သုတေသန ဗဟိုဌါန တွင်ဖြစ်သည် ။ ကျွန်မသည် ထိုနေရာတွင် အလုပ်လုပ်ရသည် ကို လွန်စွာ စိတ်လှုပ်ရှားမိသည် ။ အဘယ့်ကြောင့်ဆိုသော ထိုဌါနရှိ ကြီးမြတ်သော တွေးခေါ် ပညာရှင်များ အပြင် လူမှုစီးပွားရေး လုပ်ငန်းများ ၊ ပရဟိတ လုပ်ငန်းများ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အစရှိသည့် စိတ်ကူးစိတ်သန်းကောင်းများ ဝိုင်းရံနေသဖြင့် လူမှုရေး နှင့် အများပြည်သူရေးရာကဏ္ဍတွင် ကျွန်မ မည်သည့် နေရာ၌ အံဝင်ခွင်ကျဖြစ်မည်ကို ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်မိသည် ။ အမှန်တကယ်လည်း ဆုံးဖြတ်နိုင်ခဲ့ပါသည် ။ ၂၀၀၃ ခုနှစ် ဆောင်းဦးရာသီခန့်တွင် ကျွန်မသည် Dr. Mohammad Yunus ကအသေးစား ချေးငွေလုပ်ငန်းအကြောင်း စတင်ပြောကြားသည် ကိုကြားခဲ့ရသည် ။ ကျွန်မ တစ်ခါတည်း စိတ်ဝင်စား သွားမိသည် ။ ၎င်း အလုပ်သည် ကျွန်မ နှင့် ကိုက်ညီသည် ။ သူပြောပြသည် များကို နားထောင်ရသည်မှာ စိတ်နှစ်ကိုယ်နှစ် ပင်ဖြစ်သည် ။ ကျွန်မသည် သူလုပ်ခဲ့သော အလုပ်မျိုးကို လုပ်ရန် ဆန္ဒရှိ ကြောင်းသေချာ သွားပြီဖြစ်သည် ။ ထို့ပြင် သူကလည်း ယင်းအလုပ်သည် အလုပ်ဖြစ်နိုင်ကြောင်း ပြောပြနိုင်ခဲ့သည် ။ ကျွန်မ မျက်စိထဲ မြင်ရသည်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရှိ ရွာများသို့ သူသွားကာ ဒေသမှ လူများ၏ ဘဝကို လေ့လာမည် ။ သူတို့၏ လိုအပ်ချက်များကို လေ့လာမည် ။ ထို့နောက် သူ၏ အိတ်ကပ်ထဲ လက်နှိုက်ပြီး၎င်း တို့ လိုအပ်သည့် ဒေါ်လာအနည်းငယ်မျှကို ချေးငှါးမည် ။ ၎င်း ငွေသည် သူတို့အား ဆင်းရဲတွင်းထဲ ဆွဲသွင်းနေသော သံသယာကြီး ကို ချိုးဖျက်ပေးနိုင်မည် ဖြစ်သည် ။ ၎င်း မြင်ကွင်းမှာ အလွန်လှပ ပါသည် ။ လူများအား အသေးစား ချေးငွေ နှင့် တခြားတခြားသော ဘဏ္ဍရေး ဝန်ဆောင်မှုများပေးမည် ။ ထိုမှတဆင့် ၎င်းတို့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်စေကာ ဆင်းရဲတွင်းမှ လွတ်ကင်းစေမည် ဖြစ်သည် ။ ၎င်း အလုပ်မှာ ကျွန်မ အတွက် ပညာရပ်ပိုင်းဆိုင်ရာ အရ ၊ စိတ်ခံစားမှု ဆိုင်ရာ အရ အပြင် စိတ်ဝိဉာဉ်ဆိုင်ရာ အရပါ အဓိပ္ပါယ်ရှိနေသည် ။ ကျွန်မလည်း ထိုအလုပ်တွင်ပါဝင်လိုသည် ။

လအနည်းငယ် ကြာပြီး နောက်တွင် ကျွန်မ ထို အခွင့်အရေးရရှိ ခဲ့သည်။ Village Enterprise Fund ၏ တည်ထောင်သူနှင့် အမှုဆောင်ညွှန်ကြားရေးမှုးဖြစ်သော Brian Lehnen သည် ကျွန်မကို Uganda နိုင်ငံ ၊ Kenya နိုင်ငံ နှင့် Tanzania နိုင်ငံ တို့၌ ၃လခန့် သူ့အတွက် သွားရောက် အလုပ်လုပ်ပေးရန် ခန့်အပ်ခဲ့သည် ။ သူ့၏ အဖွဲ့အစည်း က ဒေသခံ လူများအား စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်နိုင်ရန် အမေရိကန်ဒေါ်လာ ၁၀၀ စီခန့် ချေးထားသော စီးပွားရေးလုပ်ငန်းရှင်သစ်လေးများကို အင်တာဗျူးရန်ဖြစ်သည် ။ ကျွန်မ၏ တာဝန်မှာ ထိုချေးလိုက်သောငွေက သူတို့၏ဘ၀ နှင့် သူတို့မိသားစု နှင့် အသိုင်းအဝိုင်းအပေါ် မည်သို့ အကျိုးသက်ရောက်သည် ကို တွက်ချက်လေ့လာရန်ဖြစ်သည် ။ သူတို့ကို ကျွန်မ၏ စစ်တမ်းများ ဖြည့်ရာတွင် အကူအညီပေးရသည် ။ ထို့ပြင် သူတို့ နှင့် ပတ်သက်သည့် ကိုယ်ရေးအတ္တုပ္ပတိများ ၊ အလုပ်နှင့် လုပ်ငန်းဆိုင်ရာလေ့လာချက်များ အပြင်ဓာတ်ပုံများကိုပါ ရိုက်ကူးခွင့်တောင်းခံရသည် ။ ၎င်းမှာ ကျွန်မ ဖြစ်ချင်ခဲ့သည့် အိပ်မက် အလုပ်အကိုင်ပင်ဖြစ်သည် ။ ထို့ကြောင့် ကျွန်မသည် လေယာဉ်တစ်စင်းပေါ်သို့ အမြန်ဆုံးခုန်တက်လိုက်ပါတော့သည် ။

ကျွန်မ အာဖရိက အရှေ့ပိုင်းတွင် ရှိနေစဉ်က ထိုစီးပွားရေးလုပ်ငန်းရှင်သစ်လေးများ ပြောပြသော အောင်မြင်မှုဇာတ်လမ်းများကြောင့် လွန်စွာ စိတ်လှုပ်ရှားခဲ့ရသည် ။ ယင်း ဇာတ်လမ်းတိုင်းသည် ပြီးပြည့်စုံသော ဇာတ်လမ်းများဖြင့် မဟုတ်ပေ ။ သို့သော် ၎င်းတို့သည် လူတို့ဘဝ၏ စစ်မှန်သော ဇာတ်လမ်းများဖြစ်ကြသည် ။ ၎င်းတို့သည် မျှော်လင့်ချက် နှင့် အားအင်အပြည့်ပါသော ဇာတ်လမ်းများဖြစ်သည် ။ ဇာတ်လမ်းတိုင်းသည် အောင်မြင်မှုရှိသည် ။ စိတ်လှုပ်ရှားဖွယ်ကောင်းသည် ။ ဝမ်းနည်းဖွယ်ရာ များလည်းအပါအဝင် ဖြစ်သည် ။

အောင်မြင်ရန် အခွင့်အရေး တစ်ခုပေးလိုက်ခြင်းသည် ဤ လူတစ်ဦးချင်းစီကို အံ့သြဖွယ်ကောင်းလောက်အောင် ပြောင်းလဲပစ်ခဲ့သည် ။ အတော်အတန်ပင် နည်းပါးလှသည့် ငွေပမာဏလေးသည် လူတစ်ဦး၏ ဘ၀ ကို အမြဲတမ်း ထာဝရစစ်မှန်သော နည်းလမ်းဖြင့် ပြောင်းလဲပေး နိုင်သည် ကိုတွေ့ရှိခဲ့ရသည် ။ ကျွန်မသည် ၎င်းတို့ဘာများဖြစ်သည် ကို အနီးကပ် ကြည့်ရှုခွင့်ရသည် အခွင့်ထူးခံလူတစ်ဦးဖြစ်သည် ။ ရွှံ့နှင့် သက်ကယ်များကို အသုံးပြုသည့် အိမ်များအစား အုတ်နှင့် ကွန်ကရစ် ကိုသုံးသော အိမ်များ ဖြစ်လာခြင်း ၊ ခြင်ထောင်များ ဝယ်နိုင်လာခြင်း ၊ ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာများ စားသောက်နိုင်လာခြင်း ၊ မိမိတို့၏ ကလေးများအတွက် ကျောင်းလခ ကို ဂုဏ်ယူဝင့်ကြွားစွာပေးလာ နိုင်ပြီဖြစ်သော မိဘများစသည်ဖြင့် ဖြစ်သည် ။ တစ်ခါတစ်ရံတွင် အသေးစိတ်အချက်အလက်လေးများ မှာသေးငယ်လွန်းသဖြင့် ကျွန်မ၏ အကျိုးသက်ရောက်မှု စစ်တမ်း မေးခွန်းနှင့်ပင် အံမဝင်နိုင်ပေ ။ Elizabeth ကမူ သူမ လဖ္ဘက်ရည်သောက်ရာတွင် သကြားထည့်နိုင်ပြီဟု ပြောသည် ။ Rose သည် အရပ် အနည်းငယ်ပိုရှည်လာပြီး စကားပြောသောအခါ မျက်လုံးမှာ အသက်ပါလာသည် ။ Joseph သည်ယ္ခုတွင် သူ့အိမ်တံခါး အတွက်သော့ခလောက် အငယ်စားလေးတစ်ခုကို ဝယ်နိုင်ပြီဖြစ်သည် ။ ၎င်း၏ ဆင်ခြေဖုံး အရပ်တွင်ရှိသော သူ၏အိမ်မှ မိသားစုမှာ လုံခြုံမှု ကို ခံစားရသည် ။ ကျွန်မသည် တိုင်းတာ၍ပင် မရနိုင်သော ဤ သေးဖွဲသည့် အရာလေးများကပင် အဓိပ္ပါယ်ရှိလွန်းပြီး မျှဝေပြောပြ ထိုက်သော အရာများဟုထင်မိသည် ။ ထို့ကြောင့် ကျွန်မသည် ၎င်းတို့ကို ကျွန်မ၏ လေ့လာချက် စစ်တမ်းထဲ ထည့်သွင်းရေးသားပါသည် ။

ကျွန်မ၏ ခင်ပွန်းဖြစ်သော Matt သည် ကျွန်မ၏ အလုပ်ကို အလည်အပတ်သဘော လာရောက်ကြည့်ရှုသည်။ သူသည်လည်း ထိုဇာတ်လမ်းများကြောင့် လွန်စွာစိတ်လှုပ်ရှားခဲ့ရသည်။ အမှန်မှာမူ သူသည် ၎င်းတို့၏ ဖမ်းစားမှုကို ခံရသည် မှာ သုံးလေးပတ်ရှိပြီ ဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် သူတို့ကို ဇာတ်လမ်းများအကြောင်း ဖုန်း နှင့် တစ်မျိုး အီးမေးလ် နှင့်တစ်ဖုံ ပြောပြထားပြီး ဖြစ်၍ဖြစ်သည် ။ ကျွန်မတို့ ဇနီးမောင်နှံသည် ထိုအားအင်ပြည့်ဝ၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဇာတ်လမ်းများကို လူအများအပြား ပိုမိုကြားနိုင်ပါက ကမ္ဘာကြီးသည် မည်သို့ပြောင်းလဲသွားမည်နည်း ဟုတွေးမိသည် ။ နားထောင်ကောင်းသော ဇာတ်လမ်းလေးကို မျှဝေပြောပြရုံဖြင့် အပြောင်းအလဲ တစ်ခုကို ပြုလုပ်နိုင်မည် ဟူသော အတွေးမှာစိတ်လှုပ်ရှားဖွယ် ဖြစ်သည် ။ ကျွန်မတို့သည် ယ္ခင်က တွေ့ခဲ့ရသော စီးပွားရေးလုပ်ငန်းရှင်သစ်လေးများ နှင့် ယ္ခုတိုင် အဆက်အသွယ် ရှိနေမည်ဆိုလျှင် ကျွန်မတို့သည် စစ်မှန်သော နည်းလမ်းတစ်ခုဖြင့် သူတို့၏ ဇာတ်လမ်းထဲတွင် ဆက်လက်ပါဝင် ပတ်သက်နေဦးမည် ဟုတွေးမိပါသည် ။ ၎င်းတို့၏ ဇာတ်လမ်းများထဲတွင် ကျောက်တောင်တက် ရသည့် ချိတ်ကဲ့သို့သော အောင်မြင်မှုမျိုး ရှိကြောင်းလည်း တွေ့ရှိခဲ့ရသည် ။ ၎င်းတို့ထဲမှ အများအပြားသည် အတော်များများ အဆင်ပြေနေကြပြီ ဖြစ်သည် ။ သို့သော် ထို့နောက်တွင် ဘာဖြစ်မည်နည်း ။ ၎င်းတို့ထဲမှ အများအပြားသည် နောက်ထပ် အခွင့်အရေးများ ထပ်ပေးပါမှ ပိုမိုအောင်မြင်နိုင် မည်ကိုကျွန်မတို့သိကြသည် ။ ၎င်းတို့ထဲမှ အများအပြားသည် နောက်တစ်ကြိမ် အသေးစားချေးငွေ လိုအပ်နေမည် ။ ကျွန်မတို့နှင့် ကျွန်မတို့၏ မိသားစုများ ၊သူငယ်ချင်း မိတ်ဆွေများသည် ဘာကြောင့် သူတို့ကို ငွေထပ်မချေးနိုင်ရမည်နည်း ။ ၎င်းတို့ အောင်မြင်အောင် လုပ်ဆောင်နေစဉ် ဘာတွေဖြစ်ပျက်ခဲ့သည် ကို ကျွန်မတို့ကို အသိပေးရန် ဆဲလ်ဖုန်းများ ၊ ကင်မရာများ ဘာကြောင့် မထားခဲ့နိုင်ရမည်နည်း ။

တစ်နှစ်ခန့် သုတေသနများ ပြုလုပ်အပြီးတွင် ကျွန်မတို့၏ စိတ်ကူးစိတ်သန်းကို အချိန်ပေးနိုင်တော့မည်ဟု ယူဆရသူ အများအပြားနှင့် စကားပြောဆွေးနွေး အပြီးတွင်မူ ထောက်ခံမှု အများအပြားဖြင့် မရရှိခဲ့ပေ ။ ကျွမ်းကျင်သူ အများအပြားက ဆိုရာတွင် ကျွန်မတို့ လုပ်ချင်သည့် အရာမှာ တရားမဝင်ကြောင်းဆိုသည် ။ တခြားသူများက ဆိုရာတွင် ၎င်းမှာ မထိရောက်နိုင်သည့် အပြင်ကျယ်ကျယ်ပြန့်ပြန့်လည်း လုပ်ဆောင်နိုင်မည် မဟုတ်ဟုဆိုသည် ။ တခြားသူများကမူ အသေးစား ချေးငွေပေးခြင်းသည် တစ်စုံတစ်ယောက်သော လူအတွက် လက်ဆောင်ပေးခြင်း ၊ လှူဒါန်းခြင်းထက် ပိုမိုသင့်တော်သည့် အရာဖြစ်သည်ကို လက်မခံကြပေ ။ ထိုသို့သော တုံ့ပြန်ချက်မျိုး ရရှိသည်မှာ စိတ်ပျက်ဖွယ်ကောင်းသည် ။ သို့သော် အချက်တစ်ခုမှာ မှန်ကန်နေသည် ။ ၎င်းမှာ ကျွန်မ၏ သူငယ်ချင်း ၊ မိတ်ဆွေများနှင့် မိသားစုဝင်များက ထို စိတ်ကူးကို အစက ကဲ့သို့ပင် ထောက်ခံယုံကြည်ဆဲဖြစ်သည် ။ ထို့ကြောင့်ပင် ကျွန်မတို့ ထိုအလုပ် ကို စတင်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည် ။ သူတို့နှင့်ပင် စတင်ဖို့ လုပ်ဆောင်ခဲ့သည် ။

ကျွန်မသည် Uganda နိုင်ငံသို့ ပြန်လာခဲ့သည် ။ ထို့နောက် ပြီးခဲ့သော နှစ်က ကျွန်မတွေ့ခဲ့ဖူးသည့် မိတ်ဆွေတစ်ယောက် ကိုရှာခဲ့သည် ။ သူသည် Uganda နှင့် Kenya နိုင်ငံ နယ်စပ်ရှိ ရွာငယ်လေးတစ်ခုတွင် ခရစ်ယာန် တရားဟောဆရာတစ်ယောက်ဖြစ်သည် ။ သူသည် ရှေ့ရေး ကိုသာ အမြဲတမ်းကြိုတွေးတတ်သူ တစ်ဦးလည်းဖြစ်သည် ။ ထို့နောက်တွင် ကျွန်မသည် သူ့ကိုကင်မရာ တစ်ခုပေးကာ သူ၏ရွာထဲရှိ အသေးစားချေးငွေ လိုအပ်နေသော ကျွန်မတို့၏ တခြားမိတ်ဆွေများ၏ ဓာတ်ပုံကို ရိုက်ကူးခိုင်းခဲ့သည် ။ သူတို့၏ ဇာတ်လမ်းများ နှင့် တခြားချေးငွေ လိုအပ်ချက်များကိုလည်း ရေးစေခဲ့သည် ။ ထို့နောက်တွင် Matt တည်ဆောက်ထားသော www. kiva.org ( Kiva ဆိုသည်မှာ ပေါင်းစည်းမှုဟုအဓိပ္ပါယ်ရသည် ။ ) ဟူသော ဝက်ဆိုက်တွင် တင်ပေးခိုင်းခဲ့သည် ။ Matt သည် လူတွေ နှင့် ဆက်သွယ်ရာတွင် နည်းပညာများ၏ စွမ်းအားလုပ်နိုင်စွမ်း ကို ကျွန်မထက် ပိုမိုနားလည်သူ ဖြစ်သည် ။ သူသည် ဤ လုပ်ငန်းအတွက် ရိုးရှင်းခန့်ညားပြီး အသုံးရလွယ်ကူသော platform တစ်ခုကို ဖန်တီးနိုင်ခဲ့သည် ။ ထို့နောက် ကျွန်မအိမ်ပြန် ရောက်သောအခါ ကျွန်မတို့သည် ကျွန်မတို့၏ မင်္ဂလာဧည့်ခံပွဲ မှ ပရိသတ်များ လိပ်စာများကို အလိုအလျောက် စာပို့စနစ်ဖြင့် စာများပို့ခဲ့သည် ။ ၎င်းတွင် ကျွန်မတို့၏ ဝက်ဆိုက်ကို တစ်ခေါက်ကြည့်ရှုပြီး အသေးစားငွေချေးရန် စိတ်ဝင်စားသလား မေးမြန်းခဲ့သည် ။ နောက် ၄၈နာရီ အတွင်းမှာပင် စီးပွားရေးလုပ်ငန်းများက လိုအပ်သော ဒေါ်လာ ၃၀၀၀ ကို ရရှိခဲ့သည် ။ ထို့ကြောင့်ကျွန်မတို့က Uganda ကိုလှမ်းပို့ခဲ့သည် ။ နောက်လာမည့် ၆ လတွင် ကျွန်မတို့သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ကြီးထွားလာသည်ကို စောင့်ကြည့်ခဲ့သည်။ ထို့နောက် သူတို့၏ ချေးငွေကို သူတို့ အကျေဆပ်နိုင်သောအခါတွင် စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရသည်။ ကျွန်မတို့၏ စမ်းသပ်ချက်သည် အောင်မြင်ခဲ့သည် ။ ထို ပထမ အကြိမ်ချေးငွေ ချေးပြီးသောအခါ ဒုတိယ အကြိမ် နှင့် တတိယ အကြိမ်တို့ ဆက်လက်ပြုလုပ်ခဲ့သည် ။ ထို့နောက်တွင် ဒါဇင် နှင့် ချီပြီး ဆက်တိုက်လုပ်ဆောင်ခဲ့သည် ။ ကျွန်မတို့သည် အကူအညီပေးမည့် လူများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည် ။ ကျွန်မတို့ နှင့် အတူလက်တွဲ လုပ်ရန် တရားဝင်အဖွဲ့အစည်းများ နှင့် လည်း သဘောတူညီမှုများ ရရှိခဲ့သည် ။ ချေးငွေများ ထုတ်ချေးခြင်း ၊ ပြန်ဆပ်ငွေများ ကောက်ခံခြင်း ၊ ငွေပေးချေငှါးသူများ ရှာဖွေခြင်းစသည်တို့ကို လျင်မြန်စွာ ကျယ်ပြန့်လာသည့် ဝက်ဆိုက်လေးမှ တဆင့်လုပ်ဆောင်သည် ။ ကျွန်တို့ လုပ်ငန်းစတင်လုပ်ကိုင်သည့် ပထမဆုံး တရားဝင်နှစ် အတွင်းတွင် ( Uganda နိုင်ငံသို့ ပထမဆုံး ပေးပို့သည့် ချေးငွေဒေါ်လာ ၃၀၀၀ ကို အကျေ ရရှိပြီးသည့်နေ့ မှစသည် ) ကျွန်မတို့သည် တစ်နှစ်ပတ်လုံး ချေးငွေအားဖြင့် ဒေါ်လာ ၅၀၀၀၀၀ ထုတ်ချေးနိုင်ခဲ့သည် ။ ဒုတိယနှစ်တွင် ဒေါ်လာ ၁၇ သန်းနီးနီး ထုတ်ချေးနိုင်ခဲ့သည် ။ ယ္ခုအချိန်တွင် မူ Kiva သည် တစ်လတည်းပင်လျှင် ဒေါ်လာ ၃ သန်း ၊ ၄ သန်း ခန့် ထုတ်ချေးလျှက်ရှိပြီး နိုင်ငံပေါင်းတစ်ရာ နီးပါးမှ လူသိန်းနှင့် ချီပြီး တစ်ဦး နှင့် တစ်ဦး ဆက်သွယ်ပေးလျက်ရှိသည် ။ ထို့ပြင်စီးပွားရေး လုပ်ငန်းရှင်သစ်တိုင်း၏ ဇာတ်လမ်းများကိုလည်း တခြားသူအားလုံး ကြည့်ရှုနိုင်စေရန် ဝက်ဆိုက်ပေါ်တွင် နေရာပေးဖော်ပြထားသည် ။

ဤခရီး နှင့် ပတ်သက်ပြီး မျှော်လင့်မထားသည့်အရာမှာ ခရီးစဉ်၏ အဆင့်တိုင်း အဆင့်တိုင်းတွင် ကျွန်မခံစားရသော ပျော်ရွှင်မှုသာဖြစ်သည် ။ ကျွန်မတို့ Kiva ကို စတင်တည်ထောင်ပြီး ပထမဆုံး စီးပွားရေးလုပ်ငန်း ၇ ခုအောင်မြင်သည်ကို စောင့်ကြည့်ခဲ့ရသော ပျော်ရွှင်မှုသည် ယ္ခုအချိန် Kiva က လူ့ဘဝပေါင်းများစွာ ကို အကျိုးသက်ရောက်မှု ပေးချိန် ပျော်ရွှင်မှု နှင့် ထပ်တူထပ်မျှသာ ဖြစ်သည် ။ ကမ္ဘာကြီးပေါ်တွင် ရှိသော ကြီးမားသည့် မမျှတမှုကို ဖြေရှင်းရန်မှာ အရွယ်အစား အတိုင်းအတာ အရေးကြီးသည်မှာ မှန်ပါသည် ။ သို့သော် ကျွန်မယုံကြည်သည်မှာ မိမိ၏ သူငယ်ချင်းထံမှ မပြောပလောက်သော အကူအညီဖြင့် တခြားသော သူငယ်ချင်းအုပ်စု တစ်ခုကို ထောက်ပံ့ဝန်ဆောင်မှု ပေးရခြင်းသည် အဓိပ္ပါယ်ရှိသော အလုပ်ဖြစ်ကြောင်း ၊ အရေးပါသော လုပ်ဆောင်မှုလည်း ဖြစ်ကြောင်း ယုံကြည်သည် ။ ၎င်းမှာ ယင်းအလုပ်ကို စတင်ရန် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည် ။

ကျွန်မ ယုံကြည်သော တခြားအချက်တစ်ခုမှာ ပေါင်းစည်းမှုတွင် စစ်မှန်သော စွမ်းအင်ရှိသည် ဆိုသည်ပင် ဖြစ်သည် ။ နိုင်ငံရေးပါတီများ ၊ ဘာသာရေးများ ၊ ယဉ်ကျေးမှုများ မတူညီလျှင်ဖြစ်စေ ကျွန်မတို့အားလုံးသည် တူညီသော အရာများကိုသာ အာရုံထားပါက ပေါင်းစည်းနိုင်မည် ။ Kiva သည် ကမ္ဘာကြီးပေါ်တွင် ပိုမိုကြီးမားသော ပေါင်းစည်းမှုကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်သည် ။ အလှူရှင် နှင့် အလှူခံဟူသော ခြားနားချက်ကြီးကို မှေးမှိန်ပျောက်ကွယ်စေကာ တစ်ချိန်မဟုတ် တစ်ချိန်တွင် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ကူညီနိုင်သော ညီမျှသည့် ပူးပေါင်းမှုကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်သည် ။ နေရာတိုင်းတွင် ဉာဏ်အမြော်အမြင်ရှိသော ၊ အားကောင်းသော လူများ ရှိနေသည်ဟူသော အမှန်တရားကို ဆက်လက်ရှင်သန်စေမည် ။ ချမ်းသာသော လူများက ဆင်းရဲသောသူများကို တွေးထင်ပုံ နှင့် ဆင်းရဲသောသူများက ချမ်းသာသူများ အပေါ်တွေးထင်ပုံကို Kiva က ပြောင်းလဲပစ်နိုင်မည်ဟု မျှော်လင့်သည် ။ ကျွန်မတို့သည် ကျွန်မတို့ကို သက်တောင့်သက်သာ မဖြစ်စေသော ၊ ရှုပ်ထွေးစေသော ၊ နိမ့်ကျစေသော တခြားလူများနှင့် ဆက်နွယ်မှုကို ရှောင်ရှားပြီး ၊ ၎င်းတို့ထံမှ ကာဆီးထားသော သီးခြားဘဝမျိုးကို တည်ဆောက်ရခြင်းမှာ လွယ်ကူပါသည် ။ သို့သော် ၎င်း ဆက်သွယ်ချက်မျိုးကသာ ကျွန်မတို့ကို ပြောင်းလဲပစ်နိုင်ခြင်းဖြစ်သည် ။ တစ်ခါတစ်ရံ တွင် ၎င်းတို့သည် ဤကမ္ဘာပေါ်၌ ကျွန်မတို့ မဖြစ်မနေ ရရှိရမည်ဖြစ်သော ဆက်သွယ်ချက်မျိုးလည်း ဖြစ်လာတတ်ပါသည် ။ ကျွန်မတို့ အာလုံးသည် ထိုင်နေပြီး ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းကြီးများကို ရေးဆွဲနေမည့်အစား တစ်ဦးချင်းစီသော လူသားများထံ သွားရောက် ကူညီခြင်း၊ နောက်တွင် နောက်တစ်ဦး ၊ နောက်တစ်ဦး စသည်ဖြင့် ကူညီပေးနိုင်မည့် ရဲရင့်သော ခြေလှမ်းများကိုချကာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မည် ဟုမျှော်လင့်ပါသည် ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကျွန်မတို့ တစ်ဦးချင်းစီသည် စစ်မှန်သော လဲလှယ်မှုများကို လုပ်ဆောင်နိုင်လာမည်။ ၎င်းတို့တွင် သတင်းအချက်အလက်များ ၊ ရင်းမြစ်များသာမက စေတနာကောင်းများနှင့် ဘုံမျှော်လင့်ချက်များ ပါဝင်လာနိုင်သည် ။ အသက် (၃၀) အရွယ် ဆိုသည်မှာ ထိုရည်မှန်းချက်ကို လုပ်ဆောင်ရန် အကောင်းဆုံးအချိန် ဖြစ်သည် ။ ၎င်းသည် ကျွန်မတို့၏ အကောင်းဆုံး ဆက်သွယ်ချက်လည်း ဖြစ်သည် ။ ၎င်းသည် ကျွန်မတို့ အားလုံး လုပ်နိုင်သော အရာလည်းဖြစ်သည် ။ ၎င်းသည် ကျွန်မတို့ကို ပြောင်းလဲပစ်မည် ။ ကျွန်မတို့ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ပါသည် ။

Sort:  

Congratulations @myanmarbook! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published your First Post

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!