စကားလား ဓါးလား

in #myanmar6 years ago

ကျွန်မတို့ မြန်မာမှုမှာလေ နှုတ်၏ယဉ်ကျေးခြင်း ၊ အမူအရာ၏ယဉ်ကျေးခြင်း ဆိုတာကို လောက နီတိတွေထဲမှာလည်း ထည့်သွင်းထားသလို ပုံပြင်တွေ ဇာတ်နိပါဒ်တော်တွေမှာလည်းပဲ အသေအချာရေးသားထားကြ ပြောပြ ဆုံးမကြတဲ့လူ့အဖွဲ့အစည်းဖြစ်ပေမယ့် တစ်ရက်ထက် တစ်ရက် လူတွေဟာ စည်းလွတ် ဘောင်လွတ် စကားတွေပြောလာကြတယ်။ စည်းလွတ် ဝါးလွတ်ရမ်းကားလာကြတယ်ရှင်။ အထူးသဖြင့် ဒေါသကို မထိမ်းနိုင်ကြသလို ထစ်ခနဲရှိ ဆဲမယ် ၊ ထစ်ခနဲရှိ နစ်နစ်နာနာပြောဆိုလိုက်မယ် ဆိုတာချည်းပဲ မြင်ရကြားရဖန်များတော့ စိတ်ထဲမကောင်းလှ။

ကျွန်မတို့ ဗုဒ္ဓဘုရားရှင်ကတောင် စကားကို ဘယ်လိုပြောရမယ်ဆိုတာ အရေးတယူ ထည့်သွင်း ဟောကြားခဲ့ရတာကြောင့် လူအချင်းချင်း ပြောဆိုဆက်ဆံရာမှာ စကားပြောခြင်းရဲ့ အခန်းကဏ္ဍက အရေးပါလှပါတယ်။ ၂ ဦး နှစ်ဘက် အကျိုးရှိပြီး မှန်ကန်သောစကားကို ချိုချိုသာသာ ပြောဆိုတတ်ကြမယ်ဆိုရင် လောကကြီးမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ တစ်ဝက်လောက်ငြိမ်းသွားမယ် ထင်ပါတယ်။ အချို့လူတွေရှိတယ် ငါက အပေါက်သာဆိုးတာ စိတ်ရင်းကောင်းပြီးသားတဲ့။ ဒါဆိုကျွန်မ နားမလည်နိုင်တာတစ်ခုက ကိုယ့်ရဲ့စိတ်ကိုတောင် ကောင်းအောင်ထားနိုင်နေတဲ့ လူတစ်ယောက်က ဘာကြောင့် စကားကို ချို ချိုသာသာ မဟုတ်တောင် နားဝင်လွယ်အောင် မပြောတတ်ရတာလဲနော်။
နောက်ပြီး ကျွန်မတို့ရဲ့ နားဟာ သိပ်ကို အံ့သြစရာကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူစိမ်းတရံစံတွေအတွက် နားသည် နားအလုပ်တစ်ခုတည်းသာ လုပ်ဆောင်တာဖြစ်ပေမယ့် ချစ်ခင်ရသူတွေနဲ့ ပြောဆိုဆက်ဆံရာမှာတော့ နားသည် နှလုံးသားတံခါးပေါက်အဖြစ်ပါ ပူးတွဲလုပ်ဆောင်ပေးပါတယ်။ ကျွန်မတို့လူသားတွေဟာ ချစ်ခင်ရသူတွေရဲ့ စကားလုံးတွေတိုင်း စကားလုံးတိုင်းကို နှလုံးသားနဲ့ နားထောင်တတ်ကြတာမို့ နာကျင်ရင်လည်း နှလုံးသားကိုပဲ တိုက်ရိုက်ထိအောင် နာကြဉ်တတ်ကြတယ်မဟုတ်လား။ ကိုယ်နဲ့သိပ်ပီး မရင်းနှီးတဲ့ သို့တည်းမဟုတ် သူစိမ်းတစ်ယောက်ရဲ့ ဆဲဆိုစကားကို ဘယ်လိုမှမခံစားရပေမယ့် ကိုယ်ချစ်တဲ့သူတစ်ဦးဦးဆီက ရင့်သီးတဲ့စကားပဲဖြစ်ဖြစ် အလေးမထားတဲ့စကားပဲဖြစ်ဖြစ် ပြောခံလိုက်ရင် နာကြဉ်လို့ကိုမဆုံးတော့တာ့တာ သဘာဝပါပဲ။ ဒါကြောင့် ကိုယ်နေ့စဉ် တွေ့ဆုံ ဆက်ဆံပြောဆိုနေရတဲ့ ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့စကားများ၊ စေတနာကို သို့မဟုတ် တစ်ဖက်လူရဲ့ အားထုတ်မှုလေးကို အသိအမှတ်ပြုတဲ့စကားများနဲ့ နားဝင်လွယ်အောင် ပြောကြဆိုကြမယ်ဆိုရင် သိပ်ကိုလှပသာယာတဲ့ ပတ်ဝန်းကျင်ဖြစ်လာမှာပဲဝ ထို့နည်းတူစွာ စိတ်ခံစားမှုသည် ပျံ့နှံ့တတ်တဲ့သဘောရှိတာကြောင့် ကိုယ့်ရဲ့စကားလေးတစ်ခွန်းကြောင့် တစ်ဖက်လူဟာ စိတ်ကလေး ပျော်ရွှင်သွားရမယ်ဆိုရင် သူနဲ့ ပတ်သတ်တဲ့ ပတ်ဝန်းကျင်ဟာလည်း ဒီကြည်နူးမှု အရှိန်အဟုန်လေးဟာ ကူးစက်သွားမှာအမှန်ပါပဲ။

image
crd-img-src

ဒါဆို ဒီလောက်အကျိုးများတဲ့ စကားပြောနည်းကို ကိုယ်ကိုယ်တိုင်အပါအဝင် လူတွေဘာကြောင့် အချိန်တိုင်းမကျင့်သုံးနိုင်ရတာလဲလို့ စဉ်းစားမိတယ်။ အဖြေကတော့ မာန ကြောင့်လို့ကျွန်မထင်တယ်ရှင့်။ ကျွန်မတို့တွေရဲ့ တလွဲမာနတွေဟာ ကိုယ်ချိုချိုသာသာပြောလိုက်ရင် အောက်ကျို့လိုက်ရလေခြင်း ရှုံးလိုက်လေခြင်းဆိုပီး စိတ်ထဲမှာ အတွေးမှားတွေတွေးမိတတ်ကြပါတယ်။ တခါတလေဆိုရင် စိတ်ထဲကမပါဘဲလည်း ဘုဘောက်တွေ ပြောမိတတ်ကြတယ်မဟုတ်လား။ ဒါဟာ ပြောလိုက်တဲ့လူက စိတ်ထဲကမပါပေမယ့် နားထောင်လိုက်ရတဲ့သူဘက်မှာ တနင့်ကြီးဖြစ်ဖြစ်သွားတတ်တာမျိုးပေါ့ ကြုံဖူးကြမှာပါပဲ။ ဒီအကျင့် ဒီဝသီတွေကို သတိလေးထားပြီး ဖျောက်ဖို့လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်။ စကားလုံးတွေဟာ တခါတရံ လူသတ်နိုင်တယ်မဟုတ်လား။ ဟိုတလောက သတင်းတစ်ပုဒ်မှာ တရုတ်ပြည်က ကိုးတန်းကျောင်းသားလေး တံတားပေါ်ကနေ ခုန်ချပီး မိမိကိုယ်ကို သတ်သေသွားတဲ့ အကြောင်းလေးပါလာတယ်။ ဘာကြောင့်သတ်သေသွားရလဲဆိုတော့ သူဟာ အဲ့ဒီအပတ်က စာမေးပွဲမှာ ရလာဒ်တွေက မျှော်မှန်းထားတာထက် လျော့နေခဲ့တယ်။ သူမျှော်မှန်းတယ်ဆိုတာထက် သူ့မိခင်က တစ်ခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက်လာတဲ့ သားရဲ့ report card ကိုကြည့်ပြီး ခလေးကို နစ်နစ်နာနာတွေပြောပီးဆူလိုက်ပါသတဲ့။ "သုံးစားလို့မရတော့ကောင် အဲ့လောက်တောင် နှံနေ ဖျင်းနေရင် ငါ့အိမ်မှာမနေနဲ့ နင်ဟာ ငါ့သားမဟုတ်တော့ဘူး ထွက်သွားးး" အမလေးလေး ဘယ်လိုတွေတောင်ရက်စက်တဲ့ စကားတွေလဲနော်။ အဲ့ဒီ့လို စကားတွေရဲ့ ဒဏ်ကို အသိဥာဏ်နုနယ်သေးတဲ့ အဆိုပါ ကိုးတန်းကျောင်းလေးဟာ ခံနိုင်ရည်မရှိခဲ့ရှာပါဘူး။ ဒါဟာ စကားက ဓါးထက် အသွားထက်တယ်ဆိုတာကို သတ်သေပြလိုက်တာပါပဲ။
ကျွန်မက ဒီလိုပြောလို့ နှုတ်ပဲချိုပြီး စိတ်ထားမကောင်းတဲ့သူတွေကို အားပေးတယ်လို့ မယူဆစေလိုပါဘူး။ နှုတ်ချို သျှိုတစ်ပါး ဆိုပေမယ့်လည်း စေတနာလေးပါ မှန်မှ အကျိုးပေးလည်း သန်မှာမဟုတ်လားနော်။ ပြီးတော့လေ ဒီခေတ်ကြီးမှာ စီးပွားရေးလောကမှာပဲဖြစ် ဖြစ် လူမှုရေးလောကမှာပဲဖြစ်ဖြစ် ယုတ်စွအဆုံး နိုင်ငံရေးလောကမှာတောင် စကားပြောခြင်းအတတ်ပညာဟာ အရမ်းအရေးပါပါတယ်။ စကားပြောကောင်းတဲ့သူဟာ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် သူများထက်တစ်ပမ်းသာတာပါပဲ။ အဲ့ဒီ့ထဲကမှ စိတ်ရင်းစေတနာလေးပါကောင်းရင် အတိုင်းထက်အလွန်ပေါ့။ ဟိုတလောက ဈေးချိုထဲသွားတာ အံ့သြစရာတစ်ခု သင်ယူခဲ့ရတယ်။ အချို့ဆိုင်ရှင်တွေဟာ ကိုယ့်ဆီမှာမရှိတဲ့ပစ္စည်းကို လာမေးရင် မျက်နှာပုပ်ကြီးနဲ့ လာမေးသူကိုပဲ ဂြိုလ်သားလိုလိုကြည့်ပီး ဘုတောလွှတ်ရင်လွှတ် ။အဲ့လိုမှမဟုတ်ရင် မရှိဘူး မသိဘူးဟု ခပ်မာမာ ခပ်ပြတ်ပြတ်ပြောလေ့ရှိကြတယ်ရှင့်။ လိုက်မေးမိတဲ့ ကျွန်မမှာ အားတွေကိုငယ်လို့ပါပဲ။
image
crd-img-src

အဲ့လိုစိတ်ဓါတ်ကျကျနဲ့ ဆိုင်တော်တော်များများရဲ့ အငြင်းခံလိုက်ရပြီးတော့ လူမျိုးခြားဆိုင်တစ်ဆိုင်အရောက်မှာတော့ မျှော်လင့်ချက်သိပ်မရှိလှစွာမေးမိလိုက်ပါတယ်။ အဲ့ဒီမှာပဲ အဆိုပါ မွတ်စလင် အမျိုးသားကြီးက ဖော်ရွေလှစွာပဲ ငါ့နှမ ဘယ်အတွက်သုံးမှာလဲ ။ပမာဏဘယ်လောက်လိုချင်တာလဲ။ သူ့ဆီမှာတော့ ဒါတွေဒါတွေရှိတယ် ဒီဈေးနဲ့ပေးနိုင်မယ်။ အဆင်မပြေသေးဘူးဆိုရင် ဘယ်လိုနေရာတွေမှာ ရတတ်တယ်။ ဘယ်ကိုသွားကြည့်ပါ။ စတဲ့ တိကျစုံလင်တဲ့ အဖြေကိုရခဲ့ပါတယ်။ ပထမ ကျွန်မမေးခဲ့တဲ့ဆိုင်တွေဟာလည်း ဒီ မွတ်စလင်ဆိုင်မှာတင်ရောင်းသလိုပစ္စည်းတွေပဲ အမျိုးစားတူ လုပ်ငန်းတူပါပဲ။ ကျွန်မလိုချင်တဲ့ ပစ္စည်းကတော့ ဆိုင်ပေါ်တင်မထားကြတာခြင်းလည်း အတူတူပါပဲ။ သို့သော်မတူညီတာက ဆက်ဆံရေးပါ။ customer ပေါ်ထားတဲ့အမြင်ပါ။ ဒီလို လူက ဒါတွေဝယ်မယ့်သူမ ဟုတ်လောက်ဘူးလို့ပဲ ယူဆသလားပေါ့နော်။ စကားမစပ် အဲ့ဒီ့နေ့က ကျွန်မက ဈေးဝယ်ဖို့သွားတာဆိုတော့ ပေါ့ပေါ့ပါးပါး အဝတ်အစား ပဲ ဝတ်သွားဖြစ်ခဲ့တာတော့ရှိပါတယ်။ ကိုယ့်ဆိုင်ကို ဈေးလာဝယ်မယ့်သူကို ခြေဆုံးခေါင်းဆုံးကြည့်တတ်တာလည်း သူတို့ရဲ့ ယဉ်ကျေးမှုလားတော့မသိပါဘူး။ သေချာတာကတော့ လုပ်ငန်းခြင်းအတူတူကို မွတ်စလင်ဦးလေးကြီးဆိုင်က ပိုအလုပ်ဖြစ်တာမြင်ခဲ့ရပါတယ်။ ကိုးကွယ်ရာဘာသာနဲ့တော့မဆိုင်ဘူးဆိုပေမယ့် ကျွန်မတို့ရဲ့ ဗုဒ္ဓဘာသာ နှုတ်က ညာတာ တွေနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ ဘာသာခြားတွေနဲ့တော့ ကွာတာအမှန်ပါပဲ။အချို့သော ကျွန်မတို့ မြန်မာလူမျိုးတွေဟာ အပြုံးဒါနတောင်မလုပ်နိုင်ကြမှတော့ ဘယ်အလုပ်ဖြစ်ဖြစ်နောက်ကောက်ကျနေဦးမှာပါပဲ။ သင်ခန်းစာတွေလည်းရလိုက်ပါတယ်။ အဲ့ဒီ့နေ့ကိုတော့ ကိုယ့်ရဲ့စီးပွားရေးလုပ်တဲ့အခါမှာဆောင်ရွက်ရမည့် အပြုအမူအပြောအဆိုတွေနဲ့ ရှောင်ကြဉ်ရမယ့်အပြုအမှုတွေကို သင်ပေးလိုက်တယ်လို့မှတ်ယူပါတယ်။
ပြောချင်တဲ့အနှစ်ချုပ်ကတော့ ရင်းနှီးသူတွေနဲ့ ပြောဆိုဆက်ဆံရာမှာပဲဖြစ်ဖြစ် သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရာမှာပဲဖြစ်ဖြစ် စိတ်ကောင်းစေတနာကောင်းလေးနဲ့ နားဝင်ချိုအောင်ပြောဆိုကြဖို့ တိုက်တွန်းလိုပါတယ်။ ကမ္ဘာကြီးက ကျဉ်းလွန်းတာရော သံသရာဆိုတာလည်ပတ်နေတဲ့သဘောမို့ တစ်ကွေ့မတွေ့ တစ်ကွေ့တွေ့ကြရမှာမို့ နောင်တမရှိတဲ့ ပြေပြစ်တဲ့ လူမှုဆက်ဆံရေးနယ်ပယ်တွေ ကိုင်တိုင်တည်ဆောက်ကြပါစို့လို့ ။ ။
ဆန္ဒမွန်ဖြင့်
ဆုထက်အောင်
MSC-264
27/8/2018

Sort:  

မုန်း​အောင်​​ပြောတာလဲ ဒီပါးစပ်
ချစ်​​အောင်​​ပြောတာလဲ ဒီပါးစပ်​မို့ အ​ပြောအဆိုအ​တော်​ဂရုစိုက်​ရပါတယ်

ဟုတ်တယ် လူဆိုတာလည်းလေ သူများအပစ်ဆို ပိုမြင်တတ်တာမို့ ကိုယ်ကြုံလာရတိုင်း ငါလည်းသူများတွေနဲ့ ပြောဆိုဆက်ဆံရင် အဲ့လို မဖြစ်အောင်နေမှလို့ ကိုယ့်ကိုကိုယ် သတိပေးမိတယ်...။

ဟုတ်​ပါတယ်​...ဒီလိုအ​တွေ့အကြုံ​တွေလည်းကြုံဖူးပါတယ်​....စကားကို​ပြေပြစ်​ပြီးသူတပါးနားဝင်​ချို​အောင်​​ပြောနိုင်​ရင်​ဘယ်​​လောက်​​ကောင်းမလဲ....

အင်းလေးနော့ ...။သိရက်နဲ့ လိုက်မလုပ်နိုင်ကြတာလားမသိဘူးနော်...။

ဆယ်တန်းအောင်ဖို့ မလိုဘူး အလိုက်သိဖို့ပဲ လိုတယ်တဲ့။ ဘာတဲ့ ပြောတတ်ရင် လိန်ပျံတောင် အလကား စီးလို့ ရတယ် ဆိုပဲ။

ဟုတ်တယ်လို့ ဒီကိစ္စက အရေးမပါဘူး သးသေးလေးပါလို့ယူဆလိုက်ရင် အကြီးကြီးမှားဖို့ ၉၉ ရာခိုင်နှုန်းသေချာသွားပီပဲ။

ခေါင်းစဉ်လေးကိုကြည့်တာနဲ့တင်အရမ်းဖတ်ချင်မိပါတယ်

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။

ဟုပါ့ မျက်နှာထားကြီးနဲ့ ရောင်းတဲ့ဆိုင်တွေ တွေ့ဖူးတယ် မမတော့ ၂ခါမဝယ်ဘူး အ ပြုံးတေနဲ့ ရောင်းရင် ငရဲကြီးမာ စိုးတယ်တူတေ ညီမ😁

အဲ့လ်ုပါဆို မျက်နှာထားကြီးနဲ့အပြင်ကို လူကို ခြေဆုံးခေါင်းဆုံးပေါ်တင်ကြီးကြည့်ပြီး မဲ့ကာရွဲ့ကာပြောတာမျိုးဆို အရမ်းတွေအသည်းယားတာ။ ဘာလို့အဲ့လောကရိုင်းစိုင်းနေရတယ်မသိပါဘူး မမရယ်။

ချိုသာစွာပြောတက်ခြင်းဟာ ကိစ္စတော်တော်များများကို အောင်မြင်စေပါတယ် စေတနာလေးနဲ့ ချိုချိုသာသာပြောတက်သူကတော့ လူချစ်လူခင်များပါတယ်

ဟုတ်ပါ့ တစ်ဖက်လူကို စိတ်ချမ်းသာသွားစေတာဟာ နည်းတဲ့ကုသိုလ်လားနော်...။

စကားစကား ပြောပါများ စကားထဲက ဇာတိပြ

တကယ်မှန်တဲ့ စကားပုံနော်...

စကားကနေ စလာတဲ့ စစ်ပွဲတွေ ယနေ့ထက်တိုင် ရှိဆဲပါပဲ နောင်လည်း ရှိနေအုံးမည်

ဟုတ်တယ် ဘဒိုရေ အမှန်ပဲ။

အပြုံးဒါနပြုပါရစေ

အထိရောက်ဆုံး ဒါန ပါလို့ 🙂🙂

This post has received a 4.29 % upvote from @boomerang.

Thank you !

ဟုတ်ပြီလေ နောက်စကားကောင်းကောင်းပြောဖို့သင်ယူပါ့မယ်

ဟယ် အစ်ကိုကတော့ နောက်ပြီ..။ သင်ယူပါ့မယ်ဆိုတဲ့စကားတော့ မခံယူဝံ့ပါဘူးလို့ ။

အမှန်တွေပါဘဲဗျာ နှုတ်ချိုသျှိုတစ်ပါးပါ

ပျားသကာလောက်မချိုရင်နေပါစေ နားထဲထော်လော်ကန့်လန့်မ၀င်ရင်ကို ဟုတ်နေဘီရယ် နော်...

နှုတ်ချိုလျှိုမှတစ်ပါးဆိုသလိုပေါ့
စကားဆိုတာ စ ကတည်းက ကား
တာဖြစ်လို့ ချင့်ချိန်ပြောဆိုရမှာပေါ့

ဟုတ်တယ် စကားပြောခြင်း အနုပညာလေးလည်း တတ်ထားမှနော့..

စကားနည်းရန်​စဲ😁😁😁

စကားနည်း ရန်စဲ ဆိုပေမယ့်လည်း တခါတလေ ရန်တွေကို အောင်းထားသလိုဖြစ်တတ်တာလေးလည်း သတိထားရမယ်..

You got a 4.52% upvote from @emperorofnaps courtesy of @suhtetaung!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!