Star Story (part-1)

in #myanmar6 years ago (edited)

ဟိုး...အရင်တုန်းကပေါ့...။
ဒီကမ္ဘာလောကကြီးမှာ...နေ့အခါဆိုရင်...နေမင်းကြီးရယ် ညအခါမှာ...အခုလိုကောင်းကင်မှာ ကြယ်တွေဆိုတာမရှိဘဲ...လမင်းအဖိုနဲ့ လမင်းအမ...နှစ်စင်းသာ...ညစဉ်ညတိုင်း...ထိန်ထိန်သာလို့ တောက်ပထွန်းလင်းနေခဲ့တာပေါ့...။
ကမ္ဘာလောကမှာတော့...သူတော်စင်တစ်ပါးဟာ...ညစဉ် ညတိုင်း...နေဝင်ချိန်ကစပြီး...နံနက်မိုးသောက်တဲ့အထိ...မေတ္တာပို့သတဲ့ကျင့်စဉ်ကိုကျင့်ကြံနေထိုင်သတဲ့...။လမင်းဖို လမင်းမ နဲ့ သူတော်စင်ဟာ...ညဦးယံတိုင်းတွေ့နေကြရလို့...အပေါင်းအသင်းတွေ...ဖြစ်သွားကြတာပေါ့...။ သူတို့သုံးဦးကလည်း...တစ်ဦးနဲ့တစ်ဦး...အလွန်ကို ခင်မင်ရီးနှီးကြတာပေါ့...။
အထူးသဖြင့် ...လမင်းဖိုနဲ့လမင်းမဟာ...မိုးကောင်းကင်မှာ အတူယှဉ်တွဲလို့သာနေရတဲ့အတွက် ...တစ်ဦးကိုတစ်ဦး...အလွန်ကိုပဲချစ်ခင်ကြသတဲ့...။အေးချမ်းလှတဲ့ ...ညဦးယံတွေမှာ သူတို့ (၃)ဦးဟာ ...စကားစမြည်ပြောကြ...ကိုယ့်အလုပ်ကိုယ်လုပ်ကြနဲ့...နှစ်ပေါင်းများစွာ...ငြိမ်းငြိမ်းချမ်းချမ်း...ပျော်ပျော်ရွှင်ရွှင်...နေခဲ့ကြတာပေါ့...။
ဒီလိုနဲ့...တစ်ခုသော ညဦးယံမှာ...လမင်းဖိုဟာ...သူတော်စင်ဆီကို...တစ်ယောက်တည်းရောက်လာတာပေါ့...။ လမင်းမ မပါဘဲ တစ်ယောက်တည်းရောက်လာတဲ့ လမင်းဖိုကို ...သူတော်စင်ဟာ ထူးဆန်းလှတာနဲ့...မေးလိုက်တယ် ' အဆွေ...လမင်းဖို ညီမတော်လေး...လမင်းမကိုမတွေ့ပါလား...နေများမကောင်းလို့လား၊ ရပ်ဝေးကိုခရီးသွားနေတာလား...' လို့ လှမ်းမေးလိုက်တော့...
လမင်းဖိုဟာ...ဝမ်းနည်းကြေကွဲတဲ့မျက်နှာနဲ့...
' သူတော်စင်...
ချစ်ခင်မြတ်နိုးခြင်းဟာ...ဘယ်ကစလာလဲမသိပေမဲ့
ဝေးလွင့်ရခြင်း...အရသာဟာ...ခါးသီးလှပါတယ်...
အရာရာတိုင်းဟာ...ငြိမ်းချမ်းကောင်းမွန်နေပါလျက်နဲ့...
ဘာကြောင့်များ...ဒီထက်ကောင်းတာကို...
လိုချင်ကြတာလဲ...မသိပါဘူး...' လို့ပြောရင်း ...ရှိုက်ကြီးတငင် ငိုနေတော့တယ်တဲ့...။
ဒီတော့ သူတော်စင်က...' ဘယ်လိုဖြစ်ရတာလဲ...လမင်းဖိုရယ် ...ဘာတွေကများ လမင်းဖိုကို ငိုကြွေးနေစေရတာလဲ...လို့မေးတော့...။
လမင်းဖိုက...ထပ်ပြီး
' သူတော်စင်...
ကျွန်ုပ်ကိုမှ...ဘာလို့များ...သဘာဝတရားကြီးက
ကိုယ်ပိုင်ထွန်းလင်းနိုင်တဲ့ အလင်းရောင်...
မပေးခဲ့တာလဲ...မသိပါဘူး...
လောကနိယာမအောက်မှာ...ကျွန်ုပ်တစ်ယောက်တည်းကိုမှ
သူတစ်ပါးရဲ့ရောင်ခြည်နဲ့ ...ထွန်းလင်းတောက်ပနိုင်စွမ်းရှိတဲ့...
အရာတစ်ခုအဖြစ်...ဘာလို့ဖန်တီးခဲ့ရလဲ...မသိပါဘူး...။
သူတော်စင်...
တကယ်လို့များ...သင့်မှာတန်ခိုးသိဒ္ဓိရှိရင်လေ...
ကျွန်ုပ်ကိုသနားသောအားဖြင့်...
ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိအောင်...ဖန်တီးပေးပါလား...' လို့ ငိုကြွေးရင်း ပြောနေပြန်သတဲ့ ...။

(Star Story part-2) ကို ဆက်လက်ပြီး ဖတ်ရှုပေးကြပါအုံးလို့ တောင်းဆိုချင်ပါတယ်နော်...
ကျေးဇူးတင်ပြီးလေးစားပါတယ်။
RSM-16 image

Sort:  

ဖတ်လို့ကောင်းတယ် sis

ဟုတ်​​ကျေး​ကျေး

အပိုင်း ၂ မျှော်နေပါတယ်..