ပညာရဲရင့်ပွဲလယ်တင့်

in #shwegyi6 years ago

images.png

Image Source: https://quoteslifebook.com/browse/wise.html

“ပညာရဲရင့် ပွဲလယ်တင့်” ဟူသော ဆိုရိုးစကားသည် အင်းဝခေတ် စာဆို ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့တွင် စာဆိုက “ပထမအရွယ်၊ ငယ်သော်ကတည့်၊ သိပ္ပခေါင်းအား၊ တတ်မြောက်မြားမူ၊ တောသားရန်အောင်၊ ခြင်္သေ့ယောင်လို့၊ မရှောင်မညှာ တင်းတင်းမာ၍ ပညာရဲရင့် ပွဲလယ်တင့်လိမ့်” ဟု စပ်ဆိုခဲ့ပါသည်။ ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ပါက ပရိသတ်အလယ်တွင် ရဲရင့်ပုံကို တောတွင်းတိရစ္ဆာန်တို့၏ အရှင်သခင် ခြင်္သေ့မင်း၏ ရဲရင့်ပုံနှင့် ခိုင်းနှိုင်းပြထားပါသည်။

“ပညာရဲရင့် ပွဲလယ်တင့်” ဟူသော စကားသည် မြန်မာ့လူ့ဘောင်တွင် ခေတ်အဆက်ဆက် ဆိုစမှတ်ပြုခဲ့သော ဆိုရိုးစကားတစ်ခုပင် ဖြစ်ပါသည်။ ပညာကို ကျွမ်းကျင်စွာ တတ်မြောက် သောသူသည် ပရိသတ်အလယ်တွင် ရဲရဲရင့်ရင့် ပြောဆိုဝံ့၍ တင့်တယ်မည်ဖြစ်ကြောင်း ဆိုလိုရင်းပင် ဖြစ်ပါသည်။

ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ပါက ပရိသတ်အလယ်တွင် ရဲရဲဝံ့ဝံ့ ပြောဆိုရဲခြင်းမှာ ပညာ၏တန်ဖိုး ကြီးမြတ်လွန်းသောကြောင့် ဖြစ်ပါသည်။ ပညာနှင့်တူသော အရာသည် လောကတွင်မရှိပါ။ ထို့ကြောင့် လောကနီတိတွင် “ သိပ္ပံသမံ ဓနံနတ္တိ၊ သိပ္ပံစောရာ နဂဏှန္တိ၊ ဣဓလောကေ သိပ္ပံမိတ္တံ၊ ပရလောကေ သုခါဝဟံ” ဟု ဖွင့်ဆိုခဲ့ပါသည်။ ပညာနှင့်တူသော ဥစ္စာမရှိပါ။ ပညာကို ခိုးသူတို့ လုမယူနိုင်ပါ။ ဤလောကတွင် ပညာသည် မိတ်ဆွေကောင်းပင် ဖြစ်ပါသည်။ နောင်သံသရာတွင်လည်း ကောင်းကျိုးချမ်းသာကို ပေးစွမ်းနိုင်သည်မှာ ပညာပင်ဖြစ်ပါသည်။

ပညာရှိသူသည် လောကအလယ်တွင် တင့်တယ်နေမည်သာ ဖြစ်ပါသည်။ မြတ်စွာ ဘုရားသခင်သည် အလုံးစုံကို နှံ့စပ်သိမြင်သော ဉာဏ်ပညာရရန်အတွက် လေးသင်္ချောနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရပါသည်။ ပစ္စုပ္ပန်ဘ၀တွင် ဘုရားဖြစ်ရန် ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာ ကျင့်ကြံခဲ့ရပါသည်။ သဗ္ဗညုတ ဉာဏ်ပညာရရန်မှာ လွယ်ကူသောအရာ မဟုတ်ပါ။ ဘဝ အဆက်ဆက် ဖြည့်ဆည်းခဲ့သော ပါရမီအဟုန်ကြောင့် ပညာကြီးမားလှသည့် မြတ်စွာဘုရားအား လူနတ်ဗြဟ္မာအပေါင်းက ကြည်လင်ညွတ်တွား ခယပူဇော်ကြရပေသည်။ ပညာရဲရင့် ပွဲလယ် တင့်ခြင်း၏ အထင်ရှားဆုံး ပြယုဂ်ပင် ဖြစ်ပါသည်။

ပညာရဲရင့် ပွဲလယ်တင့်ရသည့် အခြားထင်ရှားသော သာဓကမှာ ဘုရားလောင်းမဟောသဓပင် ဖြစ်ပါသည်။ ငယ်ရွယ်စဉ်ကပင် ပြဿနာအမျိုးမျိုးကို ပညာဖြင့် ဖြေရှင်းပေးနိုင်ခဲ့သဖြင့် ဝိဒေ ဟရာဇ်မင်းကြီးကပင် နန်းတတ်ပေးသည်။ ဝိဒေဟရာဇ် မင်းကြီး၏ အကြံအစည်မှန်သမျှကို ဖြည့်စွမ်းပေးနိုင်သည်မှာလည်း မဟောသဓ၏ ပညာဉာဏ်ကြီးမှုကြောင့်ပင် ဖြစ်ပါသည်။ ဝိဒေ ဟရာဇ်မင်းကြီး နတ်ရွာစံသောအခါတွင် စူဠဏိ ဗြဟ္မဒတ်မင်းက မိမိတိုင်းပြည်တစ်ခုလုံးကို မဟောသဓ၏ အလိုအတိုင်း ဖြစ်စေခဲ့ပါသည်။ လောကတွင် ပညာရှိသူကို ရန်သူကပင် ချီးမြှင့် မြှောက်စားရသည် အထိ ပွဲလယ်တင့်သည်မှာ အံ့မခန်းဖွယ်ပင် ဖြစ်ပါသည်။

ဘုရားလောင်း ဝိဓူရသုခမိန်သည်လည်း ပညာရဲရင့် ပွဲလယ်တင့်သူတို့တွင် ထင်ရှားသူပင် ဖြစ်ပါသည်။ ကောရဗျမင်းနှင့်တကွ နဂါး၊ ဂဠုန်နှင့် သိကြားမင်းတို့ မဖြေရှင်းနိုင်သော ပြဿနာကို ဖြေရှင်းပေးနိုင်သဖြင့် မင်းလေးပါးတို့၏ ကြည်ညိုချီးမြှောက်ခြင်းကို ခံခဲ့ရပါသည်။ ကောရဗျမင်းကြီးက ဝိဓူရသုခမိန်သည် မိမိ၏ကိုယ်ပင် ဖြစ်သည်။ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟုပင် ဆိုခဲ့ပါသည်။ ဝိဓူရသုခမိန်သည် နဂါးပြည်အထိပင် တရားရေအေးကို တိုက်ကျွေးနိုင်သူ ဖြစ်ပါသည်။ သို့ဖြစ်၍ ပညာရဲရင့်သူသည် လူ့ပြည်၊ လူ့ဘုံတွင်သာ ပွဲလယ်တင့်သည်မဟုတ် နဂါးပြည်အထိပင် ပွဲလယ် တင့်ကြောင်း သိမြင်နိုင်ပါသည်။

မြန်မာရာဇ၀င်တွင် ပညာရှိအဖြစ် ထင်ရှားသော ဝန်ဇင်းမင်းရာဇာသည် မူလက ဆင်းရဲ သားလယ်သမား ငညိုသာဖြစ်ပါသည်။ သို့သော် စာပေ ဗဟုသုတများကို အချိန်ရသမျှ လေ့လာ ခဲ့ပါသည်။ အခြားသူများ မဖြေရှင်းနိုင်သော ပြဿနာကို ဖြေရှင်းပေးနိုင်သည်မှ အစပြုပြီး ဘုရင်၏ မြှောက်စားခြင်းကိုခံရကာ “ဝန်ဇင်းမင်းရာဇာ” ဟူသော ဘွဲ့ဖြင့် ထင်ရှားသော ပညာရှိ အမတ်ကြီး ဖြစ်လာရပေသည်။

အမေရိကန်နိုင်ငံ၏ သမ္မတဖြစ်ခဲ့သော လင်ကွန်းသည် မူလက ဆင်းရဲသား မိသားစုမှ ဆင်းသက်လာသူသာ ဖြစ်ပါသည်။ ထင်းမီးဖို၏ အလင်းရောင်ဖြင့် စာပေ ဗဟုသုတများကို လေ့လာ ဆည်းပူးခဲ့သည်။ ထိုသို့ ပညာကိုကြိုးစားသဖြင့် ဆင်းဆင်းရဲရဲဘဝမှ အမေရိကန်နိုင်ငံ၏ သမတပင် ဖြစ်လာခဲ့ပါသည်။

ယနေ့ခေတ်တွင်လည်း ပညာဉာဏ်ကြီးသဖြင့် ချီးမြှောက်ခြင်း ခံရသူများစွာ ရှိပါသည်။ ပညာရှိသူကို လူတိုင်းက ရိုသေကြသည်။ ပညာရှိသူသည် ဥစ္စာစည်းစိမ်ကြွဝသူထက် တင့်တယ် ပါသည်။ ထို့ကြောင့် အတတ်ပညာကို ဦးစွာ သင်ယူအပ်ပါသည်။ စီးပွားဥစ္စာကို နောက်မှသာ ရှာဖွေသင့်ပါသည်။ သို့ဖြစ်၍ “ပညာကိုရှေ့၊ ဥစ္စာကိုနောက်” ဟု ရှေးမြန်မာတို့ အစဉ်အဆက် ဆိုရိုးစကားအဖြစ် ဆိုစမှတ် ပြုကြခြင်း ဖြစ်ပါသည်။

ပညာရှိသူသည် ပရိတ်သတ်အလယ်တွင် ပွဲလယ်တင့်တယ်သော်လည်း ပညာမဲ့သူသည် လောက အလယ်တွင် မတင့်မတယ် ရှက်ကြောက်ဖွယ်ပင် ဖြစ်နေကြရပါသည်။ ရှေးအခါက ကုဋေရှစ်ဆယ် သူဌေးသားသည် မိဘတို့ ချမ်းသာ၍ ငွေဂုဏ်မောက်ကာ ပညာ မသင်ယူခဲ့ပေ။ မိဘတို့ ကွယ်လွန်သောအခါ ပညာမဲ့သဖြင့် ဥစ္စာစည်းစိမ်တို့ကို မထိန်းသိမ်းနိုင်ဘဲ ခွက်လက်ဆွဲ၍ တောင်းရမ်းစားသောက်ကာ အသေဆိုးဖြင့် သေခဲ့ရပေသည်။

ပညာမရှိလျှင် သူတစ်ပါးအခိုင်းခံရမည်ဖြစ်ကြောင်းကို “ပညာမရှိ သူ၏ ဝန်ထမ်း” ဟု ဆိုရိုး စကားဖြင့် သတိပေးထားပါသည်။ ပညာမဲ့သူသည် လောကအလယ်တွင် မည်သို့မျှ မတင့်တယ်နိုင်ပါ။ ပညာမဲ့ခြင်းကြောင့် မတင့်တယ်နိုင်ပုံကို အင်းဝခေတ် စာဆို ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့တွင် ဆုံးမလမ်းညွန်ထားပါသည်။ ပညာမဲ့လျှင် ပရိသတ်အလယ်၌ စကားဆို စရာကြုံလာပါက ခံတွင်းမဲ့သူကဲ့သို့ နှုတ်ဆိတ်နေရမည်။ ညှိုးငယ်ထိတ်လန့်နေရမည်။ ပြောပြန်လျှင်လည်း ဆင်ကန်း တောတိုးကဲ့သို့သာ ဖြစ်နေမည်ဟု ဆုံးမပါသည်။ ပညာမဲ့သူသည် ဘိုးဘွားမိဘတို့ မစ၍ ချမ်းသာ စေကာမူ ပြသာဒ်ဖျားတွင် နားသည့် ကျီးကဲ့သို့ မတင့်မတယ်ဖြစ်မည်ဟု ဆိုပါသည်။ ရုပ်အဆင်း လှစေကာမူ ပညာရနံ့ မရှိသဖြင့် “အဆင်းလှဆန်း၊ လူ့ပေါက်ပန်း” ဟူ၍ ကဲ့ရဲ့ခြင်း ခံရပေမည်။ ပထမအရွယ်တွင် ပညာမသင်ခဲ့ပါက အသက်အရွယ် ကြီးရင့်သောအခါ “မဟာဒုက္ခ တွင်းဆုံးကျ” မည်ဖြစ်ကြောင်း ဆုံးမထားသည်မှာ သတိပြု ဆင်ခြင်ဖွယ်ပင် ဖြစ်ပါသည်။

ပညာရှိသူသည် ဘဝတွင် တင့်တယ်သော်လည်း ပညာမဲ့သူမှာမူ မတင့်မတယ် ရှက် ကြောက်ဖွယ်ပင် ဖြစ်ပါသည်။ ပညာမဲ့သူ မဖြစ်ရအောင် ငယ်ရွယ်စဉ်မှစတင်၍ ပညာကို သင်ကြားရမည် ဖြစ်ပါသည်။ “ပညာရှာပမာ သူဖုန်းစား” ဟူသော ရှေးလူကြီးတို့၏ စကားကိုနာယူကာ အရှက်အကြောက်၊ အကြွားအဝါ မာန်မာနများကို ပယ်ဖျောက်၍ သင်ယူရမည်ဖြစ်ပါသည်။ ပညာကို လိုလားသူသည် ပညာရှိထံ ဆည်းကပ်ရမည် ဖြစ်ပါသည်။

ကန်တော်မင်းကျောင်း ဆရာတော်၏ လမ်းညွန်ချက်ဖြစ်သော

“ပညာလိုသော်၊ ပညာရှိကိုယှဉ်၊ မေးစဉ်နေ့ညမပြတ်

အဖတ်၊ အအံ၊ အကြံ၊ အရေး၊

ရှေးရှေးပုံကိုဆောင်၊ရှုးကျွန်မူ၍ကပ်

သွပ်ကျွန်ပြု၍ချောင်း”

ဟူ၍ ဆုံးမစကားသည် ပညာကို လိုလားသောသူတိုင်း လိုက်နာ ကျင့်ကြံအပ်သော ဆုံးမ စကားပင် ဖြစ်ပါသည်။

“ပညာရဲရင့် ပွဲလယ်တင့်” ဟူသော ဆိုရိုးစကားအတိုင်း ပညာရှိသူသည် ပရိသတ်အလယ်တွင် တင့်တယ်နေမည်သာ ဖြစ်ပါသည်။ ပညာရှိသူကို မည်သူ တစ်ဦးတစ်ယောက်က မည်မျှပင် ချိုးနှိမ်စေကာမူ နိမ့်ကျသွားမည် မဟုတ်ပါ။ ထို့ကြောင့် “ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း မညစ် ” ဟူသော စကားပုံမှာ ယနေ့တိုင် ထင်ရှားနေရခြင်း ဖြစ်ပါသည်။

သိုဖြစ်၍ လူသားတိုင်းသည် ဟင်္သာတို့၏ အလယ်တွင် ဗျိုင်းနှယ်မတင့်တယ်သည့်အဖြစ်မျိုးနှင့် မကြုံတွေ့ ကြစေရန် ပညာ ပါရမီကို ဖြည့်ဆည်း သင့်လှပေသတည်။

Credit to: u hla tun

@shwegyi

Sort:  

This post has received a 3.13 % upvote from @speedvoter thanks to: @shwegyi.

This post has received a 0.35 % upvote from @drotto thanks to: @shwegyi.

This post has received a 1.97% upvote from thanks to: @shwegyi!!!
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

How Cool!

You got a 27.03% upvote from @coolbot courtesy of @shwegyi!

Help us grow, delegate today!

Congratulations @shwegyi! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!