ေခြး

in #writing5 years ago

အိမ်ခွေးများသည် လူတို့နှင့်အတူ နေထိုင်ယဉ်ပါးနေပြီဟု ဆိုရသော်လည်း မိမိတို့ ဘိုးစဉ်ဘောင်ဆက်မှ မျိုးရိုးဇာတိစရိုက် အချို့ကိုမူ ယနေ့တိုင်အောင် မဖျောက်နိုင်ကြသေးပေ။ ခွေးသည် မွေးစအရွယ်မှစ၍ အမဲလိုက်ရန် ဝါသနာထုံခဲ့သည့်အတိုင်း အငယ်ဆုံးသော ခွေးကလေးမျိုးပင်ဖြစ်စေကာမူ ပြေးလွှားနေ သည့်ကြက်၊ ငှက်၊ ကြွက်၊ ကြောင်မှစ၍ ယုန်၊ သိုး၊ ဆိတ်၊ ဝက်၊ သမင်၊ ဒရယ်၊ ချေ၊ ဆတ် စသည်တို့ကို မြင်ရုံနှင့် အပြေးလိုက်တတ်သည်။ ခွေးသည် အိပ်ခါနီး နှစ်ပတ် သုံးပတ်လှည့်ပြီးမှ အိပ်တတ်သည်။ ဤအကျင့်မှာ ရှေ့တွင်ဖော်ပြခဲ့သော မျိုးရိုးဇာတိစရိုက်ပင် ဖြစ်၏။ မယဉ်ပါးသေးသော အချိန်က ခွေးရိုင်းများသည် လုံခြုံသော ကိုင်းတော မြက်တောများ၌ အိပ်ရန်ကြံသောအခါ အိပ်မည့်နေရာရှိ မြက်နှင့် သစ်ရွက်များကို ပထမ သုံး၊ လေးပတ်မျှ လှည့်၍ နင်းပေးပြီး အိပ်ရာနေရာကို ပြင်လေ့ရှိသည်။ ညဖက်တွင် ခွေးများအူတတ်သည့် အကျင့်မှာလည်း ယင်းတို့၏ မျိုးရိုးဖြစ်သော ဝံပုလွေများသည် အစာရှာထွက်ချိန်၌ ဝံပုလွေအုပ်ကို အူ၍ ခေါ်သော အလေ့မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အိမ်ခွေးများသည် မည်သည့်ရန်သူမျှ မရှိစေကာမူ မိမိတို့၏ အစာဖြစ်သော အရိုးများကို ဝှက်ထားတတ်သည်။ ဤအကျင့်မှာလည်း ရှေးခွေးရိုင်းများသည် မိမိတို့၏အစာကို ရန်သူ မတွေ့နိုင်အောင် ဝှက်ထားတတ်သည့် အလေ့မှ ဆင်းသက်ခဲ့ပေသည်။ ထိုမှတစ်ပါး အနံ့ခံ ကောင်းခြင်း၊ မျက်စိရှင်ခြင်း၊ နားပါးခြင်း၊ ချွန်ထက်သော သွားများရှိခြင်း၊ ပြေးလွှားနိုင်ရန် သန်စွမ်းသော ခြေထောက်များရှိခြင်း၊ ကိုယ်တွင် အမွေးကြမ်းများ ဖုံးလွှမ်းပါရှိခြင်း၊ သေးသွယ်၍ ကြံ့ခိုင်တောင့်တင်း သောကိုယ် ရှိခြင်း စသည်တို့မှာလည်း မုဆိုးများနှင့်အတူ အမဲလိုက်ရာ၌ သင့်တော်အောင် သဘာဝက ဖန်တီးပေးခဲ့သော ရှေးခွေးရိုင်းများမှ ဆက်ခံခဲ့သည့် မျိုးရိုးဇာတိအမွေများပေတည်း။ ခွေးတို့သည် လူသားတို့လက်ဖြင့် ဆင့်ကဲပြောင်းလဲခြင်းခံရသည့် တစ်ခုတည်းသော မျိုးစိပ်ပင် ဖြစ်သည်။ [၃]

အာရှနှင့် အာဖရိကတိုက်ရှိ အမဲလိုက်ခွေးရိုင်းများနှင့် ယဉ်ပါးနေသော အိမ်ခွေးများ၏ ခြားနားချက် တစ်ခုမှာကား များသောအားဖြင့် အိမ်ခွေးများက ဟောင်တတ်၍ ခွေးရိုင်းများက အူရုံသာ အူတတ်ခြင်းပင် ဖြစ်သည်။ အမေရိကတိုက်ရှိ ဝံပုလွေနှင့်တူသောခွေးများသည် တစ်ခါတစ်ရံသာ ဟောင်တတ်သည်။ အက်စကီးမိုး လူမျိုးတို့ မွေးမြူထားသော 'ဟပ်စကီ' ခေါ် ခွေးများကမူ လုံးဝမဟောင်တတ်ချေ။

ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးအားလုံးတွင် ခွေးတစ်မျိုးတည်းသာ ကမ္ဘာအရပ်ရပ်သို့ လူနှင့်အမြဲ လိုက်ပါကာ အမျိုးမျိုးသော ရာသီဥတုကို ခံနိုင်၍ လူအား ကူအညီပေးနိုင်သော တိရစ္ဆာန်ဖြစ်သည်။ အချို့သောခွေးမျိုးသည် ရဲရင့်သည်။ အချို့မှာ သိမ်မွေ့၏။ အချို့ကား လိမ်မာ၏။ အချို့ကား ထိုင်းမှိုင်း၏။ ဆိုးပေ၏။ သို့သော် အားလုံးသော တိရစ္ဆာန်များအနက် ခွေးသည် လူ၏သဘောကို နားအလည်ဆုံး ဖြစ်သည်ဟု ဆိုရပေမည်။Screenshot_20181205-185750.jpg