မထေရ်မြတ်တို့ စကားဝိုင်းမှ ဗုဒ္ဓမြတ်စွာချီးမွမ်းသော ဝိပဿနာ
ဝိပဿနာဘာဝနာသည်ကား   အဂ္ဂသာဝက  မဟာသာဝက
များနှင့်တကွ  ဗုဒ္ဓမြတ်စွာ  ကိုယ်တော်တိုင် သဘောတူ  ချီးမွမ်း
တော်မူခဲ့ကြဖူးသည် ။ ဝိပဿနာဘာဝနာကို  သဘောတူချီမွမ်း
ပုံကို  မူလပဏ္ဏာသ  ပါဠိတော်  မဟာယမကဝဂ်  မဟာဂေါသိင်္ဂ
သုတ်၌လာသည်ကို  အတိုချုပ်အားဖြင့်  ဖေါ်ပြပေအံ့ ။
     အခါတပါး၌  ရှင်သာရိပုတ္တရာအရှင်မြတ်က  အရှင်အာနန္ဒာ
အားမေးတော်မူသည်မှာ  ဤအင်ကြင်းတောကြီးသည်  အပွင့်တို့
ဖြင့်  တစ်တောလုံး  ကြည့်ရှုတင့်တယ်  မွေ့လျော်ဖွယ်ရာ  ဖြစ်
လျက်ရှိ၏ ။ ထိုမျှ  လှပတင့်တယ်  ပင်လုံးကျွတ်ပွင့်ကုန်သော
အင်ငြ်းတောကြီးကို  ပို၍  ကျက်သရေမင်္ဂလာ  အဖြာဖြာနှင့် ပြည့်
စုံရန်    အဘယ်ကဲ့သို့ပြုရသော်  ကောင်းမည်ထင်သနည်းဟု
မေးတော်မူ၏ ။
( ၁ )  ထိုအခါ  အရှင်နန္ဒာက  - " အစ၏ကောင်းခြင်း  အလယ်၏
ကောင်းခြင်း  အဆုံး၏ကောင်းခြင်းနှင့်  ပြည့်စုံသောတရား
တော်တို့ကို  ဟောပြောနာကြားပြီးကာ  ဝိပဿနာဘာဝ
နာကို  အားထုတ်ကြပါက  ဤလှပတင့်တယ်  ပျော်မွေ့
ဖွယ်ဖြစ်သော  အင်ကြင်းတောကြီးသည်  ပို၍ပင်  ကျက်
သရေမင်္ဂလာကို  ဆောင်ဖွယ်ဖြစ်ပါသည်ဘုရား  "  ဟု
လျှောက်ထား၏ ။
( ၂ )  ထို့နောက်  အရှင်ရေဝတကို  မေးတော်မူသောအခါ  အရှင်
ရေဝတက  -  "  သမထကိုအားထုတ်ကာ  ဈာန်ဝင်စားပြီး
လျှင်  ဝိပဿနာ  ဘာဝနာကို  အားထုတ်ကြပါက  ဤလှ
ပတင့်တယ်  မွေ့လျော်ဖွယ်ဖြစ်သော  အင်ကြင်းတောကြီး
သည်  ပို၍  တင့်တယ် မင်္ဂလာရှိဖွယ်  ဖြစ်ပါသည်ဘုရား "
ဟု  လျှောက်ထား၏ ။
( ၃ )  ထို့နောက်  အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို မေးတော်မူသော
အခါ  အရှင်အနုရုဒ္ဓါမထေရ်မြတ်က  -  ဒိဗ္ဗစက္ခုအဘိညာဉ်
ဖြင့်  သတ္တဝါအနန္ဒ၏  ဆင်းရဲဒုက္ခကို  ခွဲခြမ်းစိတ်ဖြာ
ကြည့်ရှု၍   သံဝေဂဖြစ်ကာ   ဝိပဿနာဘာဝနာကို  ပွါး
များရသော်  ဤအင်ငြ်းတောကြီးသည်  ပို၍  သာယာကာ
ကျက်သရေကို  ဆောင်မည်  ဖြစ်ပါသည်ဘုရား  "  ဟု
လျှောက်ထား၏ ။
( ၄ )  ထို့နောက်  ရှင်မဟာကဿပကို  မေးတော်မူသောအခါ
"  ဓူတင်ကိုဆောင်လျက်  ဝိပဿနာဘာဝနာတရား  အား
ထုတ်ကြရပါလျှင်  ဤပင်လုံးကျွတ်  ပွင့်နေသောအင်ကြင်း
တောကြီးသည်   ပို၍  ကျက်သရေမင်္ဂလာ  ရှိဖွယ်ရာပါဘု
ရား  "   ဟု   လျှောက်ထား၏ ။
( ၅ )  ထို့မှတဖန်   ရှင်မောဂ္ဂလာန်  အလှည့်တွင်   ရှင်မောဂ္ဂ-
လာန်ကိုတော်မြတ်ကြီးက   လျှောက်ထားသည်မှာ  "  ဤ
အင်ကြင်းတောကြီး၌  အဘိဓမ္မာတရားကို  ဆွေးနွေးမေး
မြန်း  ဖြေဆိုကြပြီးကာ  ဝိပဿနာဘာဝနာကို   ကြိုးစား
အားစားထုတ်ကြပါမူကား  ပို၍  တင့်တယ်မွေ့လျော်ဖွယ်
ဖြစ်ပါသည်  ဘုရား  "  ဟု  လျှောက်ထား၏ ။
( ၆ )  ထို့နောက်   ရှင်သာရိပုတ္တရာ  မထေရ်အား  မေးလျှောက်
ကြသည်မှာ  တပည့်တော်တို့ကား  မိမိတို့ဆန္ဒကို  ဖြေဆို
ခဲ့ပြီးလေပြီ ၊  အရှင်သာရိပုတ္တရာ  မထေရ်မြတ်၏  ဆန္ဒက
အဘယ်ပါနည်းဟု  မေးကြကုန်၏ ။ ထိုသိုအခါ  အရှင်သာ
ရိပုတ္တရာ  မထေရ်မြတ်က  ဖြေဆိုတော်မူသည်မှာ  "  စိတ်
၏အလိုသို့  မလိုက်ဘဲ  သီလ  သမာဓိ၌  တည်ရှိနေလျက်
ဝိပဿနာဘာဝနာကို   အားထုတ်ရသော်  ဤပင်လုံး
ကျွတ်  လှပ  သာယာစွာ  ပွင့်နေသော  အင်ကြင်းတော
ကြီးသည်  သာ၍ပင်  တင့်တယ်  မွေ့လျော်ဖွယ်  ဖြစ်ရာ
၏  "  ဟု  ဖြေဆိုတော်မူ၏ ။
#ဤ၌သိရန်မှာကား -----
( ၁ )  အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည်  ပညာအရာ
၌  ဧတဒဂ်ရ  လက်ယာရံ  ဖြစ်တော်မူ၏
( ၂ )  အရှင်မဟာမောဂ္ဂလာန်  ကိုယ်တော်ကြီးသည်  တန်ခိုးကြီး
သော  အရာ၌  ဧတဒဂ်ရ   လက်ဝဲရံဖြစ်တော်မူ၏
( ၃ )  အရှင်မဟာကဿပ  မထေရ်မြတ်ကြီးသည်  ဓူတင်ကို
ကျင့်ဆောင်ဟောပြော  တော်မူရာ၌  ဧတဒဂ်ရ  မထေရ်
ဖြစ်တော်မူ၏
( ၄ )  အရှင်အနုရုဒ္ဓါ  မထေရ်မှာ  ဒိဗ္ဗစက္ခု  အဘိညာဉ်အရာ၌
ဧတဒဂ်ရ  မထေရ်ဖြစ်တော်မူ၏
( ၅ )  အရှင်ရေဝတ  မထေရ်မှာ အညရကင်  ဓုတင်ဆောင်သော
အရာ၌  ဧတဒဂ်ရ  မထေရ်ဖြစ်တော်မူ၏
( ၆ )  အရှင်အာနန္ဒာ  မထေရ်မှာကား  ဗဟုသုတ , သတိမန္တု ,
ဂတမန္တု , ဓိတိမန္တု , ဥပဋ္ဌာက   ဤငါးဋ္ဌာန၌  ဧတဒဂ်ရ
မထေရ်ဖြစ်တော်မူပါ၏ ။
ထိုအခါ  ဤမျှနှင့်  မတင်းတိမ်သေးဘဲ  ဘုရားရှင်ထံသို့  သွား
ရောက်ကာ  မိမိတို့  အသီးသီး  မည်ကဲ့သို့ပြုကြလျှင်  ဤအလွန်
တင့်တယ်  မွေ့လျော်ဖွယ်ဖြစ်သော  အင်ကြင်းတောကြီးသည်
ပိုမို၍  ကျက်သရေမင်္ဂလာ  အဖြာဖြာနှင့်ပြည့်စုံမည်  ဖြစ်ကြောင်း
ထင်မြင်ချက်များကို  တင်လျှောက်ကြ၍   "  ရှင်တော်မြတ်ဘုရား
ကကော  အဘယ်သို့  အမိန့်တော်မြတ်  မှတ်တော်မူမည်ကို  သိ
လိုလှပါသည်  ဘုရား  "  ဟု  မြတ်စွာဘုရားရှင်အားမေးလျှောက်
ကြကုန်၏ ။
မြတ်စွာဘုရားရှင်က   မိန့်တော်မူသည်မှာ   "  သင်ချစ်သားတို့ --
သင်တို့  ထင်တိုင်းလည်း  ကောင်းလှပါ၏ ။  ငါဘုရား၏  အလို
ကား  အကြင်ရဟန်းသည်  ဆွမ်းစားပြီးသောအခါ  တစ်နေရာရာ
တွင်   တင်ပျဉ်ဖွဲ့ခွေ  နေပြီးနောက်  ငါသည်တရားကိုအားထုတ်
ပါအံ့ ၊  အာသဝေါတရား  မကုန်လျှင်  ဤနေရာမှ  မထပြီ  "  ဟူ
၍  ဝိပဿနာဘာဝနာကို  အားထုတ်ကာနေကြခြင်းသည်  ဤ
ပင်လုံးကျွတ်  ပွင့်လျက်ရှိသော    အင်ကြင်းတောကြီးကို  ပို၍
လှပတင့်တယ်  မွေ့လျော်ဖွယ်  ကျက်သရေမင်္ဂလာ  အဖြာဖြာ
နှင့်  ပြည့်စုံသေမည်  "  ဟု  အောက်ပါအတိုင်း  ဘုရားရှင်  မိန့်
တော်မူ၏ -------
   #န__တာဝါဟံ__ဣမံ__ပလ္လင်္ကံ__ဘိန္ဒိဿမိ__ယာဝ__မေ__နာနုပါဒါယ__အာသဝေဟိ__စိတ္တံ__ဝိမုစ္စိဿတီတိ
      
  ( မူလပဏ္ဏာသပါဠိတော် ၊ မဟာဂေါသိင်္ဂသုတ်  နှာ -  ၂၈၁ )
"  မေ ၊  ငါ၏ ။   စိတ္တံ ၊  စိတ်သည်  ။  ယာဝ ၊  အကြင်မျှလောက်
ကာလပတ်လုံး ။  အနုပါဒါသ ၊  ခန္ဓာငါးပါးတွင်  တစ်ပါးသော
ခန္ဓာကိုမျှ  တဏှာ   မာန   ဒိဋ္ဌိ   တို့ဖြင့်  ( ငါ၏ခန္ဓာ  ငါ၏ကိုယ် )
ဟူ၍  မစွဲယူဘဲ  ။  အာသဝေဟိ ၊  အာသဝေါတရားလေးပါးတို့မှ
န  ဝိမုစ္စိဿတိ ၊  မလွတ်မြောက်သေး  ။  တာဝ ၊  ထိုမလွတ်
မြောက်သေးသမျှ  ကာလပတ်လုံး  ။  အဟံ ၊  ငါသည်  ။  ဣမံ
ပလ္လင်္ကံ ၊  ဤဖွဲ့ခွေနေသော  ထက်ဝယ်တင်ပျဉ်ကို  ။  န  ဘိန္ဒိဿာမိ ၊ မဖျက်တော့အံ့ ။  ဣတိ ၊  ဤသို့ ။  စိတ္တံ ၊  စိတ်ကို  ။  နိက္ခိပိတွာ ၊  ချ၍  ။  နိသီဒတိ ၊  နေ၏  "  ဟု  ဘုရားရှင်  မိန့်
တော်မူ၏ ။
         ဤသို့လျှင်  အဂ္ဂသာဝက   မဟာသာဝကများနှင့်တကွ
မြတ်စွာဘုရားကိုယ်တော်တိုင်  ဝိပဿနာဘာဝနာတရား  ပွါးများ
အားထုတ်ခြင်းသည်   "  အကောင်းဆုံး  အမွန်မြတ်ဆုံး  သာယာ
မွေ့လျော်ဖွယ်  အရှိဆုံး ၊  ကျက်သရေ  မင်္ဂလာအဖြာဖြာ  အတိုး
တက်ဆုံး  "  ဟူ၍  တစ်နေရာတည်းတွင်  တစ်သဘောတည်း
ချီးမွမ်းမိန့်တော်မူခဲ့ကြလေပြီ ။
