"ကောက်ရိုးမှိုစိုက်ပျိုးရာတွင်သုံးစွဲမည့် ရေ "

in #esteem6 years ago

"ကောက်ရိုးမှိုစိုက်ပျိုးရာတွင်သုံးစွဲမည့် ရေ "

(သာမည မဟုတ်သော အဓိက သတိပြုစရာ ကိစ္စတစ်ရပ်အဖြစ် လည်းကောင်း ဗဟုသုတအနေဖြင့် လည်းကောင်း
မှတ်သားနိုင်စေရန် တင်ပြအပ်ပါသည်)

#အခြားစိုက်ပျိုးရေးအပင်များကဲ့သို့ ရေကို အများအပြားမလိုအပ်ပဲ သုံးစွဲသောကုန်ကြမ်းအလိုက် ရေစိမ်ရန် နှင့်
မှိုဘောင်အစိုဓာတ်အတွက်သာ ရေကိုသုံးစွဲ ရသော်လည်း အသုံးပြုမည့်ရေသည် -
(1) ဆီအမျိုးမျိုး နှင့် ပိုးသတ်ဆေးများ မပါဝင်စေရ။
(2) တစ်ခုခုဆေးကြောထားသောရေ (ဆပ်ပြာရည်) မဖြစ်စေရ။
(3) ကလိုရင်း (Chlorine)
(4) ကြေးနီ (Copper)
(5) မာကျူရီ (Mercury) စသည့် မှိုကို အဆိပ်သင့်စေသော ဓာတ်ပေါင်းများ မပါရှိစေရ။

#၎င်းဓာတ်များကင်းစင်ပါက အနယ်ထနေသော ရွှံ့ရေအိုင်မှ ရေကိုပင် သုံးစွဲနိုင်ပါသည်။

#စမ်းသပ်နည်း
အဝကျယ်အိုးတစ်လုံးတွင် သုံးမည့်ရေ (10) လီတာ (2.2ဂါလံ) အား ကြက်ချေး (200)ဂရမ် (12ကျပ်သား)ကိုရောထည့်ပါ။
(2-4)ရက်ကြာပါက ရေသည် မည်းလာပြီး ရေမြောင်းပုပ်နံ့ရ၍ ရေညှိများတက်လာပါက ၎င်းရေကို သုံးစွဲနိုင်ပါသည်။
(4)ရက်ကြာသည့်တိုင် ရေသည်ကြည်လင် နေပါက #သုံးစွဲရန်မသင့်ပါ။

#မှိုဘောင်ကို မှိုအားဆေးဖြန်းရန်နှင့် မှိုရုံ/ဘောင်ကို ပိုးသတ်ဆေးဖြန်းရန် ဆေးဖြန်းပုံးနှစ်ပုံး ခွဲခြားသုံးသင့်ပါသည်။
ဆေးဖြန်းပုံးတစ်ပုံးတည်းကို မသုံးစွဲသင့်ပါ။

#သုံးစွဲသောကုန်ကြမ်းများအား ရေစိမ်ရာတွင်လည်း ရေကိုတစ်နေ့ခြင်းသာ အသုံးပြုသင့်ပါသည်။
ကန်အတွင်းကျန်ရှိသောရေကို နောက်နေ့တွင် ထပ်မံ အသုံးမပြုသင့်ပါ။

#ရေကိုအဓိကအားဖြင့် ဂရုမပြုသော်လည်း ပေါ့ပေါ့ဆဆ သဘောထား၍မရပါ။
မှိုစိုက်ပျိုးရေးတွင် ရေအစိုဓာတ်သည် အဆင့်တိုင်းအတွက် လိုအပ်ပေသည်။

#အစိုဓာတ်နည်းပါးလျှင် -
(1) မှိုမျှင်များခြောက်သွေ့၍ ပွားများမှုနှုန်း ကျဆင်းခြင်း။
(2) မှိုသန္ဓေ မှိုဥများ ပိန့်ရှုံပြီး ဆက်လက်မကြီးထွားခြင်း။ (လက်ဖြင့် ဖျစ်ကြည့်ပါက အလွယ်တကူပိန်ရှုံ့ခြင်း)

#အစိုဓာတ်များလျှင်
(1) မှိုမျှင်များ မကြီးထွားနိုင်ခြင်း။
(2) မှိုသန္ဓေခဲများ ဆက်လက်မကြီးထွားခြင်း။
(3) ထွက်ပြီးသား မှိုသန္ဓေများ မှိုငုံများ ရိရော်သွားခြင်း။
(4) မှိုရောဂါ ဘက်တီးရီးယား ရောဂါများ ဖြစ်ပွားနိုင်ခြင်း။

#သို့ဖြစ်ပါ၍ အစိုဓာတ်အား အထူးဂရုပြုဖွယ် ကိစ္စတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်နိုင်စေရန်နှင့် ရေဖျန်းရာတွင်လည်း
ဆေးဖြန်းပုံးကိုသာ အသုံးပြုပြီး ရေမွှားမွှားသာ ဖျန်းပေးခြင်း ရေစက်ရေပေါက်များ ဖြစ်သည့်အထိ ပက်ဖျန်းရန်မလိုသည့်အတွက်
ထင်သာမြင်သာစေရန် ဥပမာပေးရသော် တံမြက်စည်းလှည်းသလို ဆေးဖြန်းပိုက်အား ကိုင်တွယ်ပက်ဖျန်းလျှင် ပိုမိုကောင်းမွန်ပါကြောင်း
ကိုယ်တွေ့မှတ်တမ်းနှင့် "ဆရာဦးအောင်စိုး (B.A) ကောက်ရိုးမှိုစိုက်ပျိုးနည်း" စာအုပ်ပါအချက်အလက်များအား ရောသမမွှေ တင်ပြလိုက်ပါသည်။
#myogyilay483