Home Stay (Chapter 136)

in HIVE-MYANMAR4 years ago

IMG_4862-01.jpeg

အိမ်က တူတော်မောင်နှင့် တူမတော်ကို ပင်တိုင် ရေချိုပေးရသူက ကျနော် ဖြစ်၏။ ယခင် သူတို့ အမေတွေ နယ်မပြောင်းခင်ကတော့ ကြာကြာမှ တခါ ချိုးပေးရပေမယ့် ခုက ရေချိုးတိုင်း ကျနော် ဖြစ်၏။ နေ့တိုင်းတော့ မဟုတ် ရက်ခြား ချိုးပေး၏။ ရာသီဥတု အခြေအနေကို ကြည့်ရသေး၏။ သူတို့ကို ရေချိုးပေးသည့် ရက်ဆို အမေလည်း မနေရပေ။ ကျနော် သူတို့ကို ရေချိုးပေးနေသည့် အချိန်မှာ အမေက သနပ်ခါး သွေးထားပေး၏။ ရေချိုးပြီးလျှင် လူးဖို့၊ လိမ်းဖို့ပေါ့။ ဒီထက် ငယ်တုန်းကတော့ အမေ သို့မဟုတ် ကျနော်က လိမ်းပေးရပေမယ့် ခုခါမှာတော့ သူတို့ ကိုယ့်ကို လိမ်းတတ်နေပြီ ဖြစ်၏။

သူတို့ကို ရေချိုးပေးပြီး ကျနော်က သူတို့ အဝတ်တွေ ဆက်လျှော်ရသေး၏။ ပြီး ကျနော် ကိုယ်တိုင်လည်း ရေချိုးပေ့ါ။ ထို့ကြောင့် သနပ်ခါး သွေးသည့် အလုပ်ကို အမေက လုပ်ထားပေးခြင်း ဖြစ်၏။ အမေ သွေးပေးထားသည့် သနပ်ခါးကို သူတို့ လိမ်းကြ၏။ အစပိုင်း သူတို့ ကိုယ့်ကို လိမ်းတုန်းက အတော်လေး ရယ်ရ၏။ မလိမ်းတတ် လိမ်းတတ်တွေနှင့်။ ခုလည်း သိပ်တော့ အဟုတ်ကြီး မဟုတ်သေးပေမယ့် တော်တော်ကြီးတော့ ဟုတ်လာပြီ ဖြစ်၏။

IMG_20200822_171253.jpg

တူမလေးက တူလေးထက် စာလျှင် ပိုပြီး လှအောင်၊ သပ်ရပ်အောင် လိမ်းတတ်၏။ ဒါကလည်း ယောကျ်ာလေးနှင့် မိန်းကလေး ကွာသည် မဟုတ်လား။ သူတို့်က ရေချိုးသည့် ရက်မှ မဟုတ် ရေမချိုးသည့် ရက်တွေမှာလည်း သနပ်ခါး လိမ်း၏။ သူတို့ ကိုယ့်ကို သွေးပြီး လိမ်းခြင်း ဖြစ်၏။ ပါးကွက်တောင် ရိုးရိုး မကွက်။ ပါးကွက် ကွက်စရာ အလှပုံလေးတွေနှင့် ကွက်ကြ၏။ ဟုတ်တော့လည်း ဟုတ်နေ၏။ အထက်တန်း အဆင့်တွေပဲ ဖွင့်နိုင်သေးတော့ သူတို့ မူလတန်းတွေက ခုချိန်ထိ ကျောင်းလည်း မသွားနိုင်ကြ။ အလည်အပတ်ကလည်း ခုအခြေအနေနှင့် ဆင်ခြင်နေရတော့ အိမ်မှာပဲ အနေများနေတော့၏။

တလောကတော့ တူလေးက သူ့အမေနား ခဏသွားနေလိုက်သေး၏။ ခုက နယ်လှည့်ပြီး သွားစစ်ရမည့် တာဝန်တွေ များလာ၊ ပါလာသဖြင့် တူလေးကို အိမ်မှာ ပြန်လာထား ထား၏။ မမကြီးကတော့ တပတ် တခါ၊ သို့မဟုတ် နှစ်ပတ် တခါတော့ ပြန်လာလေ့ ရှိ၏။ စနေ၊ တနင်္ဂနွေ အိမ်မှာနေ၏။ ပြီး ပြန်ပေါ့။ ကလေးတွေလည်း အဖွား ဦးလေးတို့နှင့်သာ နေရသည်က ပိုများ၏။ တနေ့ တနေ့ ဆော့လိုက်၊ ကစားလိုက်၊ ကာတွန်းကား ကြည့်လိုက်နှင့် ဟုတ်တော့ ဟုတ်သား။ သွားသွား လာလာ မလုပ်ရတော့ သူတို့ ခဗျာလည်း ပျင်းရှာပေလိမ့်မည်။ ပျင်းလည်း လောလောဆယ်တော့ သည်းခံကြစေချင်၏။ ကျနော် ကိုယ်တိုင်လည်း ဘယ်မှ မသွားနိုင်၊ မသွား ဖြစ်ပဲကိုး။

Don Jaun

Sort:  

Home Stay
နောက်တစ်ခါ လာပြန်ပြီဟေ့

ဟုတ်ပ။ မလာပါနဲ့လို့ ပြောပေးပါ။

ကိုယ်တိုင်က လူမဖြစ်သေးတော့ တူ တူမ တွေပဲ ဂရုစိုက်နေရရှာပေါ့

ဟာဗျာ