Home Stay (Chapter 152)

in HIVE-MYANMAR4 years ago

FB_IMG_1599214068459.jpg

ကလေး မရှိပေမယ့် ကလေး အဖေ (အိမ်ထောင်တွေ၏ ခံစားချက်၊ ဖြစ်ပျက်မှု၊ နေ့စဉ် ဖြတ်သန်းမှု) တွေ၏ ခံစားချက်ကို နားလည် ကိုယ်ချင်းစာမိ၏။ ကလေး မရှိသော်လည်း ကလေး အဖေ တယောက်အလား ကဲ့သို့ ဖြစ်နေပြီ ဖြစ်၏။ ပြောရလျှင် ဒီ တူ၊ တူမတွေ မွေးလာပြီး အခုချိန်ထိ ကျနော့်လက်ကနေ မလွတ်သေးပေ။ ဘာပဲဖြစ်ဖြစ် အကုန်လုံး နီးပါး လိုက်ပြီး လုပ်ပေးနေရ၏။ သူတို့ အဖေတွေက တယောက်က အဝေးမှာ တယောက်က အနီးမှာပင် နေပေမယ့် ကလေးက ကျနော်တို့ အိမ်မှာပဲ အနေများသဖြင့် ကျနော်ပဲ တော်တော်များများကို လုပ်ပေးရ၏။

ခု covid ဖြစ်ချိန်၊ သူတို့ အမေတွေက အခြား နယ်မှာ ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်နေရချိန် ဆိုတော့ ကလေးတွေက အိမ်မှာပဲ ကျန်ခဲ့၏။ အမေနှင့် ကျနော် မောပေ့ါ။ တိတိကျကျ ပြောရလျှင် (၃) လပိုင်း အစကတည်းကဆိုတော့ (၆) လကျော် (၇) လတွင်းသို့ ဝင်လာခဲ့ပြီ ဖြစ်၏။ လူတောင် တခါတလေ ကိုယ့်ကို လူပျို ဆိုတော မေ့သွားလို့ ပြန်ပြန် သတိပေးနေရ၏။ ကိုယ့်ကိုလည်း သနားမိသလို ကလေးတွေကိုလည်း သနား၏။ အမေတွေနှင့် မနေရဘဲ။ အဖွားနှင့် ဦးလေးက ချစ်ပေးသည်၊ ဂရုစိုက်ပေးသည် ဆိုပေမယ့် အမေတွေလိုတော့ ဘယ်ဟုတ်မည်နည်း။

IMG_20200908_125914.jpg

ရေချိုး၊ အဝတ်လျှော်ကို ကျနော်က ဒိုင်ခံ လုပ်ပေးရ၏။ ချက်ရေး ပြုတ်ရေးကတော့ အမေက ပင်တိုင်။ ကျွေးမွေးရေးမှာတော့ အမေ တလှည့် ကျနော် တလှည့်ပေါ့။ အမေ့ ခဗျာလည်း ခုချိန်ထိ မီးဖို ချောင်ထဲက မထွက်ရပေ။ အသက်က (၇၀) ကျော်လာပြီ ကောင်းကောင်း၊ နားအေးပါးအေး နေရသည် ဆိုတာမျိုးက မရှိသလောက်ကို နည်းပါးခဲ့၏။ အမေလည်း အမေ့ အလျောက် ကျနော်လည်း ကျနော့် အလျောက် ပင်ပန်းရ၏။ စိတ်မောရ၏။ တကိုယ်ရည် လွတ်လပ်ခွင့် ဆုံးရှုံးခဲ့တာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။

တခုခုဆို သူတို့အတွက် စဉ်းစားနေရ၏၊ တွေးနေရ၏။ ထို့ပြင် covid ကာလ ဖြစ်နေသောကြောင့်လည်း သွားသတိ၊ လာသတိ ထားနေရ၏။ သူငယ်ချင်းတွေ၏ မွေးနေ့ပွဲ၊ စားပွဲများ၊ တွေ့ဆုံပွဲများကိုလည်း ငြင်းပယ်ခဲ့ရ၏။ တူလေး တူမလေးတွေကို ငဲ့နေရသဖြင့် သူငယ်ချင်းတွေအပေါ် ဂရုစိုက်မှု၊ အလေးထားမှုကား လျော့သွားခဲ့ရ၏။ ဘယ် တတ်နိုင်မည်နည်း။ နောက်များမှပေါ့။ ယခုဆိုလျှင် (၉) လပိုင်းထဲ ဝင်ရောက်လာခဲ့ပြီ။ သူတု့ိနှင့် စခန်းသွားနေခဲ့ရသည်မှာလည်း (၇) လအတွင်းသို့ ချင်းနင်း ဝင်ရောက် လာနေပြီ ဖြစ်၏။

Covid မငြိမ်သရွေ့၊ ကျောင်းတွေ မဖွင့်သေးသရွေ့တော့ ကျနော် ကလေးအဖေ တယောက် အဖြစ် ဆက်လက် ရှိနေရပေလိမ့်ဦးမည်။ လူ့ အခွင့်အရေး မဆုံးရှုံးသေးပေမယ့် လူပျို့ အခွင့်အရေးတော့ အတော်လေး ဆုံးရှုံးနေခဲ့ပြီ ဖြစ်၏။ ဆက်လက်ပြီးတော့လည်း မည်မျှ ကြာအောင် ဆုံးရှုံးနေရဦးမည်တော့ မသိသေးပေ။ ခုနေများ တယောက်ယောက်က မင်း အိမ်ထောင်ပြုမလားဟု မေးလာခဲ့သည် ရှိသော် …..

Don Jaun

Sort:  

အိမ်ထောင်သာ ပြုကြည့်လိုက်စမ်းပါ....

ကြောက်