Ubuntu ကို နောက် တခေါက် တင်ပြီး သကာလ wifi error fix ဖို့ solutions ရှာရပြန်၏။ တခါ စမ်းဖူးသည့် နည်းလမ်း တခုကိုပဲ ပြန်ထပ် စမ်းဖို့ ရှိတော့၏။ တော်တော်များများက အဆင်ပြေသည်ဆိုပြီး comments တွေ ပြန်ပေးထား၏။ ကျနော်ပဲ ဘာလို့ အဆင် မပြေ ဖြစ်နေရသနည်း။ သို့နှင့် မကျေနပ်သဖြင့် နောက်တကြိမ် ထပ်စမ်းကြည့်၏။ ဒီတခါတော့ အဆင်ပြေမည် ထင်၏။ ယခင်နှင့် မတူသည့် ပြောင်းလဲ သွားမှုကြောင့် ဖြစ်၏။ reboot ချပေးပြီး ပြန်တက်လာ၏။ အိုကေ၏၊ ပျော်လိုက်သည့် ဖြစ်ခြင်း။ လက်ခုပ်တွေ ဘာတွေ ထတီးနေလို့တောင် အမေက ဘာဖြစ်တာတုန်း မေးယူရသည် အထိပင်။
အမှန်ဆို အစောကြီး ကတည်းက ရရမှာ။ အဲ့နည်းလမ်းကို ပထမ တခါ စမ်းတုန်းက command lines တကြောင်းဖြည့် save ပြီး ပြန်ထွက်ရမည် ဖြစ်၏။ ထိုအတိုင်း လုပ်ပေမယ့် logout မဖြစ်သွားပေ။ ဘာလို့ရယ် မသိ။ ခုခါမှာတော့ logout လုပ်လို့ရ၏။ ပြီး laptop ကို restart ချလိုက်တော့ အိုကေ သွား၏။ online ပေါ်က posts တွေ အရ Acer laptop တွေမှာ အဆိုပါ wifi error က အတော်လေး အဖြစ်များသည့် ပုံပင်။
စက်က wifi adapter ကို မသိခြင်း ဖြစ်၏။ အမှန်တော့ မသိတာ မဟုတ်၊ သိ၏။ ubuntu က hardware ကို block လုပ်ထားခြင်း ဖြစ်၏။ သူက permission မပေးတော့ ချိတ်မရနေခြင်း ဖြစ်၏။ ထို permission မပေးသည့် အချက်ကို ပြင်ပေးလိုက်မှ ရသွား၏။ ခက်ခက်ခဲခဲ မဟုတ် command lines လေး တကြောင်း ဖြည့်ပြီး save လုပ်ပေးလိုက်ရုံသာ။ အင်းပေါ့လေ နည်း မသိခင်တုန်းကသာ ရှာမရ ပြုမရ လုပ်မရ ကိုင်မရနဲ့ ရသွားတော့လည်း အော် ဒီလိုလားပေါ့။ နည်းမသိလို့ ကျနော့်မှာ os ကို အခါခါ ပြန်တင်နေမိ၏။ ubuntu ရဲ့ မိတ်ဆက်ပုံက စကတည်းက တယ်ယဥ်သကိုး။
Ubuntu ဆိုတာ ဒီလိုမျိုးပဲ ဆိုပြီး သိရှိသွားစေတော့၏။ ဘာပဲ ဖြစ်ဖြစ် ပျော်ဖို့တော့ ကောင်း၏။ လုပ်နေရသည့် အချိန်မှာ စိတ်ညစ်ရပေမယ့် အဖြေရှာလို့ တွေ့သွားလျှင်တော့ အတော်လေး ပျော်ဖို့ကောင်း၏။ ထိုအရာ ထိုအချက်ကသာ ကျနော် ပျော်မွေ့ ကျနော် နှစ်သက်မိသော အရာ ဖြစ်ချေ၏။ ကဲ ခုတော့ zawgyi font ထပ်သွင်းရပေဦးမည်။ unicode စာရိုက် စနစ် မကျွမ်းသေး (အမှန်တော့ မကျင့်ချင်သေး) သောသူ အဖို့ zawgyi သွင်း ရပေဦးမည်။