Home Stay (Chapter 91)

in HIVE-MYANMAR4 years ago

IMG_4862-01.jpeg

Home stay ခေါင်းစဉ်တပ်ပြီး ရေးလာခဲ့တာ စာပုဒ်ပေါင်း (၉၀) ကျော်လာခဲ့ပြီ ဖြစ်၏။ ကျနော်လည်း ခုချိန်ထိ လုံးလုံးလျားလျား အိမ်ပြင် မထွက်ဖြစ်သေးပေ။ lock down မဟုတ်ပေမယ့်၊ အကျယ်ချုပ်သာသာ လောက်သာ သွားလာ လှုပ်ရှား ဖြစ်ခဲ့၏။ နေအိမ် အကျယ်ချုပ်အဆင့်ထက်တော့ သာ၏။ စားရေး သောက်ရေး (စားစရာ ဝယ်ခြမ်း) အတွက်လောက်သာ အပြင် ထွက် ဖြစ်၏။ ယခင်လထက် စာလျှင်တော့ မကြာမကြာ လက်ဖက်ရည်သောက် ထွက်ဖြစ်၏။ covid ကြီး မြန်မြန် ပြီးပျောက်၊ ချုပ်ငြိမ်းမှပဲ ယခင်လို လှုပ်ရှား သွားလာနိုင်မည် ထင်၏။

ကပ်ကြီးပြီးမှ ဆိုပြီး မျှော်လင့်နေလို့ မဖြစ်တော့ဘဲ တခုခုတော့ လုပ်ထားနိုင်ဖို့ လိုပြီ။ ဒီအတိုင်းဆို ဒီရောဂါကြီးက လုံးဝကြီး အရှင်းပျောက်သွားဖို့က အချိန်လို၊ အချိန်ကြာဦးမည် ထင်၏။ အချိန်ကာလ ရှည်ကြာလာတော့ လူတွေက အကြောက်အလန့် နည်းလာကြတော့၏။ ယခင်လောက် သတိထားခြင်း၊ အလေးထားခြင်း မရှိတော့ပေ။ mask တွေ ဘာတွေတောင် မတပ်တော့ဘဲ သွားသွားလာလာတွေ လုပ်လာကြတော့၏။ စည်းကမ်းတွေကို မလိုက်နာတော့ပေ။ ဒါကလည်း လူ့သဘာဝပင် မဟုတ်လား။

IMG_20200628_120714.jpg

ရောဂါပိုး တွေ့ရှိမှု ထပ်ထပ်ပြီး တိုးလာနေသေးပေမယ့် လူအများက သိပ်အလေးမထားကြတော့ပေ။ လုပ်စရာ ရှိလုပ်၊ သွားစရာ ရှိ သွားနှင့် ပုံမှန်အတိုင်း သွားလာနေကြတော့၏။ အချို့ကတော့ ပုံမှန် အနေအထားအတိုင်း သွားလာဖို့ မရဲကြသေးပေ။ အချို့က သွားလာကြပေမယ့် ကျန်းမာရေး အသိ၊ သတိနှင့် သေချာလေး သွားလာ လှုပ်ရှား လုပ်ကိုင်နေသည်ကို မြင်ရ တွေ့ရ၏။ အချို့ကတော့ ရောဂါ မဖြစ်ခင် ကာလတွေတုန်းကလို သွားလာ လှုပ်ရှားနေကြ၏။ ဘာအကာအကွယ်၊ ဘယ်လို သတိမျိုးမှ မရှိသည့် ပုံစံနှင့်ကို သွားလာနေကြခြင်း ဖြစ်၏။

ငါတို့ နေရာမှာ မရှိပါဘူးဆိုသည့် ပုံစံမျိုးတွေနှင့် သွားလာနေကြ၏။ သတိဆိုတာ ပိုတယ်လို့ မရှိပေ။ ဘာပဲ ဖြစ်ဖြစ် သတိထား သွားလာ လှုပ်ရှားလျှင်တော့ ပိုကောင်းသည် မဟုတ်လည်း။ အများအတွက်ကော ကိုယ့်အတွက်ကော ကောင်း၏။ ယခုအချိန်မှာ မိမိကိုယ်ကို ကာကွယ်ခြင်းက လူအများကို ကာကွယ်ခြင်းပင် မဟုတ်လော။ လူ့သဘာဝကလည်း ခက်သား။ ပူတယ်နော် ဟု သတိပေးနေပေမယ့် မီးကိုတော့ ကိုင်ကြည့်ချင်နေကြ၏။ တကယ်ကိုင်ကြည့်ပြီး ပူမှ အော် တကယ်ပူတာပဲ လုပ်နေကြ၏။ ခုအခြေအနေက တကယ်ပူတာပဲ လောက်နှင့် မရ၊ မရပ်ပေ။

အားလုံးက သတိနှင့် သွားလာ လှုပ်ရှားလျှင် ပိုပြီး ကောင်းပေလိမ့်မည်။ ရောဂါပိုးတွေ လုံး၀ ကင်းစင်သွားမည့် အချိန်ကာလကို မရောက်မချင်း ကျနော်တို့ သတိလက်လွှတ် မေ့မေ့လျော့လျော့နေလို့ မဖြစ်ပေ။ သတိတချက်လွတ်မှုကနေ အများကြီး ထိခိုက် နစ်နာသွားနိုင်၏။ ထို့ကြောင့် အားလုံးပဲ အသိ၊ သတိလေးနှင့် သွားလာ နေထိုင်ကြပါလို့။

Don Jaun

Sort:  

COVID ပြီးရင် စာအုပ်ထုတ်လိုက်တော့.... အမြတ်ပဲ။