ပြောမပြနိုင်တဲ့ သင်္ကြန်

in HIVE-MYANMAR9 days ago

ပျော်သူတွေက ပျော်၊ ငိုသူတွေက ငိုနဲ့
ဒီနှစ်သင်္ကြန်က ဘယ်လိုကြီးမှန်းမသိပေ။
သင်္ကြန်ကာလသည်က ပူပြင်းခြောက်သွေ့
ရာသီဖြစ်သည်။ လုပ်ငန်းခွင်များကို ပူပြင်းသော
ရာသီဖြစ်၍ အနားပေးထားသည့်ကာလဖြစ်သည်။
ရာသီပူ၊ လုပ်ငန်းခွင်အနားယူထားသဖြင့်
လူများအဖို့ ယောင်ချာချာဖြစ်နေမည် စိုးသဖြင့်
အတာကူးသောလ၊ ထန်းခူးသောလအဖြစ်
ရေသဘင်ပွဲပြုလုပ်ပြီး လူအများ၏ စိတ်ကို
ပျော်ရွှင်အောင် ပြုလုပ်ထားခြင်းလည်းဖြစ်နိုင်
သည်ဟု ယနေ့ Facebook မှာ ဖတ်လိုက်ရသည်။

ထိုကြောင့်ထင်ပါသည်။ သင်္ကြန်ပွဲတော်ရောက်တိုင်း
လူအများစုက ယမကာများမှီဝဲကာ စိတ်လွတ် ကိုယ်လွတ်
ပျော်ရွှင်ကြသည်။ ကုသိုလ်ပြုလုပ်သူများလည်း
ရှိပေသည်။ ယခုခေတ်ကာလ သင်္ကြန်ပွဲတော်များမှာ
အမျိုးသားထုနှင့်အပြိုင် အမျိုးသမီးထုကြီး၏
စိတ်ကို လွတ်လပ်စွာဖွင့်လှစ်ပြီး ကခုန်နေကြမှု
ကိုလည်း ပိုမိုမြင်တွေ့လာရသည်။ တနှစ်တခါ
အိမ်တွင်းအောင်းနေရသမျှ ဒီသင်္ကြန်မှ စိတ်လွတ်
ကိုယ်လွတ် လွတ်ကြသည့်ထင်ပါရဲ့။ အိမ်တွင်း
မအောင်းတော့သော အမျိုးသမီးများလည်း ရှိကြပါသည်။

ဆိုတော့ဗျာ ဖော်ပြပါအတိုင်း စိတ်ပျော်ရွှင်အောင်
ပြုလုပ်သည့်ပွဲဆိုပါမူ ရှေးယခင်ခေတ်က အမျိုးသမီးများ
မည်သို့ ပြုလုပ်ကြသည်ကို သိချင်မိသည်။
သူတို့လည်း သူရို့ခေတ်အလျှောက် စိတ်ထွက်ပေါက်
ပြုလုပ်ကြမှာပါလေ။ ဘာတွေများ တွေးပြီး
ဘယ်လိုများ ရွှေဉာဏ်တော်စူးနေပါလိမ့်။
ရှင်းနေတာကို ရှုပ်အောင်လုပ်နေတယ်။ ဟုတ်
သပ တခါတလေ ကိုယ်တွေက အဲ့သလို ဂွကျ
တတ်ပေသည်။

ဘာရယ်ဟုတ်ပါဘူး။ Facebook ကြည့်ပြီးသကာလ
လူက စိတ်မှာ ဘယ်လိုဖြစ်မှန်းမသိ ဖြစ်သွားလို့ပါ။
ယနေ့ လူမှုကွန်ယက်မှာ တွေ့မိလိုက်သည်။
နေပြည်တော်ရှိ အကောင်ကြီးများ၏ ရေကစား
မဏ္ဍပ်ဟုထင်ပါသည်။ ထိုရေကစား မဏ္ဍပ်မှာ
ကိုးရီးယားအဆိုတော်မလေးများက မပေါ်တပေါ်လေး
များဝတ်ဆင်ပြီး ဆိုကနေသည်ကို အကောင်ကြီးများ
ပါးစပ်ကြီးများဖြဲပြီး ရေပက်နေသည်ကို မြင်ရသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး အကောင်းကြီးများကို
မနာလိုဖြစ်မိသည်။

လူမှုကွန်ယက် နောက်တခုမှာတော့ အဘိုးအိုတဦး
သည် သေတ္တာကြီးကို ရွက်ကာ နောက်ခံ မီးလောင်း
ထားသည့် မြင်ကွင်းဖြစ်သည်။ ထိုအဘိုးအိုက
သေတ္တာကြီးရွက်ရာမှ လွတ်ချရင်း လှိုက်လှိုက်လှဲလှဲ
ဝမ်းနည်းစွာ ငိုကြွေးသည်။ ရှိသမျှ ကုန်ပါပြီးဗျာ
ဘဝမှာဘာမှ မကျန်တော့ပါဘူးတဲ့။ ပခုက္ကူနယ်
မြောက်လူးကံရွာ မီးရှို့ဖျက်ဆီးခံရမှုသတင်းဖြစ်သည်။

"ဟိုတုန်းကတော့ ရောက်ဖူးရင် မပြန်ချင်တဲ့
မြောက်လူးကံတဲ့ ခုတော့ မြောက်လူးကံကို
လာကြည့် ပြာပုံပဲ ရှိတော့တယ်။ ကြည့်ကြပါအုံး"

တဲ့။ အဘိုးအိုရဲ့ ကြေကွယ်ရင်နင့်ဖွယ် မြင်ကွင်း
နဲ့ ပြောဆိုနေမှုက ပြောမပြနိုင်အောင်
ခံးစာရပါတယ်ဗျာ။ ဒီ သင်္ကြန်ကြီးကလည်း
ပြောမပြ နိုင်အောင်ပါပဲဗျာ။

@htwegyi
April 14, 2026

Sort:  

Sending Ecency love your way, thanks for using Ecency.