ပြုတ်ပြုတ်ပြုန်း

in HIVE-MYANMAR7 hours ago (edited)

လမ်းထိပ်က ကွမ်းယာဆိုင်လေး ပိတ်သိမ်းသွားသည်။
ကွမ်းယာရောင်းသူ အမျိုးသမီးနှင့် စကားပြောဖြစ်ခဲ့သည်။
သူမနှင့် စတင် သိကျွမ်းစဉ်က ကွမ်းယာဆိုင်နှင့်အတူ
မာလာရှမ်းနှင့် ငါးကင်၊ အသားကင်များ
ရောင်းချသည်။ ကျွန်တော်နှင့် သူမ မသိခင်က
မာလာရှမ်းနှင့် ငါးကင်၊ အသားကင်များရောင်းချ
ရမှုမှာ အတော်လေးကို ရောင်းကောင်းခဲ့သည်ဟု
ပြောသည်။ ဟက်ပီးနယူရီးယားညမှာ ဆိုပါမူ
တညလုံးရောင်းချရသည်။ ထို တညလုံးရောင်းချ
ရသောငွေက ခြောက်လခန့် ရောင်းချရသော ငွေပမာဏနှင့်
ညီမျှသည်ဟုပြောသည်။

ထိုသို့ရောင်းကောင်းခဲ့စဉ် အချိန်အခါမှာ ငွေကို
ရေလိုသုံးခဲ့သည်။ မနက်ခင်း ဆွမ်းလောင်းသည့်
အခါ သူမ၏ ကွမ်းယာဆိုင်လေးမှာ ခဏနေ၍
ဆွမ်းခံ ကိုရင်လေးများကို စောင့်ရင်း စကား
ပြောမိသည်။ ယခုအခါ သူမနှင့် ကျွန်တော်သိသည့်
အချိန်မှာတော့ သူမ၏ အကင်ဆိုင်အခြေအနေက
အတော်ကိုဆိုးကာ ဆိုင်ဖြုတ်ရသည်အထိ ဖြစ်လာ
ခဲ့သည်။ ရောင်းဝယ်ဖောက်ကားမှုများက
အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲသွား
သည်။

ဝယ်ယူသူနည်းပါးသည့်အပြင် ရောင်းချရသည့် ပစ္စည်းများက အရင်းအနှီးကြီးသည်။ သို့နှင့် အကင်ဆိုင်လေး
ဖြုတ်ကာ အကြော်နှင့် ကွမ်းယာကို ဆက်လက်ရောင်းချသည်။
မကြာသော အချိန်ကာလတခုမှာပင် သူမ၏
အကြော်ဆိုင်လေးလည်း ဖြုတ်သိမ်းသွားပြန်သည်။
အကြော်ဆိုင်လေးက ရောင်းရသည်။ အဘယ်ကြောင့်
ဆိုင်သိမ်းသွားသည်ကို မသိရပေ။ အကြော်ဆိုင်
မဖွင့်တော့ပဲ အသီးအနှံများရောင်းချသည်ကို
တွေ့ရပြန်သည်။

အကြော်ဆိုင်က သူမတစ်ယောက်ထဲ မနိုင်မနင်းဖြစ်ရသည်။ ပင်ပန်းသည်ဟု သူမနှင့်တွေ့စဉ် ပြောပြသည်။
ရာသီပေါ်အသီးအနှံများ ရောင်းချမှုကလည်း
မကြာသော အချိန်မှာပင် ပိတ်သိမ်းသွားပြန်သည်။
နောက်ပိတ်ဆုံး ကွမ်းယာဆိုင်လေးသာ ကျန်ပေ
တော့သည်။ သူမသည် ကွမ်းယာရောင်းချနေစဉ်မှာပင်
သူမဆိုင်နှင့် မျက်စောင်ထိုးရှိ ဓာတ်ဆီဆိုင်ကို
လေ့လာသည်။ ထိုဆိုင်သို့ ဆိုင်ကယ်များဖြင့်
ပုံဝါကြီးများကို ဆီထည့်၍ တဆင့်ရောင်းချသူ
များဖြင့် မိတ်ဆွေဖွဲ့မိသည်။

![](Uploading... 1772007505258.jpg)

ထိုသူတို့က မန္တလေးဆီဆိုင်များမှ ဆီများကို
ဆိုင်ကယ်ဖြင့် သယ်နိုင်သလောက် သယ်ယူပြီး
စစ်ကိုင်းသို့ ပြန်လည်ရောင်းချသည်။ ထိုသူတို့
ဆီရောင်းသလို သူမကလည်း ဆိုင်ကယ်ဖြင့်
ဆီကယ်ရီလုပ်၍ ရောင်းချပြန်သည်။ ပထမ
နှစ်ခေါက် သုံးခေါက်မှာတော့ အမြတ်ရသည်။
နောက်အခေါက်မှာတော့ ဖမ်းဆီးခြင်းခံရသည်။
ဖမ်းဆီးခံရသဖြင့် သူမ၏ ဆီရောင်းချငွေ အရင်းရော
အမြတ်ပါ ပါသွားသည်။ ဆီဘိုးအရင်းက အခြားမှ
ငွေတိုးပေးကာ ချေးယူထားသည်။

ယခုလို အဖမ်းခံရသောအခါ ရှိသမျှငွေကြေး
ကုန်ပါလေသည်။ မြို့အစွန်းမှာ ဝယ်ယူထားသည့်
ခြံကွက်လေးကို ရောင်းချ၍ အကြွေးများဆပ်လိုက်
ရသည်။ ပိုသောငွေကလေးဖြင့် ကွမ်းယာဆိုင်ကလေး
ကို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်‌အောင် အရင်းထပ်မံထည့်ပြီး
ရောင်းချသည်။ အချိန်တို့ တရွေ့‌ရွေ့ကုန်သည်နှင့်
သူမ၏ ကွမ်းယာဆိုင်မှ မြိုင်ဆိုင်ပစ္စည်းများလည်း
တဖြည်းဖြည်းကုန်ချေသည်။ နောက်ထပ် ကုန်အသစ်
ထပ်မံတင်နိုင်မှု မရှိပေ။

ဒီလောက် ရောင်းဝယ်မှုပြုလုပ်ပါလျက်နဲ့ ဒီအမျိုးသမီး၏
ဈေးရောင်းဝယ်မှုက ဘာလို့များ
ယခုလို ပြုတ်ပြုတ်ပြုန်းရပါသလဲ။ တနေ့မှာတော့
သူမ၏ သား လူပျိုပေါက်စအား မေးမြန်မိသည့်
အခါမှာတော့ သူမ၏ ပြုတ်ပြုတ်ပြုန်း အဖြေကို
တွေ့ရှိရပါလေတော့သည်။ သူမ သည်ကား
ကုလားကို ပါးရိုက်သည့်အပြင် နှစ်လုံး၊ သုံးလုံး
စသဖြင့်တို့ကို တွက်ချက်သော ဆရာမကြီး
ဖြစ်နေတော့သကိုး။ အော် လုပ်သမျှ အရာမထင်။
ပင်ပန်းသမျှ အရာမကျသော သူမဘဝအတွက်
ရင်လေးမိပါတော့သည်။

@htwegyi
February 25, 2026

Sort:  

လောင်းကစားနွံနစ်သွားတာကိုး
!LOLZ
!MEME