ကျွန်တော်သည် တဖက်သားကို နားဝင်အောင်
ပြောနိုင်စွမ်းရှိသူ ဖြစ်ချင်သည်။ သို့ပေသိ ကျွန်တော်၏
နူတ်ထွက်စကားများက တခါတရံ တဖက်လူက်ု
ရန်ပြုသလို၊ ရန်စောင်သလို ဖြစ်စေသည်ဟု
ပြောသည်။ တခါတရံမှာလည်း ရီစရာများ ပြောတတ်
သည်ဟုလည်း ခင်မင်သော မိတ်ဆွေများက
ပြောသည်။ စကားပြောကောင်းသူ ဖြစ်ဖို့
ပါရမီနှင့် အတွေ့အကြုံများရှိရပေမည်။ ဒါက
ကျွန်တော်၏ ထင်မြင်ယူဆချက် ဖြစ်သည်။
ကျွန်တော်သည် ကိုယ်ကြည့်ခဲ့သောရုပ်ရှင်၊ စာအုပ်နှင့်
အခြားဗဟုသုတဖြစ်စေသော အကြောင်းအရာ
များကို တဖက်လူအား သဘောကျအောင်
နားလည်အောင် မပြောနိုင်ပေ။ ထိုကြောင့်ပင်
ကျွန်တော်၏ စာများက ပေါက်ကရဖြစ်နေတတ်သည်။
စာရေးသားရာတွင် ဝါကျ အထားအသိုများ
ရှေ့နောက်လွဲနေတတ်သည်။ စာလုံးပေါင်းပင်
မှားသေးသည်။ စားကားပြောသည့်
အခါမှာလည်း အလောတကြီးပြောတတ်၍
ဒေါသသံဖြင့် ပြောသည်ဟု ထင်ကြသည်။

စကားကို လူရှေ့ သူရှေ့မှာ အထူးသဖြင့် လူအများရှေ့မှာ
ပြောဆိုရာတွင် ပြောဆိုဖူးမှ၊ အတွေ့အကြုံရှိမှ
ဖြစ်ပေမည်။ နို့မို့ လူအများကိုကြည့်၍ လူကြောက်ကာ
စကားမှားယွင်းသည်။ ထိုသို့ စကားထွက်ပြောဖို့ နေနေသာသာ
လူအုပ်မြင်သည်နှင့် လူက ကြောက်ဒူးတုန် နေသည်။ ထိုသို့
လူများအရှေ့ စကားပြောဆိုတတ်ရန်တူမက သူရို့
ကျောင်းအုပ်ကြီးမှ သင်ပြပေးသည်ဟု
ပြောသည်။ ကျောင်းဆရာမများကို အတွေ့အကြုံ
ရရန် မိမိ၏ တပည့်များရှေ့မှာ ရှေးဦးစွာ စကား
ပြောဆိုစေသည်။ ထိုနောင် ပွဲလမ်းသဘင်များ
ပြုလုပ်သည့်အခါ စင်မြင့်ထက်မှာ တက်ရောက်
ပြောဆိုစေပြီး အလေ့အကျင့်ပြုလုပ်ပေးသည်။
ထိုကြောင့် တူမက လူအများရှေ့မှာ စကားပြောဆို
ရဲသွားပြီးဟု ပြောသည်။

ပညာရဲရင့် ပွဲလယ်တင့် ဆိုသည်စကားလည်းရှိပေသည်။
ကိုယ့်မှာ ပြောတတ် ဆိုတတ်သော အတွေ့အကြုံ
ဗဟုသုတလည်း ရှိသောအခါ ပြောဆိုစရာ စကားများ
ဖြင့် ဝေဆာစွာ ပြောဆိုနိုင်သည်။ နားထောင်သူများ
ကလည်း သဘောကျပေသည်။ ပြောစရာ
အတွေ့အကြုံ ဗဟုသုတမရှိ၊ ငါ့စကား နွားအရ
ပြောဆိုပါမူ နားထောင်သူများက နှစ်သက်
သဘောကျမည်မဟုတ်ပေ။
စကားပြောဆိုရာတွင်လည်း လိုရင်း တိုရှင်း
ပြောဆိုရသည်။ သို့ပေသိ အခြေအနေ အချိန်အခါ
အရ ပြောသင့်သော စကားနှင့် မပြောသင့်သော
စကားလည်းရှိပေသည်။ ကိုယ့်စကား နားထောင်
ချင်မှန်းမသိ ကိုယ်ပြောချင်ရာ၊ ကိုယ်ကြွားချင်ရာ
ပြောဆိုနေပါကလည်း အဆင်မပြေသေးပေ။
စကားပြောကောင်းသူများကိုတော့ သဘောကျမိသည်။
သို့ပေသိ အချို့သော စကားပြောကောင်းသူများက
အလိမ်အညာ မုသားများ ပြောတတ်သူလည်း
ရှိပေသည်။ အပြောကတော့ ချောပါ့ အလုပ်ကတော့။
စသဖြင့် တီကောင်လို သန်ကောင်လို ကောင်မျိုး
တွေလည်းရှိပေသည်။

အပြောနည်းပြီး အလုပ်လေး လုပ်လိုက်ရအောင်ဟု
ပြောဆိုသမှုလည်းရှိသည်။ လူပြောမသန်
လူသန်မပြော စကားလည်းရှိသည်။ သို့ပေသိ
စကားပြောဆိုရာတွင်မူ နားဝင်ချိုအောင်
ပြောဆိုသူကိုဖြင့် လူတိုင်းက ခင်မင်နှစ်သက်
ကြပေသည်။ နားဝင်ချိုအောင် ပြောနိုင်သလို
စိတ်ထားလေးလည်း ချိုပါရင် ဘာပြောကောင်းမလဲ
ပေါ့လေ။ ကျွန်တော်သည် ရေးချင်တာရေးပြီး
ခေါင်းစဉ်ကိုလည်း တပ်ချင်ရာ တပ်လိုက်ပါသည်။
ကျွန်တော်က အဲ့သလိုပါ ဆို။
@htwegyi
March 7, 2026
အပြောကောင်းသလို အကောင်းပြောရမယ်လို့ မှတ်သားရပေမဲ့ စေတနာဒေါသောနဲ့ ပြောတဲ့စကားက မချိုတာတော့ အမှန်ဘဲ ဘထွေးရေ
ဟုတ်သပ မစုရေ