ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၁ - ၂ ) ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ယခင်က ဤကဲ့သို့သော blog များပေါ်တွင် စာရေးသားရလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဘူးပါ။ ၂၀၁၆ ခုနှစ် ကုန်ပိုင်း တွင် cryptocurrency နှင့်ထိတွေ့ခွင့်ရခဲ့သော ကြောင့် cryptocurrency ရရှိရန် အလို့ငှာ စာရေးခြင်းကို စတင်ခဲ့ခြင်း ဖြစ်ပါသည်။

Blog ပေါ်တွင် စာ စရေးသည်နှင့် မိမိအတွက်လည်း အကျိုးမရှိ အများအတွက်လည်း အကျိုးမရှိ စေတော စာများအား အတတ်နိုင်ဆုံး ရှောင်ကျဉ်ခဲ့ပါသည်။ ယခု ဖေါ်ပြပေးမည် ဖြစ်သော " ကျွန်တော်ပြောသော စင်္ကပူ " အပိုင်း ဆက်များမှာ ကျွန်တော့ ဘဝ ၏ တစိတ်တပိုင်း အားသိခွင့်ရစေမည် ဖြစ်ပါသည်။ ယခင်က ဇော်ဂျီ ဖြင့်ရေးသားထား၍ ယခု ယူနီကုဒ်ဖြင့် တင်ပေးလိုက်ပါသည်။

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း (၁) ( Henry Aung )

ဤဆောင်းပါးတွင် ကျွန်နော်၏ ငယ်ဘဝအကြောင်းကို ချန်လှပ်ခဲ့ပြီး ကျွန်နော် ၁၀ တန်းအောင်တက္ကသိုလ် တက်ပြီးနောက် စင်္ကပူသို့ အလုပ်သွားလုပ် သော အတွေ့အကြုံများကို ရေးသားမျှဝေသွားပါမည်။

ကျွန်တာ် ၁၀ တန်းဖြေပြီးသည်နှင့် ကျွန်တော့ ဖခင်မှ အလုပ်တခု ရှာပေးပါသည်။ ထိုမတိုင်ခင် ၈ တန်းဖြေပြီး , ၉ တန်း ဖြေပြီး နွေရာသီ ကျောင်း ပိတ်ရက်များတွင်လည်း ဒဂုံတက္ကသိုလ် ၏ သစ်တောဌာနတွင် နေ့စားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။

ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ ပတ်ဝန်းကျင်နှင့် စာသင်ဆောင် ပတ်ဝန်းကျင်ရှိ ခရေပင်များ တော်တော်များများကို ကျွန်တော်နှင့် နေ့စားအဖွဲ့များ စိုက်ပျိုးထားခြင်းဖြစ်ပါသည်။(ဤသည်ကာ စကားချပ်)

ဆိုခဲ့ ပြီးသည့် အတိုင်း ၁၀ တန်းဖြေပြီးသည့် နောက်တော့ ပြင်ပ လူမှုအသိုင်းအဝိုင်းဖြင့် ထိတွေနိုင်စေရန် ပြင်ပ အလုပ်ကို ရှာဖွေးပေးခဲ့ခြင်းဖြစ်ပါသည်။ ဗိုလ်တထောင် , လင်းစဒေါင်း ကွေ့ အနီးတွင်ရှိသော စက်မှု(၁) လက်အောက်ခံ အမှတ်(၁) ဓါတ်ငွေ့စက်ရုံ တွင်ဖြစ်ပါသည်။

သို့ သော် ကျွန်တော် လုပ်ရသည်မှာ ထို ဓါတ်ငွေ့ စက်ရုံ အတွင်း gas cylinder များကို ပုက္ကလိကသို့ တဆင့်ခံပြန်လည် ရောင်းချနေသော အရုဏ်ဦး ကုမ္ပဏီတွင် စာရေးအဖြစ် နေ့စား ဝင်ရောက်လုပ်ကိုင်ရခြင်းဖြစ်ပါသည်။ ထို့နောက် ၁၀ တန်းအောင်မြင်ပြီး ဒဂုံ တက္ကသိုလ် တွင် အဝေးသင် တက်ရင်း ထို အမှတ်( ၁) ဓါတ်ငွေ့စက်ရုံတွင်သာ ကျောင်းပြီသည်အထိ လုပ်ကိုင်ခဲ့ပါသည်။

ဤဆောင်းပါးသည် ကျွန်တော် စင်္ကပူသို့ ထွက်ခွာခြင်းနှင့် စင်္ကပူ အတွေ့အကြုံများကို အသာပေး ရေးသားမည် ဖြစ်သောကြောင့် ကျွန်တော်၏ ပထမဆုံး အလုပ်ကို အကျဉ်းချုံ့၍သာ ရေးသားသွားပါမည်။

ထို အမှတ် (၁) ဓါတ်ငွေ့စက်ရုံမှ oxygen, acetylene, nitrogen နှင့် liquid nitrogen တို့ကို ထုတ်လုပ်ဖြန့်ဖြူးပါသည်။ ကျွန်တော် နောက်ပိုင်း စင်္ကပူသို့ ရောက်ပြီးနောက် petrochemical plant များတွင် ဝင်ရောက် အလုပ်လုပ်နိုင်ရန် safety သင်တန်းများတက်ရောက်ရသောအခါ , ထိုမြန်မာပြည်ရှိ အမှတ်(၁) ဓါတ်ငွေ့စက်ရုံတွင် ဝင်ရောက်လုပ်ကိုင် နေကြသော, ဓါတ်ငွေ့ဖြည့်သူ, ကုန်ကြမ်းများကိုင်တွယ်ခြင်းနှင့် စွန့်ပြစ် ပစ္စည်းများ ကိုင်တွယ်သူတို့မှာ zero safety ဟု ခေါ်ရလောက်အောင် နိုင်ငံတကာအဆင့်နှင့်ပြောလျင် လူသားတို့ အလုပ်မလုပ်သင့် သောနေရာ အဖြစ်ရှိနေကြောင်း ကို နောက်မှသိလိုက်ရသည်။

calcium carbide သည် ရေနှင့်ထိလျင် မီးထလောင်တတ်ပါသည်။ ထိုမီးလောင်လွယ်သော chemical အတုံးများကို ဂိုဒေါင်ကြီးနှင့် သည်အတိုင်းထားပါသည်။ safety precaution များလည်းမတွေ့ခဲ့ရပါ။ ထိုအချိန်တုန်းကတော့ ကျွန်တော်လည်း chemical safety အကြောင်း မသိသေးတော့ ထိုစက်ရုံကြီးတွင် သွားလိုက်လာလိုက် ဟိုစပ်စု ဒီစပ်စုဖြင့် သုံးနှစ် နေခဲ့ရပါသည်။

ယခုတော့ မည်သို့ မည်ပုံ စက်ရုံ ကို လည်ပတ်ကြသည်တော့ မသိတော့ ပါ, ပိုမိုကောင်းမွန်သော စနစ်များဖြင့် စက်ရုံကို လည်ပတ်နေမည်ဟု ထင်ပါသည်။ ၂၀၀၄ နှစ်ဆန်းပိုင်းတွင် ကျွန်နော် စင်္ကပူသို့ သွားရန်စတင်ပြင်ဆင်ပါသည်။

စင်္ကပူတွင် ရှိနေသော ကျွန်တော့ အစ်မ ဝမ်းကွဲမှ agent fee ကို စိုက်ထုတ်ပေးပါသည်။ ထိုအချိန်တုန်းက စင်္ကပူသို့ general worker အဖြစ် အလုပ်သွားလုပ်ရန် ပေးရသော agent fee မှာ စင်္ကပူ ဒေါ်လာ ၃၈၀၀ ဖြစ်ပါသည်။ ကျွန်တော့ အစ်မဝမ်းကွဲကူညီ၍ သာ စင်္ကပူ ရောက်ရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ မိသားစုအနေဖြင့် ထိုအချိန်က ငွေဈေး သိန်း ၂၀ ကျော်ရှိသော ငွေပမာဏကို ပေးချေနိုင်စွမ်းမရှိပါ။

ထို့နောက်တော့ passport ရုံးတို့ passport လျှောက်ရန် ကြိုးစားရပါတော့သည်။ ယုံချင်ယုံ မယုံချင်နေ , မည်သည့် ပွဲစား၏ အကူအညီမှမယူပဲ ပုံမှန်လမ်းစဉ် အတိုင်း passport လျှောက်လိုက်သည်မှာ ၇ လ ကြာမှ လက်ထဲကို passport ရောက်ရှိခဲ့ပါသည်။ ထိုကြားရက်ထဲတွင် ပန်းဆိုးတန်းရှိ ထို passport ရုံးသို့ တပတ်လျင်အနည်းဆုံး ၂ ခေါက်ရောက်ရသလို copy ကူးလိုက်သော စာရွက်စာတန်း မည်မျှရှိသည်ကို ပင် မမှတ်မိတော့ပါ။

နောက်ဆုံး ICA မှ အရာရှိကြီးက interview အနည်းငယ်မေးပြီး စာအုပ်ကို ထုတ်ပေးပါသည်။ ထိုနေ့ကတော့ ထီပေါက်သကဲ့သို့ပင်။ လူတိုင်းလူတိုင်း ကိုယ်စီရှိသင့်သော အနှီး passport ခေါ် စာအုပ်အနီရောင်လေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားအဖို့ တော့ ထိုအချိန်တုန်းက ခံစားမှုဖြင့် ပြောရလျင် နတ်ပြည်သွား လက်မှတ်ရသကဲ့သို့ပင်။

ထို့ နောက် တော့ agent ဖြင့် အလုပ်အကြောင်းစကားပြောရပါတော့သည်။ ထို agency မှာ ယခုထိတိုင်ဖွင့်ထားသဖြင့် အမည် မဖေါ်ပြလိုပါ။ ကြမ်းပိုးကို လိပ် ဖြစ်အောင်ပြော၍ agent fee ရရင်ပြီးရော နိုင်ငံခြားမှာ ဘာဖြစ်ဖြစ် ဟူ၍ စိတ်ထားသူများ သာ နိုင်ငံခြားအလုပ်အကိုင်ရှာ ဖွေရေး agency ဖွင့်ကြသလားအောက်မေ့ရပါသည်။ ယခု အခါတော့ မပြောတတ်တော့ပါ ထိုခေတ်ထိုအခါကတော့ အလုပ်အကိုင် ရှာဖွေးရေး agency တိုင်းလိုလို ထိုနည်းလည်းကောင်းသာ။ သူတို့အားလည်း အပြစ်မဆိုသာပါ မိမိကိုယ်တိုင်လည်း သွားချင်လွန်းသဖြင့် တပိုင်းသေ နေသည်ကိုး။

agency မှ မိမိအား သင်္ဘောကျင်းတွင် supervisor position ဖြင့် လုပ်ရပါမည် စိတ်ဝင်စားပါက interview လာပါရန် ခေါ်ပါတော့သည်။ မှတ်မိပါသေးသည် အလုပ်အကိုင် interview မှာ park royal hotel ballroom တွင်ဖြစ်ပါသည်။ interview သူမှာ စလုံးအဖိုးကြီး ( နောင်တွင်မိမိတို့ မန်နေဂျာဖြစ်လာသူ) Mr. Goh Ahtee ဆိုသူဖြစ်ပါသည်။

Interview မှာ အင်္ကျီချွတ်ပြရပါသည်။ ဒိုက်ထိုးခိုင်းပါသည်။ ထို့နောက် အမြင့် ကြောက်တတ်ပါသလားမေးပါသည်။ ထိုအချိန်တုန်းကတော့ ထိုကဲ့သို့သော interview ကို မကြုံခဲ့ရဖူးသဖြင့် ကြောင်တောင်တောင် နိုင်လွန်းလှပါသည်။ နောက်မှ သိရသည်မှာ အင်္ကျီချွှတ်ပြရခြင်းမှာ ဗိုက်ခွဲထားခြင်းရှိမရှိ ကြည့် ခြင်းဖြစ်ပါသည်။ ဒိုက်ထိုးခိုင်းခြင်မှာ ကြံ့ခိုင်မှုရှိမရှိ စစ်ဆေးခြင်းဖြစ်ပါသည်။

မိမိတို့ အား အလုပ်ကြမ်းခိုင်းရန် ကြံ့ခိုင်သူများ ရွေးကြောင်းကို စင်္ကပူ ရောက်မှ သိရပါသည်။ နွားမဝယ်ခင် သွားဖြဲကြည့်, မျက်လုံးကြည့် , အမွေးအရောင်ကြည့် , ခွာကောင်းမကောင်းကြည့် သကဲ့သို့သာ။ ထို့နေ့က interview ဖြေဆိုသူမှာ အယောက် ၁၀၀ လောက်ရှိပါသည်။ ထို interview အောင်မြင်ပြီးနောက် စင်္ကပူ သံရုံး သို့ ဝင်ရန် ဆေးစစ် ဓါတ်မှန်ရိုက် နောက်ဆုံး ပုံစံ ၁၀ ခေါ် သော D form လည်းဖြည့် ရပါသေးသည်။

နိုင်ငံခြားတခါ ထွက်ဖို့ အရေး အလွန် ရှုပ်သော စနစ်တို့ကို ဖြတ်သန်းရပါသည်။ ယခုတော့ D form မရှိတော့ပါ။ ထို့နောက် တဖြည်းဖြည်းဖြင့် စင်္ကပူ သို့ ထွက်ခွာရန် ရက်နီးကပ်လာပါတော့သည်။

ကျွှန်တော်တို့ agency မှ interview အောင်သူ အယောက် ၆၀ ရှိပါသည်။ ပထမ အသုတ် နှင့် ဒုတိယ အသုတ် ၃၀ စီခွဲ၍ သွားရပါသည်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာတွင် စင်္ကပူသို့ သွားရန် ပထမအသုတ်တွင်ပါဝင်ကြောင်း agency မှ အကြောင်းပြန်လာပါသည်။ ထိုအချိန်တုန်းကတော့ အသက် ၂၄ နှစ်အရွယ် လူငယ်တယောက်၏ အိမ်မက်ကို အကောင်အထည် ဖေါ်ရန် မှလွဲပြီး အခြားမည်သည်ကိုမှ ကြိုတွေးထားခြင်းမရှိပါ။

Singapore airlines ၏ ပြတင်းပေါက်ဘေးတွင်ထိုင်ပြီး Yangon international airport ဟူသောစာတန်းလေးအား နောက်ဆုံး လှည့်ကြည့် မိပါသည်။ ထိုအချိန်တုန်းကတော့ နောင်တချိန်တွင် Steemit Platform ပေါ်သို့ Henry Aung အမည်ဖြင့် ရောက်ရှိလာမည်ဖြစ်ကြောင်းကိုတော့ ယောင်၍ မျှပင်စိတ်ကူးမယဉ်မိပါ။ ခရမ်းပြာရောင် ပါတိတ်ဝတ်ဆင်ထားသော Singapore airlines ပေါ်မှလေယဉ်မယ်များကလည်း အလွန်ချောကြသကိုး။

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၂ )( Henry Aung )

Singapore airlines လေယျဉ်ပေါ်တွင် နေ့လည်စာ ကျွှေးပါသည်။ မှန်တာကို ပြောရလျင် ကျွန်တော် မြန်မာပြည်မှာ နေခဲ့စဉ် ကာလတလျှောက်လုံး ဘိုစာဟု ခေါ်သော အနောက်နိုင်ငံအစားအစာ ဖြစ်သည့် ပေါင်မုန့် နှင့် ထောပတ် , ဟမ်ဘာဂါတို့ ကို တခါမှ မစားဘူးခဲ့ပါ။

မှတ်မိနေပါသေးသည်, ထိုနေ့က လေယျဉ်ပေါ်တွင် ကျွှေးသော နေ့လည်စာဘူးလေးမှာ ပေါင်မုန့် အလုံးလေးတခု , cheese ဘူးသေးသေးလေးတခု, ဆားထုပ်, ငရုတ်ကောင်းမှုန့် , သကြား , နို့မှုန် စသည်တို့ကို အထုပ်သေးသေးလေး ချစ်စရာ အထုပ်လေးများဖြစ်အောင် ထုပ်ထားပါသည်။ ထို့နောက် ငါး အသားပြားဟု ထင်ပါသည် ပေါင်းပြီး ကင်ထားသော ငါး အသား, အာလူးပြုတ်တခြမ်း , ဂေါ်ဖီစိမ်းဟု ခေါ်သော broccoli တခက် နှင့် မုန်လာဥနီများပါ ပါသည်။

မုန်လာဥနီယူစားကြည့် တော့ ဘာအရသာမှမရှိ, ငါးကတော့ စားလို့ ကောင်းပါသည်။ ကျွန်တော် ပြောခဲ့ပါပြီကော ဘိုစာ မစားဘူးခဲ့ပါလို့။ ထို့နေကတော့ ကောင်းမကောင်းမသိ, ပေါင်မုန့် ဒီအတိုင်းစားပြစ်သည်, ထို့ နောက်ငါး , ထို့ နောက် အာလူး အသီးအရွက် အကုန် ပြောင်ပါသည်။ ဘေးနားမှ ဘိုမကြီး အန်တီကြီးကတော့ စားစရာများ စားပွဲပေါ်တင်ထားပြီး စာအုပ်ကိုသာသဲကြီး မဲကြီး ဖတ်နေပါသည်။ ထို့နောက်တော့ ကော်ဖီသောက်ပါသည်။မြည်းကြည့် လိုက်တော့ ခါးတူးလန်နေပါသည်။

ကော်ဖီအကြမ်းရည်သာ ထည့်ထားခြင်းဖြစ်ပါသည်။ ဆိုတော့ , တွေ့သည့် အထုပ်လေးများသည် သကြားထုပ်များဖြစ်တန်ရာဟူ၍ အားလုံး ဖေါက်ထည့်ပါသည်။ အမှန်တော့ စာရေးထားပါသည်။ sugar , salt ... စာဖတ်ရကောင်းမှန်းပင်မသိ ကော်ဖီထဲ သကြား, နို့မှုန့် , ဆား , ငရုတ်ကောင်း အကုန် ဖေါက်ထည့် လိုက်ပါသည်။ ထိုအခါမှ ဘေးနားမှ အန်တီကြီးက မျက်လုံးပြူးပြီး ကျွန်တော့ ကို ကြည့် ပါသည်။ ကျွန်တော်ကလည်း ပြန်ပြုံးပြပြီး ရောသမမွှေထားသော ကော်ဖီကို ခပ်တည်တည်နှင့် သောက်နေပါတော့သည်။

အရသာသိချင်ပါသလား..? အိမ်မှာ ကော်ဖီဖျော် ဆားအနည်း ငယ်ခပ်ပြီး ငရုတ် ကောင်းမှုန့်ဖြူး၍ သောက်ကြည့် ပါလေ.... ခါးငန်ကျိကျိ ငရုတ်ကောင်း နံ့မွှေးသော ကော်ဖီအရသာကို သိရပါလိမ့်မည်။ထို ပထမဆုံးလေယျဉ်စီးရသော အတွေ့အကြုံအား နောင်တွင် သူငယ်ချင်းများနှင့် ပြန်ပြောဖြစ်သောအခါ ကျွန်တော့ကိုယ် ကျွန်တော် နုံလှပြီ အောက်မေ့တာ , cheese ကို ကော်ဖီထဲ ထည့် သောက်ခဲ့သူများရှိသလို , ပေါင်မုန့် ကို ဖဲ့ ဖဲ့ ၍ ထို ခါးတူးလန်နေသော ကော်ဖီနှင့် တို့ စားခဲ့သူများလည်း ရှိပါသည်။

ဒီလိုနှင့် ၂ နာရီ ကျော် ၃ နာရီ နီးပါး လေယျဉ် စီးပြီ နောက် Singapore changi လေဆိပ်ကို ရောက်ပါပြီ။ လေယျဉ် ပေါ်မှ လေဆိပ်ထဲ ဝင်လိုက်သည်နှင့် အရာရာ ပြောင်းလည်း သွားပါသည်။ ကြည့် လိုက်သည်နှင့် အကုန်လုံး အသစ်အတိုင်း လင်းလက် တောက်ပြောင်နေကြသည်။ ကိုယ့်ကိုယ်ကိုယ်လည်း ငါ စင်္ကပူ ရောက်ပြီဟူ၍ အားတင်းလိုက်မိပါသည်။

စင်္ကပူ စရောက်သည်နှင့် စင်္ကပူ နိုင်ငံ၏ ဥပဒေ နှင့် စတင် မိတ်ဆက်ရပါတော့သည်။ ကျွန်တော်တို့ ပထမ အသုတ် အယောက် ၃၀ မှာ စထွက်လာကတည်း က တယောက်နှင့် တယောက် မသိကြပါ။ စင်္ကပူ လေဆိပ်ရောက်တော့ မိမိ တို့ကို Singapore ICA ( Immigration Checkpoint Authority ) မှ ပေးမဖြတ်ပါ။

တယောက်ချင်းစုပြီး အယောက် ၃၀ ပြည့် မှ မိမိ တို့ အလုပ်ခေါ်စာ , passport, white card တို့ကို သေချာကြည့်၍ တုံးထုပေးပါသည်။ ဤတွင် မှတ်သားစရာ အနေဖြင့် တခု ဖေါ်ပြခြင်ပါသည်။ အခြားသူငှာများ စင်္ကပူလာသော အခါ ကြုံဘူးကြမည် မဟုတ်သော်လည်း ကျွန်တော်၏ ပထမဆုံး Singapore ICA ဖြတ်သန်းရစဉ်မှာတော့ ကြုံတွေ့ခဲ့ရပါသည်။

ကျွန်တော်တို့ အဖွဲ့ထဲမှ ကိုမြင့်စိုး ဆိုသူမှာ အနောက်တိုင်း ဝတ်စုံ ကို လုံးဝ စတိုင်ကျကျ necktie နှင့် တကွ ဝတ်လာပါသည်။ စာရွက်စာတမ်းများကိုလည်း attaché case နှင့် ထည့်လာပါသည်။ သူ့ကို အစကတော့ ကျွန်တော်လည်း စင်္ကပူသို့ သွားသော စီးပွားရေး လုပ်ငန်းရှင်ဟုသာထင်ပါသည်။ စင်္ကပူ လူဝင်မှုကြီးကြပ်ရေး အရာရှိ ရောက်လာပြီး ကိုမြင့်စိုး၏ စာရွက်စာတမ်းများကို ကြည့် ပြီးနောက် necktie ဖြုတ်ခိုင်းပါသည်။ ထို့ နောက် shirt အင်္ကျီကို စတိုင် pant အပြင်သို့ ထုတ် ဝတ်စေပါသည်။

အကြောင်းပြချက်မှာ မိမိတို့ သည် ကျောင်းတက်ရန် မဟုတ် စီးပွားရေး လာလုပ်ကြသူများ မဟုတ် အလုပ်ကြမ်း လာလုပ်သူများ ဖြစ်သဖြင့် ဤကဲ့သို့ formal ကျကျ ဝတ်စားရန် မလိုပါတဲ့။ ကျွန်တော့် အမြင်နှင့် ပြောလျင် လူ့ အခွင့်အရေး ချိုးဖေါက်ခံရခြင်းဖြစ်ပါသည်။

အလုပ်ကြမ်းသမားလည်း တတ်နိုင်လျင် ဝတ်စား ခွင့် ရှိရမည် ဖြစ်သော်လည်း သက်သက် မိမိ တို့ သည် အလုပ်ကြမ်း သမားများ ဖြစ် သဖြင့် အလုပ်ကြမ်းသမားများလို သာ ဝတ်စားရမည် ဟူ သော စိတ်ဓါတ်ကို ရိုက်သွင်းပေးခြင်းသာဖြစ်ပါသည်။ မတတ်နိုင်ပါ။ သူတို့ နိုင်ငံရောက်နေပြီ ဖြစ်၍ သူတို့ ပြောသမျှ လိုက်နာရုံသာ။

ကျွန်တော်တို့ အယောက် ၃၀ မှာ ထိုအခါ မှ တယောက်ကို တယောက် မိတ်ဆက်ပြီး အချင်းချင်း သိကျွမ်း စေရပါသည်။ သူများနိုင်ငံတွင် အရေးကြုံလျင် ဒီလူတွေပဲရှိတာ မဟုတ်လား။ မိမိတို့ အယောက် ၃၀ တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါပါသည်။ ကချင် ၂ ယောက်, ကယား ၄ ယောက်, ကရင် အနည်း ဆုံး ၅ ယောက်ခန့် ပါမည် ထင်ပါသည်။ မမှတ်မိတော့ပါ။

ချင်း ၂ ယောက်ပါပါသည်။ ရခိုင် ၁ ယောက် မွန် ၁ ယောက် ။ ကျန်သည်မှာ မြင်းခြံသားများနှင့် မကွေး အောင်လံ ဘက်မှ လည်း ပါပါသည်။ ရန်ကုန်သားအများဆုံး ပါမည်ဟု ထင်ပါသည်။ ထို့ နောက် မိမိ တို့ အိတ်များကို ယူပြီး လေဆိပ်မှ ထွက်သောအခါ နောက်ထပ်ပြသနာတခု တက်ပါတော့သည်။ ICA မှ အရာရှိရောက်လာပြီး မိမိ တို့ အိတ်များကို တခုချင်းစီ scan ဖတ်ပါတော့သည်။

ကယားလူမျိုး မောင်ဘီ ( သူ့နာမည်မှာ BE ဟူ၍ နှစ်လုံးသာပါပါသည်) ၏အိတ်တွင်ပြသနာတက်ပါတော့သည်။ ကျွန်တော်ကတော့ ကို ဘီဟုသာခေါ်ပါသည်။ သူ့ချစ်သူမှာ စင်္ကပူတွင် သူနာပြု ဖြင့် အလုပ်လုပ်နေပြီး ကို ဘီ နှင့် အတူနေရန် ခေါ်ယူခြင်းဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ကိုဘီ၏ အိတ်ကို ဖွင့် ခိုင်းလိုက်သောအခါ , ဆေးရွက်ကြီး တထုပ်, မြင်းခြံထုတ် နှင်းဆီနက် ဟုထင်ပါသည် ဆေးပေါလိပ်တစည်းနှင့် မဲခေါင် အရက် ပုလင်းပြား တို့ ထွက်လာပါတော့ သည်။

ထိုပစ္စည်းများအတွက် အခွန်ဆောင်ရမည်ဟု ပြောသောအခါ ကို ဘီ က အခွန်ဆောင်ရန် ပိုက်ဆံမရှိ , မိမိ တို့တွင်ရှိသော USD 100 ခန့်ကလည်း အရေးကြုံလျင် သုံးရမည်ဆိုတော့ အခွန်ဆောင်စရာမရှိပါဟု သာပြန်ဖြေရပါတော့သည်။ ထို ICA officer ကြီးမှ မိမိတို့ကို သနားရော့ထင် မဲခေါ်င် ပုလင်းပြားကို တော့ ပြန်ပေး၍ ဆေးပေါလိပ်နှင့် ဆေးရွက်ကြီးကိုတော့ သိမ်းသွားပါသည်။

မိမိ တို့လည်း ထို အခါမှ လေဆိပ်ထဲမှ ထွက်ခွင့်ရပါသည်။ လေဆိပ်အပြင်ဘက်ရောက်သောအခါ agent အမျိုးသမီး ကရောက်နှင့် နေပါပြီ။ မိမိ တို့ကို အိန္ဒိယ ကုလား driver နှင့် ထည့် လိုက်ပြီး မိမိတို့ နေရမည့် အဆောင်တို့ ထို driver နှင့် လိုက်သွားရပါသည်။ မိမိတို့ ကို လာကြိုသည်မှာ ၁၄ ပေ Lorry ကြီး ၂စီးနှင့် ဖြစ်ပါသည်။ တစီး ၁၅ ယောက်။

Lorry ပေါ်ရောက်တော့ ကျွန်တော်က ကိုဘီအား " ကိုဘီ အဆောင်ရောက်လို့ ရှိရင် စစ်ဆေးရေးတွေ ရှိခြင်ရှိနေမှာ ကိုဘီ့ အရက် ပုလင်းပြား မြင်ရင် ပြသနာ ထပ်တက်နေအုံးမယ် " ဟု ပြော သောအခါ ကို ဘီ ကလည်း " အေ ဟုတ်တယ် , ခုပဲ လက်စ ဖျောက်လိုက်ရအောင် " ဟု ဆိုပြီး စင်္ကပူ စရောက်ခြင်း အထိမ်းအမှတ် မဲခေါင် တယောက် တငုံစီဖြင့် အောင်ပွဲခံလိုက်ပါတော့သည်။

ဆက်လက် ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

H1.jpeg

Sort:  

ပြန်ဖတ်တာ ဖတ်ကောင်းပြန်တာပဲ။
စိတ်ဝင်စားစရာလည်ကောင်းတယ်။

ကျေးဇူး အများကြီး တင်ပါတယ်လို့။

အားပါးပါး .... ငရုပ်ကောင်းကော်ဖီ သောက်ကြည့်ရဦးမယ်

ချို ၊ ခါး ၊ ငန် ၊ ငရုတ်ကောင်း နံ့မွေး

ဖတ်လို့ကောင်း ဗဟုသုတတိုးပါ့ အစ်ကိုရေ
ခုထိ လေယာဉ်တစ်ခါမှ စီးဘူးသေးဘူးဗျာ

လေယျဉ်စီးရတာ အိပ်လို့ ကောင်းတယ်။

အတွေ့ကြုံတွေကို စုံလို့ပဲဗျာ။
ခုမှ ဖတ်ရတာမို့ အရသာရှရှိ ဖတ်ပစ်လိုက်တယ်။