မေလ ၂၄ရက် ၂၀၂၀။
အလွန်ပူပြင်းသော နေ့ဖြစ်သည်။ အပူကိုဂရုမပြုနိုင်ပေ။
ဂရုပြုလို့လည်းရမည်လော။ ဥတုဆိုသည်မှာ လူတို့အစိုးရ
သော အရာမဟုတ်။ အစိုးရသော သစ်ပင်တို့မှာလည်း လူတို့ကြောင့်
ငုတ်တိုပင်မကျန်တော့။
ပူတာက ပူတာပဲ ကမ္ဘာကြီးဘာကြောင့်
ပူနွေးလာရတာလဲ ကိုယ်နှင့်မဆိုင်၊။ ကိုယ်နှင့်ဆိုင်သည်က
ဝမ်းမငက်ဖို့ ခြေတွေလက်တွေ လှုပ်ရှားရမည်။ မောရမည်။ ပမ်းရမည်။ ချွေးထွက်ရမည်။(ပို၍ ပီပြင်အောင် နှဖူးက ချွေးစက်၊ မြေပေါ်သို့ တစ်စက်ကျသွားပုံကိုပြမည်)
ဟေ့ယောင် ၅ နာရီထိုးတော့မယ် လက်စသက်လိုက်တော့။ ကြားဖူး
သမျှစကားထဲတွင် ယခုကြားလိုက်ရသော စကားသည်အချိုဆုံး။
ပိုသည်ဟုလည်းမထင်စေချင်ပါ။ လူဆိုသည်က နဲနဲလေးပိုလိုက်ရမှ။
ဖုံသက်နေသော လွယ်အိပ်ကို ကောက်လွယ်လိုက်သည်။ လွယ်အိပ်ပုံ
စံကိုမဖော်ပြတော့။ ဖော်ပြလည်း ဘယ်သူမှစိတ်ဝင်စားမည်မဟုတ်။
သို့ပေမဲ့ လွယ်အိပ်ကတော့ ဂျီးအလိပ်လိပ်နှင့် မြေနီရောင်ပေါက်နေပြီ။
ဆိုင်ကယ်။ ဖုံတွေပေကျန်နေပြီး ကာဗာများလည်း ပွန်းပဲ့နေသည်။
စက်နိုးလိုက်လျှင် လူတွေရဲ့စိတ်ထဲတွင် ကြိမ်ဆဲကြသော
အသံမျိုးထွက်သည်။ ထိုဆိုင်ကယ်မျိုးကိုခွစီးပြီး အိမ်ပြန်လာသည်။
မခွပဲလည်း စီးလို့မှ မရပဲ။
ယနေ့ အလုပ်က တစ်ပက်စာငွေရှင်း လိုက်ပြီ။
မိန်းမနဲ့ ကလေးစားဖို့ ခေါက်ဆွဲကြော်ထုတ်ကလေး ဝယ်လာခဲ့သည်။
ခေါက်ဆွဲကြော်ဆိုတာ လက်လုပ်လက်စား သမားများအတွက်တော့
အကောင်းဆုံး အိမ်ပြန်လက်ဆောင်တစ်ခု။
တဲစုပ်ကလေး။ ပိုပြီးထင်ရှားအောင် အိမ်ရှေ့ပိုင်း ထရံများ၏
အပေါက်အပြဲများ။ ဟောင်းနွမ်းပြီးပေါက်နေသော သွပ်မိုးများ။
ထိုမှတဖန် ခြံစည်းရိုး ဟုခေါ်သော ဝါးလုံးများကိုပြမည်။
ထိုမှတဆင့် ချိုင့်ခွက်အမြောက်များ၊ ကမု အဖုအထစ်များ အထပ်ထပ်ဖြင့် လမ်းကလေး၊ ဘေးနှစ်ဖက်မှာ ဆူးခြုံနွယ်များက ထိုးထိုးထောင်ထောင်။ ထိုလမ်း၏ အဆုံးကို မျှော်နေသော သားအမိ။
ကောင်မလေးမှာ အသက်က ၇ နှစ်ခန့် အသန့်ဆုံးဟု ထင်ရသော
ဂါဝန်မှာပင် ညစ်ထေးနေသည်။ မိန်းမကြီးက အသက်က၂၉ နှစ်ခန့်။ မိန်းမကြီးဟုဆိုခြင်းမှာ အသားရေကမဲခြောက်ခြောက်၊ ဆံပင်က သိမ်းဆည်းထားသည့်ကြားက ဖွာလန်ကြဲနေ။ နှုတ်ခမ်းများက ခြောက်သွေ့ပြီးကွဲနေ။ အဝတ်စားက ရင်ဖုံး မီးခိုရောင် ခပ်မိုင်းမိုင်း၊အစကအဖြူရောင်ဖြစ်ပုံရသည်။ ထဘီက အနက်ရောင်။
သူတို့ရဲ့မျက်လုံးအစုံက လမ်းကလေးအဆုံးဆီ။
ဟော လှမ်းမြင်ရပါပြီ။ ရင်ထဲတွင် ဖြစ်ပေါ်လာသောပီတိက
သူ့ရဲ့တစ်နေ့တာလုံး အမောများကိုယူပစ်လိုက်သည်။ မိန်းမနှင့်သမီးက သူ့အားမမြင်သလို ဘာသိဘာသာ။ သေချာပြီ
ဒီနေ့အိမ်ပြန်နောက်ကျလို့ စိတ်ဆိုးနေကြပြီ။ မင်းတို့စားဖို့ ခေါက်ဆွဲ
ကြော်ဝင်ဝယ်နေလို့ နောက်ကျတာပါကွ လို့ ဖွတ်ပြီးယူလာသော
ခေါက်ဆွဲကြော်ကို မြှောက်ပြ။ ဒါလည်းပဲ သူတို့က မသိသေးသလို။
ဟန်ဆောင်နေကြသေးသည်။ တော်တော်ဟန်ဆောင်ကောင်းကြသား
ဟု စိတ်ထဲက ကြိတ်ချီးမွမ်းလိုက်သည်။ နောက်တစ်မျိုးစဥ်းစားစမ်း။
ရယ်အောင်လုပ်မယ်။ ဒါဆို သူတို့ဟန်ဆောင်နိုင်ကြမှာမဟုတ်။
လှည့်ပက်ပြီး မျောက်လို ကပြသည်။ ဒါလည်း သူတို့က မသိသလို
လုပ်နေကြတုန်း။
ဟေ့ ... ခေါ်သံကြားရာသို့ မိန်းမနှင့် သမီးကလေးက ပြိုင်တူကြည့်ကြသည်။
နင့်ယောကျာ်းလမ်းမှာ ဆိုင်ကယ်တိုက်လို့တဲ့.....
ဘာ..........
(အသံက ကျယ်လောင်သွားသည်။)
သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။ ငါဘာဖြစ်သွားတာလဲ။
သူ့ကိုယ်သူ စမ်းသပ်ကြည့်နေဆဲ။ သူ့မိန်းမနှင့် သမီးလေးက
သူ့ကိုယ်ကို ဖောက်ပြီးပြေးထွက်သွားကြသည်။
လမ်းမအလယ်မှာ ဆိုင်ကယ်အကျိုးအပဲ့နှင့် သွေးအိုင်ထဲမှာလှဲကျနေ
သော လူတစ်ယောက်။ လူအများက ဝိုင်းအုံကြည့်နေကြသည်။
အရေးပေါ် လူနာတင်ကားအသံကလည်း ကျယ်လောင်စွာမြည် နေသည်။ သူ့ကိုယ်သူ ပြန်မြင်နေရသည်။ ထိုစဥ် ဝတ်စုံနက်ကြီးနှင့်
သေမင်းရောက်လာသည်။
မင်းရဲ့ မိန်းမနဲ့ သမီးကလေးက မင်းကို မျော်နေကြတာ....
ဘာကြောင့်ပဲမောင်းမောင်း သတိနဲ့မောင်းကြဖို့ လူသားတွေ
စဥ်းစားကြသင့်တယ်။ မျှော်နေသူတွေရှိတယ် ဆိုတာကိုပေါ့....
ကိုကိုမိုးဟိန်း
@myanmarkoko
မေလ ၂၄ ရက်နေ့က လမ်းမှာ မြင်တွေ့ခဲ့ရသော ယဥ်တိုက်မှု
ကို ပြန်စဥ်းစားရင် ရေးသားမိခဲ့ပါသည်။
အရေးအသားွေ ကောင်းပါ့ဗျာ။ ထိုကြောင့် myanmarkoko လို့ ခေါ်တာပေါ့နော်။
တက်စွမ်းသလောက်တော့ ကြိုးစားပြီး ရေးနေပါတယ်။
တခါတလေကျ ဘာရေးရမှန်းသိဘူး😁
ဂွတ်ရှယ်တွေ လွှတ်နေပြီ
ဟု ကိုဟိန်း...
တခါတလေကျ ကလောင်က စွမ်းနေပြန်ရော😁
အို အရေးကောင်း အတွေးကောင်းလေးပ
ဟုတ် ကျေးဇူးပါ...
ရေးဖို့ အာသီသ ပြင်းပြလာလို့ပါ။
ဖတ်လို့ကောင်းဗျာ။ အရေးအသားရှယ်မိုက်။
ဟုတ် ကျေးဇူးပါ 😁