ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.

စာတွေရေးရင်း ရေးရင်းနဲ့ စာရေးဖို့ကို လက်တွန့်နေမိတယ်။ ဘ၀အောင်မြင်ရေးတွေ၊ အတွေးအခေါ်တွေ ကိုအများဆုံး ရေးနေတော့ တစ်ချို့မိတ်ဆွေတွေအနေနဲ့ ချမ်းသာတဲ့ သူဌေးကြီးလိုလို စိတ်ပညာ ပါမေက္ခကြီးလိုလို ထင်နေကြမလားပဲ။ မထင်နဲ့ မထင်နဲ့ အဲလိုတွေ အောင်မြင်နေတဲ့သူမဟုတ်ဘူး။ ဘာမှမဟုတ်သေးဘူး။ အောင်မြင်တဲ့အကြောင်း၊ ဘ၀တွေအကြောင်းကို စိတ်ဝင်စားတာတော့ အမှန်ပဲ။ ဒါကိုပဲရေးလိုတာလည်း အမှန်ပဲ။ ကိုယ်စာဖတ်ပြီး အသိတစ်ခု ရသွားစေချင်တဲ့ဆန္ဒ၊ အောင်မြင်တဲ့သူ ဖြစ်ချင်လည်း ဖြစ်သွားနိုင်စေချင်တဲ့ဆန္ဒအမှန်နဲ့ ရေးသားခြင်းဖြစ်ပါတယ်။ ကိုယ်မအောင်မြင်ပေမယ့် အောင်မြင်သွားတဲ့သူတွေကို အားကျမိကြတာ၊ အတုယူလိုကြတာ လူတိုင်းရဲ့စိတ်ထဲမှာ ရှိနေကြမှာ အမှန်ပဲမဟုတ်လား။ ဒါပေမယ့်လည်း သတ္တ၀ါလောကြီးမှာ ဖြစ်ချင်တိုင်း၊ ဖြစ်လို့မရသလို၊ အောင်မြင်ချင်တိုင်း မအောင်မြင်နိုင်တာတွေ ရှိပါတယ်။ ကံ ကံ၏အကျိုးတွေလည်း ပါကောင်းပါနိုင်တာပေါ့။ မမြင်ရတဲ့ကံဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံယုံကြည်ထားကြတယ်။ ကိုယ်က ဘယ်အချိန်မှာ ဘယ်လို ကုသိုလ် အကုသိုလ် အလုပ်တွေကို လုပ်ခဲ့မှန်း မမြင်နိုင်တဲ့ကံ မသိနိုင်တဲ့ကံတွေ ရှိစမြဲပါ။ ကံ ဆိုတာကို တဖက်စွန်းယုံကြည်နေတာ မျိုးမဟုတ်ပါဘူး။ လက်ရှိကိုယ်လုပ်နေတဲ့အလုပ်တွေဆိုတာ လက်ရှိကံတွေပဲဖြစ်တယ်လို့ ဆိုတယ်မဟုတ်လား။ အခုကိုယ်က ကောင်းတာလုပ်နေတာလား မကောင်းတာလုပ်နေတာလားဆိုတာကိုလည်း ကိုယ်တိုင်သိနေကြ တယ်မဟုတ်လား။

သတ္တလောကကြီးမှာက အခက်အခဲဆိုတာက မကြာခဏကြုံတွေ့နေကြရတာပဲဖြစ်မယ်။ ငါ့ကျမှ ဖြစ်လေခြင်း လို့တော့ မထင်မှတ်လိုက်ပါနဲ့။ လူတိုင်း လူတိုင်းမှာ အခက်အခဲဆိုတာကို ကြုံတွေ့နေရစမြဲပဲဖြစ်ပါတယ်။ အခက်အခဲခြင်းတော့ တူချင်မှ တူမှာပေါ့။ ကိုယ်က အခက်အခဲလို့ထင်တာကို သူ့အတွက်တော့ ပျော်စရာလို့ ထင်ချင်ထင်မှာပေါ့။ သူအခက်အခဲ လို့ထင်တဲ့အရာက ကိုယ့်အတွက် ထမင်းစားရေသောက်တာလောက် မခက်တာဖြစ်ချင်ဖြစ်နေမှာပေါ့။ တစ်ချို့ တစ်ချို့တွေက အခက်အခဲဆိုတာကို ရှောင်လွှဲဖို့ကြိုးစားချင်တတ်ကြ တယ်။ တစ်ခုကို ရှောင်ခဲ့ရင် နှစ်ခုဖြစ်သွားတတ်တယ်လို့ထင်ပါတယ်။ နှစ်ဆတိုးတာမျိုးမဟုတ်ပေမယ့် ရှောင်လွဲ တဲ့အတွက် သက်သာသွားတာမဟုတ်ပဲ။ ပိုဆိုးသွားတတ်တာမျိုးကို ဆိုလိုချင်တာပါ။ အခက်အခဲနဲ့တွေ့ကြုံတဲ့ အခါမှာ အချို့လူတွေက လောကကြီးကို စိတ်ကုန်ပါပြီဆိုပြီး လက်လျော့အရှုံးပေးသွားတတ်ကြပါတယ်။ အဲဒီလိုလူမျိုးတွေကတော့ အရှုံးသမားဆိုတာနဲ့ ဘ၀ကို အဆုံးသတ်သွားကြရပါတယ်။ နောက်လူတစ်ချို့က တော့ အခက်အခဲဆိုတာကို မြင်တွေ့ရရင် အခက်အခဲလို့ မမြင်တတ်ပဲ အခွင့်အရေးလို့ မြင်တတ်ကြပါတယ်။ ဘယ်လိုအခွင့်အရေးမျိုးလဲဆိုရင် အတွေ့အကြုံသစ်တစ်ခုကို စမ်းသပ်ခွင့်ရတဲ့အခွင့်အရေးမျိုးလို့ မြင်တတ်ကြ ခြင်းပဲဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကတော့ အောင်မြင်ဖို့နီးစပ်တဲ့လူမျိုးဖြစ်ပြီး တကယ့်လက်တွေ့မှာလည်း တစ်ချိန်ချိန်အောင်မြင်ကြတတ်ပါတယ်။ ဒီတော့ အခက်အခဲဆိုတာကို ခံယူတာခြင်းမတူတဲ့အတွက် ရရှိတဲ့ အကျိုးကလည်း မတူညီတာကို မြင်နိုင်ပါတယ်။ ဘာနဲ့တူနေသလဲဆိုရင် နေရောင်ခြည်ကို ခံယူရတဲ့ နွားနို့လို အရာတွေဟာ ပျက်စီးကုန်ကြရသလို နေရောင်ခြည်ကိုပဲ ခံယူကြတဲ့ သစ်သီးတွေကတော့ တဖြည်းဖြည်း ရင့်မှည့်လာကြရတာနဲ့ တူနေပါတယ်။

အခက်အခဲကို တစ်ချို့က ဒုက္ခလို့သတ်မှတ်ကြတယ်။ အဲဒီလို ဒုက္ခလို့ သတ်မှတ်လိုက်တဲ့အခါမှာတော့ လုပ်သမျှ ဒုက္ခဖြစ်တတ်ကြတာကိုတော့ သတိမပြုမိလိုက်တတ်ဘူး။ ဒီအခါမှာလည်း ငါကိုက ကံမကောင်းတာ ပါဆိုပြီး မမြင်ရတဲ့ ကံကို ယိုးမယ်ဖွဲ့ပြီး နေတတ်ကြပါသေးတယ်။ တစ်ချို့ကလည်း ဖန်ဆင်းရှင်တွေကပဲ ဒီ အခက်အခဲဒုက္ခဆိုတာတွေကို ဖန်တီးရှင်အလိုတော်အတိုင်းပဲလို့ လက်ခံယုံကြည်ကြတာတွေလည်း ရှိပါတယ်။ ဖန်ဆင်းရှင်တွေကပဲ ကိုယ့်ကို ကွက်ပြီး အခက်အခဲဒုက္ခတွေ ချပေးနေသလိုလို ထင်ယောင်ထင်မှားတွေ ဖြစ်တတ်ကြတယ်။ ကိုယ်လက်ရှိလုပ်ရမယ့် ဇွဲ လုံ့လ ၀ီရိယ ဥာဏ်ပညာဆိုတာတွေကို အားမကိုးကြတော့ဘူး။ ကြိုးစားအားထုတ်လိုမှု မရှိကြတော့ဘူး။ ဒါဆိုရင် ဘယ်လိုနည်းနဲ့ အောင်မြင်ကြီးပွားနိုင်ပါတော့မလဲ။ တစ်ချို့ ကျတော့လည်း အခက်အခဲနဲ့ကြုံလာချိန်မှာ စကားတွေများ၊ ရန်တွေဖြစ်ပြီး မင်းဘာလဲ ငါဘာလဲဆိုပြီး စိတ်လိုက်မာန်ပါ အမှားမှား အယွင်းယွင်း ဖြေရှင်းတတ်ကြတယ်။ ဒီလိုဖြေရှင်းရင် တစ်ခါတစ်လေတော့ မှန်မယ်၊ မှားဖို့က များတတ်ပါတယ်။ ဒေါသကလည်းပါ မာန အတ္တဆိုတာတွေနဲ့ အလျော့မပေးလိုတာတွေကြောင့် မှားတတ်တာက များပါတယ်။ အခက်အခဲဆိုလေတိုင်း လူတွေရဲ့ ဖြေရှင်းနည်းပေါ်မှာ မူတည်နေတယ်ဆိုတာကို သိစေလိုရင်းဖြစ်ပါတယ်။ အခက်အခဲဆိုတာ သေချာစဉ်းစား အဖြေရှာမယ်ဆိုရင် အခက်အခဲဆိုတာ ပြေလည် သွားတတ်တာက များပါတယ်။ ဘာမှမဖြစ်သေးတဲ့ အနာဂတ်ကိုမျှော်တဲ့ပြီး စိုးရိမ်စိတ်လွန်ကဲနေသူတွေလည်း ရှိတတ်ပါသေးတယ်။ ဒီလိုလူတွေဟာလည်း မမြင်ရတဲ့ အတိတ်ကံကို ပုံချနေတာနဲ့အတူတူပါပဲ။ အတိတ်ဆိုတာ မမြင်ရသလို အနာဂတ်ဆိုတာလည်း မြင်ရတာမှမဟုတ်ပဲ။ ဒါကိုလည်း လူတိုင်းလူတိုင်းက ပြောတော့ပြောနေကြတာပါပဲ။

တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် ဟိုးတစ်ချိန်က ကိုယ်ရဲ့အခက်အခဲဆိုတာတွေက ခုချိန်မှာ ရယ်စရာ ဟာသ တစ်ခုလိုဖြစ်နေတာကို မြင်ရပါလိမ့်မယ်။ တကယ်တမ်းကြုံနေတဲ့အချိန်တုံးကတော့ ဘယ်လိုဖြေရှင်းရ မှန်းမသိပေမယ့် ဒီနေ့ ဒီအချိန်သာကြုံကြည့်စမ်းပါလို့တောင် ကြိမ်းဝါးချင်ကြပါလိမ့်မယ်။ မယုံရင် အရင်တုံးက ဖြစ်ခဲ့ဖူးတဲ့ အခက်အခဲလေးတစ်ခုလောက် စဉ်းစားကြည့်လေ။ ဒီတော့ ချစ်မိတ်ဆွေများကို ဒီနေရာမှာ အကြံပြုချင်တာကတော့ ဒီနေ့ကြုံနေရတဲ့ အခက်အခဲဆိုတာတွေကို သေချာ စာနဲ့ရေး ချက်ချင်းမဖြေရှင်းပဲ နောက်နေ့မှ ဖြေရှင်းမယ်ဆိုရင် အခက်အခဲအတော်များများဟာ ဖြေရှင်းစရာ မလိုပဲ ပြေလည်နေတာကို တွေ့ရတတ်ပါတယ်။ အဲ အကြံပြုကြည့်တာပါ။ လူ့ဘ၀ကြီးမှာက အခက်အခဲကို မဖြေရှင်းပဲ လက်လျော့ ရှောင်ပြေးဖို့ကြိုးစားမယ်ဆိုရင် အောင်မြင်မှုဆိုတာနဲ့ဝေးသွားမှာဖြစ်သလို လူအချင်းချင်း လူလည်ကျရင် ဒါမှ မဟုတ် လူပါးဝမယ်ဆိုရင်တော့ အမြဲတမ်း အောင်မြင်မှုဆိုတာ မရရှိနိုင်ပါဘူး။ အခက်အခဲတွေကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းမှသာ၊ လူလည်မကျ လူပါးမ၀မှ အောင်မြင်မှုက ရေရှည်တည်တံ့နိုင်မှာပဲဖြစ်ပါတယ်။¬ စကားလက်ဆောင်ပါးချင်တာကတော့ “အောင်မြင်မှု ဆိုတာက အခက်အခဲတွေကို ဖြေရှင်းနိုင်သူ ရရှိတဲ့ လောကရဲ့ လက်ဆောင်မွန်တစ်ခု ဖြစ်ပါတယ်” ဒီတော့ အခက်အခဲတွေကို ဖြေရှင်းရင်းနဲ့ အင်အားတွေမွေးပြီး အောင်မြင်မှု လက်ဆောင်တွေကို ရယူကြပါစို့လို့ တိုက်တွန်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ (Author)_______

@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
28-6-2019 သောကြာနေ့(Friday)
ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here
ကျေးဇူးတင်ပါတယ်ဗျာ
Thank you so much.
ကံသာအမိ ကံသာအဖ ပေကိုးဗျ
Posted using Partiko Android
ကံယုံလို့ ချီးပုံမနင်းနဲ့ဟ နံတတ်တယ် 😜 😜
အိမ်မက် မက်ရင်း ဆက်ရေးရင်း
အားပျော့လာတယ်