အကျည်းတန်​ လှပ​ခဲ့​သော ​နေ့စွဲများ

in #myanmar7 years ago (edited)

IMG_20170831_003246.jpg

မင်္ဂလာပါ ...
တစ်​စုံတရာ​သော ရသကို ဖန်​တီး​ပေးပါရ​စေ..။
•••••••••••••••••••••••••
ပိန်းပိတ်​​အောင်​​မှောင်​​နေတဲ့ ညကိုလင်းချင်း​စေဖို့​ဖျော့​တော့​​မှေးမှုန်​​နေတဲ့ အ​ရောင်​မှိန်​မှိန်​မီးလုံး​လေး
က သူတတ်​နိုင်​မျှအလင်းကို သနားစရာဖျစ်​ညစ်​​​ပေးနေရှာတယ်​။

တခြိမ့်​ခြိမ့်​ ထစ်​ချုန်းမြည်​ဟီးတဲ့ မိုးခြိမ်းသံဟာ ​​တောင်​တန်းကြီး​တွေကြားမှာ ပဲ့တင်​လူးလား ဟိုဒီ​ပြေးသွား​လိုက်​ရလို့ နားမခံသာမဖြစ်​​စေ​တော့ပဲ နူးညံ့သွားသ​ယောင်​ ထင်​ရတယ်​။

ရွာ​နေတဲ့ မိုး​ပေါက်​​တွေ မစို​မထိ​ရအောင်​ ကာကွယ်​​ပေးရင်း သက်​ကယ်​အမိုး​လေးက တ​ဖောက်​​ဖောက်​မြည်​​နေရှာသလို ​တ​ဝှေ့​ဝှေ့တိုက်​​နေတဲ့ မိုးသက်​​လေကို ကြံကြံခံ စီးကာ​ပေးတဲ့ တဲနံရံ​လေးက​တော့ တဝူးဝူး​အော်​​နေ​လေရဲ့။

အတန်းလိုက်​ အတန်းလိုက်​ စီစီရီရီရှိ​နေတဲ့ တဲအိမ်​တန်း​ယားလေး​တွေဟာ အ​မှောင်​ထုရဲ့ရင်​ခွင်​မှာ ဆိတ်​ငြိမ်​စွာ​ ​မှေးစက်​​နေကြ​လေတယ်​။

ဝင်းခနဲ လက်​ခနဲ ပျက်​လိုက်​တဲ့ လျှပ်​စီး​ရောင်​​ဟာ ဖုံးအုပ်​​နေတဲ့ အ​မှောင်​ဝတ်​ရုံလွှာကို ရုတ်​ချည်းဆွဲဖယ်​လိုက်​တာ​ကြောင့်​ သြကာသ​လောကခမြာမှာ ပကတိအရှိတရားကို အထင်းသား​ ​ဖော်​ပြရရှာတယ်​။

တချက်​တချက်​လွင့်​ပျံ့လာတဲ့ ​တေးသီချင်းဟစ်​​အော်​ဆိုငြီးသံဟာ အ​နှောင်​အဖွဲ့ခံလူသားရဲ့ရင်​ထဲကထွက်​ကျလာတယ်​လို့ မထင်​ရ​အောင်​အပူအပင်​ကင်းမဲ့ပြီး ကြားရသူရင်​ကို လွမ်း​မော​စေတယ်​။

ငှက်​​ပျောဖက်​​လေး​ပေါ်မှာ အ​ငွေ့တ​ထောင်း​ထောင်းထ​နေတဲ့ ဆန်​လုံးပုပု နီကျင့်​ကျင့်​အ​ရောင်​ထ​နေတဲ့ ထမင်းပူပူ​လေးဟာ မျှင်​ငပိနဲ့​ရော​ထောင်းထားတဲ့ ငါးပိ​ထောင်းအနံ့​လေးရဲ့ အကူအညီကိုယူပြီး အမြန်​စားလှည့်​ပါ​တော့လို့
ဖိတ်​​ခေါ်​နေသလိုပဲ။

နဂိုကတည်းကခပ်​စိမ့်​စိမ့်​​အေးတဲ့အထဲ မိုး​ကြောင့်
ပိုလာတဲ့အ​အေးဒဏ်​ကို ​လျော့ပါး​အောင်​ကူ​ပေးသူဆိုလို့ ရဲခနဲရဲခနဲ​နေ​အောင်
ဖွာရှိုက်​မိတဲ့ ​ဆေး​ပေါ့လိပ်​​အတို​လေးရယ်​၊ဖန်​တရာ​တေ​အောင်​ ​​​ညစ်​​ထေး​နေတဲ့ ချည်​​စောင်​ပိုင်း​လေးရယ်​၊တကျိုက်​ချင်း ​မော့ချ​နေကျ ဆန်​ကို​ဖောက်​ထားတဲ့ ခပ်​ပြင်းပြင်းအရက်​အိုး​လေးရယ်​ပါပဲ။

ခံစားချက်​တချို့တချို့ကို ဆိုငြီးတဲ့အခါတိုင်း အ​ဖော်​လုပ်​​ပေးတဲ့ ဂစ်​တာအို​လေးက​တော့ အိပ်​​နေကျဝါးကွပ်​ပျစ်​​လေးရဲ့ ​န​ဘေးမှာမှီ​နေတယ်​။

တောင်​ပြာ​တွေ ပတ်​လည်​၀ိုင်းပြီး ​မျှော်​​လေရာလွမ်းဖို့​ကောင်းတဲ့ ​ဒေသ​ဖြစ်​​ပေမယ့်
လာချင်​လို့ လာကြသူဆိုတာ မရှိပဲ ခါးသီးနာကြည်းမှု​အသံ​တွေ မိုးလင်းမိုးချုပ်​ကြား​နေရတဲ့ ဒီ​နေရာကို
ငါဘာ​ကြောင့်​ ​ရောက်​​နေပါလိမ့်​??ဆိုတဲ့ အ​တွေးက
စိတ်​ထဲပဲ့တင်​ထပ်​​နေတယ်​။

အားပါးတရရှိုက်​ဖွာ မှုတ်​ထုတ်​လိုက်​တဲ့ ​မီးခိုး​ငွေ့​တွေက တစုံတစ်​​ယောက်​ရဲ့ ပုံပန်းအသွင်​ကို ​လက်​ရာ​မြောက်​စွာ ​ဖော်​ပြ​နေသလားပဲ...။
အိပ်​မက်​ထဲမှာ ဆုံ​တွေ့ရနိုး ​မျှော်​ကိုးပြီး မအိပ်​ချင်​​သေးပဲ ဇွတ်​မှိတ်​အိပ်​စက်​လိုက်​တယ်​။


Credit- Photos
ဝေလီ​ဝေလင်း ​အိပ်​ချင်​မူးတူး​နဲ့
မနိုးတနိုးဖြစ်​​နေချိန်​ ဆွဲဆွဲငင်​ငင်​ဝင်လာတဲ့အသံက

" နွားလွှတ်​မယ်​ဗျိုးးးးနွားးနွား"

တိတ်​ဆိတ်​ကြည်​လင်​​နေတဲ့ မနက်​အာရုဏ်​ဦးထဲမှာ သူ့နှိုး​ဆော်​သံဟာ ဒီနားကတောစပ်​တခွင်​မှာ ပဲ့တင်​ထပ်​သွားတယ်​။သူ့အသံကြားလိုက်​တာနဲ့ မနက်​ ၆နာရီခွဲဆိုတာ သိလိုက်​ပြီ။သူက​တော့ ဒီအဝိုင်းထဲက အိမ်​တိုင်းအိမ်​တိုင်းမှာ ​မွေးထားသမျှ နွားအားလုံးကို တစ်​​ယောက်​ထဲ ဒိုင်​ခံ​ကျောင်း​ပေးဖို့ နွား​ကျောင်းတာဝန်​​ပေးထားခြင်းခံရတဲ့
သူတစ်​​ယောက်​ပါ။သူက အားလုံးရဲ့ နှိုးစက်​ဆိုပါစို့​လေ။ကျုပ်​လဲ သူအသံကြားမှ နိုးကြားသွားပြီး မထချင်​​သေး​ပေမဲ့ တာဝန်​တစ်​ခုဆိုတာ ရှိပါ​သေးလားဆိုတဲ့အသိနဲ့ ကိုယ်​လက်​သန့်​စင်​ဖို့ အားယူထလိုက​ပေမယ့်​​ အိပ်​မှုန်​စုံဝါးဖြစ်​နေတုန်းပဲ။တခြားအိမ်​ဝိုင်း​တွေမှာလဲ သူ့အသံကြားမှ ကိုယ့်​အိမ်​ကနွား​တွေကို ကြိုး​ဖြေလွှတ်​သူက လွှတ်​၊ ​ပေ​တေ​တေ ကပ်​တပ်​တပ်​လုပ်​​နေတဲ့ နွားကို ​ခြောက်​သူက​ခြောက်​ ​ဟောက်​သူက​ဟောက်​နဲ့ နံက်​ခင်း​လေးဟာ အသံစုံစုံနဲ့ ပိုအသက်​ဝင်​လာတယ်​။
ဒီလိုနဲ့ တ​အောင့်​အကြာမှာ​တော့ အိမ်​တန်းအသီးသီးက လွှတ်​လိုက်​တဲ့ နွားထီး နွားမ နွားပျို နွားအိုဟူသမျှတို့ဟာ သူတို့​ကို​နေ့စဉ်​နဲ့အမျှ လမ်းပြ​စောင့်​​ရှောက်​​နေတဲ့သခင်​ရဲ့အ​စောင့်​အ​ရှောက်​နဲ့အတူ စားကျက်​​မြေရှိရာကို သွားဖို့ အသုတ်​လိုက်​ အအုတ်​လိုက်​ စု​ဝေးတန်းစီ​ရောက်​ရှိလာကြတယ်​။အဲဒီလိုစုံညီသွားပြီး
သိပ်​မကြာခင်​မှာပဲ သူ့ရံ​ရွေ​တော်​ နွားအုပ်​ကြီးရဲ့ ​နောက်​က​နေ ​လောက်​​လေးခွထည့်​ထားတဲ့ သူ့လွယ်
အိတ်​က​လေးကို တ​စောင်းလွယ်​ပြီး ပါးစပ်​က "ဟဲ့ ဟိုနွား ..​အော်​ ဒီနွား" ဟု ဟန့်​ကာမန့်​ကာဖြင့်​ ထွက်​ခွာသွားပါ​တယ်​။မိုး​ငွေ့နှင်း​ငွေ့ မပျယ်​​သေးပဲ စိမ်းမြမှုန်​​ဝေ​နေတဲ့ ​တောတန်း​နောက်​ခံ​ပေါ်မှာ နွားအုပ်​ကြီးဟာ သူ့ရဲ့စီမံမှု​အတိုင်း အစီစဉ်​တကျ သူ့ရှေ့က​နေ တ​ရွေ့​ရွေ့ ​ရွေ့လျားသွားတဲ့ မြင်​ကွင်းက ကျုပ်​အတွက်​​တော့ ​မရိုးနိုင်​ပဲ မနက်​တိုင်း ထကြည့်​ရတာ အကျင့်​တခုလိုဖြစ်​​နေခဲ့ပြီ​ပေါ့။တခါတ​လေ သူဆိုငြီးသွားတဲ့ သီချင်းသံ တပိုင်းတစက မကြားတချက်​ ကြားတချက်​နဲ့ မနက်​ခင်းပျိုရဲ့​ ​ခြေ​တော်​ရင်းမှာ လွင့်​ကျန်​ခဲ့တယ်​။

" " ရိုးရိုး​လေး ယဉ်​တယ်​ဗျာ ..သိပ်​လှတယ်​ ဆရာမရာ " "သိမ်​​မွေ့စွာ အပြုံးက​လေးများက..အသဲထဲစွဲ​ပေါ့ဗျာ " "

အော်​..တကယ်​တမ်း​တော့ ကြမ်းကြုပ်​ရက်​စက်​မှု​တွေနဲ့ ဒီ​နေရာကို မ​ရောက်​ချင်​ပဲ သူ​​ရောက်​လာခဲ့​ပေမယ့်​ သူ့မှာ နူးညံ့ခံစားတတ်​တဲ့အသဲနှလုံးရှိတာပဲ...လို့ ကျုပ်​တ​စ်​ကိုယ်​တည်း သုံးသပ်​မိရင်း မျက်​နှာသစ်​ဖို့ ဟန်​အပြင်​မှာ​တော့
သံကို သံချင်းပွတ်​တိုက်​​နေတဲ့
"" ချွင်​ ချွင်​..ချွင်​ချွင်​ "" ဆိုတဲ့အသံ​တွေရယ်
ကြိမ်း​မောင်းဆူပူ​နေတဲ့ အသံတချို့ရယ်​​ကြောင့်
အလှမပီပြင်​သေးတဲ့ နံနက်​ခင်း​ပျိုလေးလဲ
ရော​ရော​နှော​နှော အကျည်းတန်​သွားရရှာတယ်​ ။ ။

ချစ်​​သောအားဖြင့်
@Builderb

Sort:  

လမ်းကြောင်းမှန်ပေါ်ကိုတက်လာဖို့ရွေးချယ်လိုက်တာ မှန်မမှန် သိလောက်ပီလို့ထင်ပါတယ် ကြိုးစားထား ဘရို အားပေးပါတယ်ဗျာ

Hi @ansoe
Thanks for supporting on me.
Have a great time!

စာအ​ရေးအသား​ကော တင်​ပြချက်​​ကော ​ကောင်းတယ်​ဗျာ
အကြည်​​တော်​ စာစ​ရေးတုန်းက သစ်​ရွက်​​လေးမြင်​သစ်​ရွက်​​လေး ​ရေးသလိုပဲ
မနက်​လန်းဆန်းစွာ နိုးထပြီး အမြင်​​ကော အသံ​ကော ခံစားမှု အ​တွေး​ကော ထည့်​​ရေးသွားတယ်
ဆာက ဆာပါပဲ

Hi @thatkozaw
အား​ပေးတဲ့အတွက်​ ဝမ်းသာပါတယ်​ခင်​ဗျ။
ဆာ​တော့ မဟုတ်​ပါဘူးခင်​ဗျ :)
အားလုံးအဆင်​​ပြေပါ​စေဗျာ..​ကျေးဇူးပါ

စာဖတ်နေရင်းက နေ့စဉ်အလုပ်သွားနေကြတဲ့ bus ကားဂိတ်က လူအုပ်တွေကို မျက်စိထဲမြင်နေမိတယ်.....

တစ်​ခုခုရရှိသွားရင်​ ​ကျေနပ်​မိတယ်​ခင်​ဗျ

ရောက်နေတဲ့နေရာနဲ့ သူ့ရဲ့အတွင်းစိတ်ဟာ ဆန့် ကျင်ဘက်ဖြစ်နေပါလားနော် ရင်လေးစရာသူ့ဘဝ so sad

ရသတစ်​ခုကို ရရှိခံစားမိလို့ ​ကျေးဇူး sispskk