Home Stay (Chapter 49)

in #myanmar4 years ago

85ptci.jpg

ဒီနေ့ ဘာရေးလျှင် ကောင်းမည်နည်း။ စာရေး ပိုစ့်တင်သည် ဆိုပေမယ့် ခုတလော ရေးဖြစ်သည့် အကြောင်းအရာ အများစုက ပြင်ပ ဗဟုသုတ အကြောင်းအရာများထက် ကိုယ့်အကြောင်းကို ပြန်ပြော၊ ပြန်ရေးနေသလို ချည်းဖြစ်နေ၏။ ကိုယ့်အကြောင်းကို ပြန်ရေးနေရအောင်လည်း ကိုယ့်အကြောင်းက သူများတွေလို ထူးခြားမှု၊ ဆန်းကြယ်မှု၊ လေ့လာသင်ယူ အတုယူစရာတွေ မပါ မရှိနေပြန်ပေ။ home stay ဆိုပြီး ခေါင်းစဉ်တွေ တပ်ပြီး ရေးလာခဲ့တာ (၅၀) နားပင် ကပ်လာပြီ။ အိမ်မှာ နေရသည့် ကာလတွေ ပြီးလျှင်တော့ အခြားအကြောင်းအရာတွေ ရေး ဖြစ်မည် ထင်၏။

ခုတော့ တနေ့ တနေ့ ဘာလုပ်ဖြစ်တယ်၊ ဘာဂိမ်းဆော့ဖြစ်တယ်၊ ဘာကား ကြည့် ဖြစ်တယ် အစရှိတာတွေကိုပဲ ရေးနေဖြစ်တော့၏။ ဇာတ်ကားတွေက ကြည့်ဖြစ်ပေမယ့် ယခင်လို review ရေးဖို့ကြ မလုပ်ဖြစ်နေသေးပေ။ ကြည့်ပြီးသည့် ဇာတ်ကားကို ပြန်ရေးလိုက်ရုံပဲ ဆိုပေမယ့် data တွေတော့ စုရသေးသည်ကိုး။ ဥပမာ အားဖြင့် ပါဝင်သရုပ်ဆောင်သူတွေ၊ ဒါရိုက်တာ၊ နောက်ကွယ်က အကြောင်းအရာတွေ အစရှိတာတွေကို ရှာရသေး၏။ ရှာတာက ဘာမှ မခက်ပေ။ ဒီအတိုင်း google ခေါက်လိုက်လျှင် ရ၏။ အမှန်တော့ ကျနော်ကိုယ်တိုင်က ထိုသို့ ခေါက်ရမှာကို ပျင်းနေခြင်း ဖြစ်၏။

ydsu83.jpg

ပြောရလျှင် ခုတလော တော်တော်လေးကို ပျင်းနေ၏။ တော်တော့်ကို ပျင်းနေခြင်း ဖြစ်၏။ လုပ်ချင်တာ မလုပ်ရ၊ မလုပ်ချင်တာတွေချည်းပဲ ဆက်တိုက် လုပ်နေရသဖြင့် လူလည်း တော်တော်လေး ဂေါက်ချင်ချင် ဖြစ်နေပြီ။ အဓိက တရားခံကတော့ covid ပင် ဖြစ်၏။ covid ကြောင့်ပဲ အလုပ်တွေလည်း ပြန်မစနိုင်သေးပေ။ ထို့ပြင် futsal လည်း သွား မကန်နိုင်သေးပေ။ အချို့ ကွင်းတွေက ပြန်ဖွင့်နေပြီ၊ သူငယ်ချင်းတွေလည်း သွားကန်နေကြပြီ။ ကျနော်ပဲ လိုက်မကန် ရ၊ မကန် ဖြစ်သေးခြင်း ဖြစ်၏။ အိမ်မှာက တူ၊ တူမလေး (၂) ယောက်နှင့် အမေ တယောက်ထဲကိုး။ ထို့ကြောင့်ပဲ အိမ်မှာပဲ နေပေးနေရခြင်း ဖြစ်၏။

covid ကာလမဟုတ်ဘဲ သာမန်အချိန်လိုမျိုး ဆိုလျှင်တော့ နောက်လဆို ကျောင်းဖွင့်ချိန် ဖြစ်နေပြီ ဖြစ်သဖြင့် တူလေးလည်း သူ့ အမေနား ရောက်နေလောက်ပြီ။ သို့ဆိုလျှင် အိမ်မှာ တူမလေး တယောက်ထဲ ဆိုတော့ ကျနော်လည်း အေးအေးဆေးဆေး ဘောလုံး သွားကန်လို့ ရ၏။ တယောက်ထဲဆိုတော့ အမေလည်း ထိန်းနိုင်၏။ ထို့ပြင် သူတို့က တယောက်ထဲ သိပ်မဆူ၊ သိပ်မပြောရပေ။ (၂) ယောက်ပေါင်းလိုက်မှ ထိန်း မနိုင်ခြင်း ဖြစ်၏။ ခု covid ကြောင့် ကျောင်းတွေက (၇) လပိုင်းမှ ဖွင့်မည် ဆိုတော့ ကျနော့်မှာ အခက်တွေ့ရ၏။

ဘယ်မှ မသွား၊ မလည်ရတာက ကိစ္စ မရှိပေ။ ဘောလုံး သွားမကန်ရတာတော့ တကယ် ဆိုး၏။ သူငယ်ချင်းတွေကလည်း မလာဘူးလား၊ မကန်ဘူးလားချည်း မေးနေကြတော့၏။ ကိုယ့်မှာလည်း ကိုယ့်အပူနှင့် ကိုယ်မလား။ သူတို့က ကလေးတွေ ခေါ်လာခဲ့၊ ထိန်းပေးမယ်၊ ကြည့်ကူမယ်လို့ ပြောကြ၏။ ခက်တာက သူတို့ အမေတွေ (ကျနော့် အမတွေ) ကြောင့် ဖြစ်၏။ covid ကာလကြီးကို ကလေးတွေ အပြင်ခေါ်သွားပါက ပြောလိုက်မယ့် ဖြစ်ချင်း။ မခေါ်သွားဘဲ ကျနော်ပဲ သွားကန် ပြန်လျှင်လည်း ပြောကြပါလိမ့်ဦးမည်။ အဝေးက လူတွေ မပြောနှင့် အနီးအနားက အမေကတောင် တရက်သားက ဘောလုံး ပြန်ကန်ချင်ကြောင်း စကားဦး သန်းမိတော့ ဘာမှ ပြန်မပြော မသိချင်ယောင် ဆောင်နေ၏။ ထို့ကြောင့် ကျနော့်မှာ ပျင်းလက်ဆနှင့်ပဲ ဆက်ပျင်းနေရတော့၏။ ကြော်ငြာထားသည့်အတိုင်း (၇) လပိုင်းမှာ ကျောင်းတွေ တကယ် ပြန်ဖွင့်နိုင်ပါစေလို့ ဆုတောင်းနေမိတော့၏။

Don Jaun