Kg နှင့် ကျူရှင်ယဉ်ကျေးမှု

in #myanmar7 years ago (edited)

images (2).jpg
တကယ်တော့ ကလေးတွေ ကျူရှင်ယူတာကောင်းပါတယ်။ ဘာကြောင့်ကျူရှင်ယူတာကောင်းတာလည်း ဆိုတာရှင်းပြပါမယ်။ ပြောင်းလဲလာမယ့် ပညာရေးစနစ်အရ Kg တန်းကနေစပြီး ပြောင်းလာမည့် သင်ရိုးညွှန်းတမ်းပုံစံဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို အလေးထားပြီး ကျောင်းသင်ခန်းစာတွေဟာ လက်တွေ့ဘ၀နဲ့ ချိတ်ဆက်ပြီး လေ့လာနိုင်အောင်စီစဉ်ထားတဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ Kg သင်ရိုးသစ်မှာ ကလေးများအတွက် သင်ယူမှု နယ်ပယ်(၆)ခုရှိပါတယ်။

၁။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်း

၂။ စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း

၃။ အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်း

၎။ သင်္ချာအခြခံများကို စူးစမ်းလေ့လာခြင်း

၅။ အနုပညာရသခံစားခြင်းနှင့် ဖန်တီးခြင်း

၆။ ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း

ဆိုတဲ့ သင်ယူမှုနယ်ပယ်(၆)ခုနဲ့ဖွဲ့စည်းထားပါတယ်။

     အဲဒီနယ်ပယ်(၆)ခုထဲက နယ်ပယ်ဘယ်နှစ်ခုကိုများ ကျောင်းမှာ ထိထိရောက်ရောက် သင်ယူလေ့လာနိုင်ရန် ပြင်ဆင်ပေးထားနိုင်ပါသလဲ။ လက်ရှိအခြေအနေအရတော့ စာသင်ကျောင်းတွေအနေနဲ့ အဲဒီသင်ယူမှုနယ်ပယ်(၆)ခုထဲက အနည်းဆုံး နယ်ပယ်(၂)ခု(အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်း၊ သင်္ချာအခြေခံများကို စူးစမ်းလေ့လာခြင်း)နဲ့ သင်ရိုးပြဌာန်းစာအုပ်ကိုသာလျင်ကောင်းစွာ လေ့ကျင့်သင်ကြားပေးနိုင်သည့် အခြေအနေသာရှိပါတယ်။ ကျန်သည့် နယ်ပယ်လေးခုအတွက် ကောင်းစွာ သင်ယူလေ့လာနိုင်ရန် ဖန်တီးပေးနိုင်မှုအားနည်းနေပါသေးတယ်။ အဲဒါကြောင့် Kg မှာ ကျူရှင်လိုအပ်တယ်လို့ပြောရတာပါ။
      နောက်တစ်ခု ကျွန်တော်ပြောချင်တာက ကျူရှင်ယဉ်ကျေးမှု ကျူရှင်လို့ပြောလိုက်ရင် ကျွန်တော်တို့မိဘများနဲ့ ဆရာများ ပြေးမြင်မိတာက ကျောင်းမှာ သင်လိုက်သည့် စာတွေကို ပြန်လည်လေ့ကျင့် သင်ကြားတာမျိုးပါ။ မိဘများအနေနဲ့ ကိုယ့်ရဲ့ကလေးကျူရှင်မယူရင် ကလေးစာမလိုက်နိုင်မှာ စိုးရိမ်တယ်။ အတန်းထဲမှာ မျက်နှာငယ်ရမှာစိုးရိမ်တယ်(မိဘများရဲ့ယူဆချက်)။ ထားပါတော့ တခြားဟိုအကြောင်း ဒီအကြောင်းတွေကြောင့် ကလေးကို ကျူရှင်ထားမယ်ပေါ့။ ကျွန်တော်အနေနဲ့ ကျူရှင်မထားရဘူးလို့ပြောလိုရင်းမဟုတ်ပါဘူး။ ကျူရှင်ဘယ်လိုထားမလည်း။ ဘယ်လိုထားသင့်သလဲ ဆိုတာလေးပြောချင်တာပါ။ အဲဒီတော့ မိဘများအနေနဲ့ ကလေးကို ကျူရှင်ထားတယ်ပေါ့ ကျူရှင်မှာ ဘာတွေလေ့ကျင့် ပေးသလဲ သင်ယူလေ့လာမှုအတွက် ဘာတွေဖန်တီးပေးနိုင်လဲ။ ကျောင်းမှဖြည့်ဆည်းပေးနိုင်သည့် သင်ယူလေ့လာမှုတွေအတွက် ပြန်လည်လေ့ကျင့်ပေးသည့် ပုံစံပဲဆိုရင်တော့ ကလေးအတွက် ကျူရှင်ဆိုတာ ၀န်ထုပ်ဝန်ပိုးတစ်ခုသာလျင်ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ကျူရှင်ဆိုတာ ကျောင်းမှဖြည့်ဆည်းပေးနိုင်ခြင်းမရှိသည့် သင်ယူမှုနယ်ပယ်အတွက် ပြင်ဆင်လေ့ကျင့်ပေးနိုင်သည့် သင်တန်းကျောင်းပုံစံဖြစ်သင့်ပါတယ်။ ဥပမာ - အနုပညာရသ ခံစားခြင်းနှင့် ဖန်တီးခြင်း ဆိုတဲ့ သင်ယူမှုနယ်ပယ်အတွက် ကျောင်းတွေအနေနဲ့ ဂီတဆရာ တူရိယာပစ္စည်း စတဲ့ အနုပညာနဲ့ သက်ဆိုင်သည့် ဆက်စပ်ပစ္စည်းတွေ သင်ကြားလေ့ကျင့်ပေးနိုင်သည့် ဆရာတွေ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးပါဘူး။ ထို့ကြောင့် မိဘများအနေနဲ့ မိမိတို့ရဲ့ကလေးကို ကျူရှင်မှာ ကျောင်းမှသင်လိုက်သည့် စာတွေကို ပြန်လည်လေ့ကျင့်သင်ကြားပေးမယ်ဆိုတာထက် ကျောင်းမှ ဖြည့်ဆည်းပေးနိုင်ခြင်းအားနည်းနေသေးတဲ့ သင်ယူမှုနယ်ပယ်တွေအတွက် လေ့ကျင့်သင်ကြားပေးနိုင်သည့် ကျူရှင်ဆိုတာမျိုးက ပိုပြီးဖြစ်သင့်ပါတယ်လို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

Photo Credit : Google

HeinlinZaw@ heinlinzaw