အမှန်တရားတွေကို နက်နက်နဲနဲမသိလို့ရှိရင်

in #steemitboard6 years ago

FB_IMG_1520649270233.jpg

အမှန်တရားတွေကို နက်နက်နဲနဲမသိလို့ရှိရင်

ဦးနှောက်ကောင်းရုံနဲ့ လောကမှာစိတ်ချမ်းချမ်းသာသာနေလို့ မရသေးဘူး ဦးနှောက်ဆိုတာက အလုပ်လုပ်တတ်တာကိုပြောတာနော် ဦးနှောက်ကောင်းရုံနဲ့ လူ့ဘဝမှာလူပီပီသသ ဘဝကိုပြည့်ပြည့်ဝဝ စိတ်ချမ်းချမ်းသာသာနေလို့ မရသေးပါဘူး နှလုံးသားက အင်မတန်အရေးကြီးပါတယ် နှလုံးသားဆိုတာက မြင့်မြတ်တဲ့သဘောကိုပြောတာ မေတ္တာတို့၊ ကရုဏာတို့ဆိုတာကို ပြောတာပါ။ In the simplest human terms အရိုးဆုံးပြောရမယ်ဆိုရင် depression can be understood as a lost of heart. Depression ဆိုတာကို Lost of heart လို့ နားလည်နိုင်ပါတယ်တဲ့ နှလုံးသားပျောက်ဆုံးသွားတာလို့ နားလည်နိုင်ပါတယ် မြင့်မြတ်မှုပျောက်ဆုံးသွားတာလို့ နားလည်နိုင်ပါတယ် သို့မဟုတ်ရင်လည်းပဲ မျှော်လင့်ချက်ပျောက်ဆုံးတာလို့ နားလည်နိုင်ပါတယ်။

Our basic openness and responsiveness to reality. realityဆိုတာ ဘဝမှာ တကယ်ဖြစ်နေတဲ့အမှန်တရားတွေ၊ အဲဒီအမှန်တရားတွေကို တရားစကားလုံးနဲ့ပြောရမယ်ဆိုရင် ဘယ်လိုပြောမလဲ (ဝိပဿနာတရားအားထုတ်ရင်တော့ အဲဒီအမှန်တရားကို မြင်ရတော့တာပဲ) အမှန်တရားကဘာလဲ စဉ်းစားကြည့်လိုက်ပါ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အဲဒါအမှန်တရားပဲနော် အမှန်တရားကိုသိတယ်၊မြင်တယ်၊ အမှန်တရားနဲ့အညီကျင့်ကြံနေထိုင်တယ်၊ အမှန်တရားကိုလက်ခံနိုင်တယ်ဆိုရင် စိတ်ဓာတ်ကျတဲ့ရောဂါ မဖြစ်ဘူး။
ရုပ်တရားနာမ်တရားတွေရဲ့ မမြဲခြင်း၊
စိတ်ချမ်းသာမှုအပြည့်အဝ မပေးနိုင်ခြင်း၊
ကျေနပ်မှုမရနိုင်ခြင်း၊ လုပ်တိုင်းမဖြစ်ခြင်း၊
အကြောင်းရှိမှဖြစ်ပေါ်ခြင်း၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ခြင်း၊
အဲဒီလိုအမှန်တရားတွေကို နက်နက်နဲနဲမသိလို့ရှိရင် အဲဒါ
"မြင့်မြတ်မှုပျောက်ဆုံးနေပြီ၊ အမှန်တရားနဲ့ကင်းကွာနေပြီ" လို့ ပြောလို့ရတယ်။

သေသေချာချာကြည့်လို့ရှိရင် အနိစ္စဆိုတဲ့ မမြဲခြင်းသဘောကို မြင်ရမယ် အခုမြင် အခုပျောက်သွားတာပဲ ရုပ်တရားနာမ်တရားတွေက ဖြစ်ခြင်းပျက်ခြင်းအင်မတန်မြန်တာမို့လို့ ဖြစ်တယ်လို့သိတဲ့အချိန်မှာကိုပဲ မရှိတော့ဘူး သိရရုံ၊ သိလိုက်ရုံမျှလောက်လေးပဲ ရှိတယ် ပျောက်သွားပြီ။

FB_IMG_1486562336771.jpg

ဒုက္ခဆိုတာကတော့ နည်းနည်းသိမ်မွေ့တယ် ကြာရင်တော့သိလာတယ် အခုချက်ခြင်းပျောက်သွားတာကို အားကိုးလို့ရမလား အားကိုးလို့မရဘူးနော် အဲဒီလို အားကိုးလို့မရတာကိုက ဒုက္ခ ရုပ်တရား နာမ်တရားကို အားကိုးလို့ရသလား တကယ်တမ်းကျတော့ အားကိုးလို့မရဘူး အခုဖြစ်ပြီး အခုပျောက်သွားတာ ကိုယ်လိုချင်သလိုဖြစ်အောင်ဖန်တီးလို့ကော အမြဲတမ်းရနိုင်သလား မရနိုင်ဘူး အကြောင်းရှိမှဖြစ်တာ သူ့သဘောနဲ့သူပဲ သူ့အကြောင်းနဲ့သူ အလိုရှိတိုင်းမဖြစ်ဘူး။

ပြီးတော့ အနတ္တဆိုတာကို emptiness လို့လည်း အဓိပ္ပါယ်ပြန်တယ် အနတ္တရဲ့အဓိပ္ပါယ်တွေက အင်မတန်များပါတယ် emptiness ဆိုတာ "ပုဂ္ဂိုလ်"မရှိခြင်း၊ "အတ္တ"မဟုတ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေပါ တကယ့်ပစ္စုပ္ပန်တည့်အောင်တရားကိုအားထုတ်လို့ အခုဖြစ်ပြီး အခုပဲပျက်သွားတယ်လို့သိတဲ့အချိန်မှာ သူ့အပေါ်မှာ စွဲလန်းမှုမရှိတော့ဘူး ဘယ်ဟာမှ စိတ်ချမ်းသာမှု အပြည့်အဝပေးနိုင်မှာမဟုတ်ဘူးလို့ သိရတဲ့အခါမှာ စိတ်ချမ်းသာမှုများရမလားဆိုပြီးတော့ မျှော်လင့်တောင့်တနေတဲ့စိတ်လည်း မထားတော့ဘူး အကြောင်းရှိမှဖြစ်တယ်၊ ပုဂ္ဂိုလ်သတ္တဝါလည်း မဟုတ်ဘူးဆိုတော့လည်း သူ့ကိုကြည့်ပြီးတော့ ဘယ်ဟာမှ ငါ မဟုတ်ပါလားဆိုတဲ့စိတ်နဲ့ သူ့အပေါ်မှာစွဲလန်းမှု ဥပါဒါန်၊ အတ္တဒိဌိ၊ သက္ကာယဒိဌိဟာ ပါးသွားတယ် လျော့သွားတယ် အဲဒါကြောင့် စိတ်ချမ်းသာသွားတယ် လိုချင်တာတွေရလို့ စိတ်ချမ်းသာသွားတာမဟုတ်ဘူး အမှန်ကိုသိပြီး စွဲလန်းမှုနည်းသွားလို့ စိတ်ချမ်းသာသွားတာ၊ လွတ်လပ်သွားတာ၊ အေးချမ်းသွားတာ။

အဲဒီလိုအသိဥာဏ်ကို ရထားတဲ့သူဟာ ဘာမှမလုပ်ဘဲနဲ့ထိုင်နေမှာလားဆိုတော့ နေမှာ မဟုတ်ဘူးနော် လုပ်သင့်တဲ့ကိစ္စကိုတော့ လုံ့လဝီရိယကြီးကြီးနဲ့ လုပ်နေမှာပဲ ဒုက္ခနည်းအောင်တော့ ကြိုးစားရမှာပဲ ဘာမှမလုပ်ဘဲနေလိုက်ရင် ဒုက္ခက ပျောက်သွားမှာမဟုတ်ဘူး အဲဒီတော့ ခံသင့်တဲ့ဒုက္ခကို လိုလိုချင်ချင်ခံလိုက်တယ် လုပ်သင့်တယ် အကျိုးရှိတယ်ဆိုရင် နေ့ရောညပါ စိတ်ရောကိုယ်ပါ အားသွန်ပြီးတော့လုပ်တယ် အဲဒီလိုလုပ်ရတာကို ကျေနပ်တယ်။ အဲဒီလိုလုပ်ပြီးသွားမှ တစ်ခါ… လုပ်သလိုမဖြစ်တဲ့အခါတော့ ရှိတယ်နော် လုပ်သလို မဖြစ်ရင်လည်း မတတ်နိုင်ဘူး ဆက်ပြီးတော့ကြိုးစားဦးမယ်။
.
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)မြင့်မြတ်မှု ပျောက်ဆုံးနေခြင်း
စာအုပ်မှကူးယူဖော်ပြပါသည်၊၊

FB_IMG_1520904634653.jpg

photo ; google